ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ်တွင် မဲစာရင်းပြင်ဆင်ရန်လျှောက်ထားမှု နှစ်သိန်းခွဲကျော်ရှိပြီး ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ်တွင် မဲစာရင်းပြင်ဆင်ရန်လျှောက်ထားမှု နှစ်သိန်းခွဲကျော်ရှိပြီး ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ပေးလျက်ရှိ
Published 4 August 2015
ဇာလီမြင့်ဦး

ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၄၅ ခု တွင် မဲစာရင်းမှားယွင်းမှုများအတွက် ပြင်ဆင်ရန် လျှောက်ထားမှု နှစ်သိန်းခွဲကျော်ရှိပြီး လက်ရှိတွင် ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားသည်။                 ဦးကိုကိုက "ရန်ကုန်တိုင်းတစ်ခုလုံးမှာ ကပ်ထားခဲ့တာ ၄၅ သိန်းကျော်တယ်။ ဒါက ကျွန်တော်တို့ Display လုပ်ထားတဲ့ မဲဆန္ဒရှင်အရေအတွက်ပေါ့။ အဲဒီထဲမှာလာကြည့်တာ ကခုနစ်သိန်းနီးပါးလောက်ရှိတယ်။ ပုံစံ (၃)နဲ့ နာမည်ဖြည့်သွင်းဖို့တောင်းဆိုတာက တစ်သိန်းသုံးသောင်းကျော်တယ်။ နောက်ပုံစံ ၄ (ဂ) နဲ့ အချက်အလက်တွေပြင်ပေးဖို့တင်တာက ကိုးသောင်းကျော်တယ်။ နောက် ပုံစံ (၄)နဲ့ မဲစာရင်းကနေဖျက်ပေးဖို့ ကန့်ကွက်တာက သုံးသောင်းကျော်တယ်။ ဒါက ဇူလိုင် ၂၁ ရက်အထိ ကျွန်တော်တို့ရယူခဲ့တာပေါ့။ ကျွန်တော်တို့က စာရင်းပိတ်တာက ၃၀ ရက်ဆိုတော့ ကြားထဲမှာ ကိုးရက်လောက်ကျန်တာပေါ့။ လမကုန်ခင် စာရင်းမပိတ်ခင် ကိုးရက်လောက်အလိုက အဲဒီအတိုင်းပဲ။ အဖွဲ့ခွဲတွေမှာ အမှားပြင်ဆင်မှုလုပ်နေတာတွေ အနှောင့်အယှက်ဖြစ်မှာစိုးလို့ ထပ်မတောင်းတော့တာပါ။ အဲဒါတွေ အခုတော့လုပ်နေပြီ၊ ပြင်ဆင်နေပြီ။ ပြင်ဆင်မှုလုပ်ပေးနေတာက သြဂုတ်လကုန်လောက်အထိ မှန်းထားတယ်" ဟု သြဂုတ် ၃ ရက်က ပြောကြားသည်။    ပြည်သူများအနေဖြင့် အခြေခံမဲစာရင်းကြေညာရာတွင် မိမိအမည်မပါဝင်ပါကပုံစံ (၃) ဖြင့်လည်းကောင်း၊ အချက်များမှားယွင်းနေပါက ပုံစံ (၄) (ဂ) နှင့် ထောင်ကျနေသူများ၊ ကွယ်လွန်ပြီးသူများပါဝင်နေပါက ပုံစံ (၄)ဖြင့် ကန့်ကွက်လျှောက်ထားခွင့်ပြုခဲ့ခြင်းဖြစ်သည်။    တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် မဲဆန္ဒရှင်စာရင်းများကို လေးကြိမ်ကပ်ထားကြေညာခဲ့ပြီး စတုတ္ထအကြိမ်အဖြစ် ဇွန် ၂၂ ရက်မှ ဇူလိုင် ၅ ရက်အထိ ကပ်ထားကြေညာခဲ့သော်လည်း တစ်နိုင်ငံလုံး၌ မဲဆန္ဒရှင်စာရင်းများမှားယွင်းပါက ပြင်ဆင်နိုင်သည့်ရက်အား ဇူလိုင်လကုန်အထိ တိုးမြှင့်သတ်မှတ်ပေးထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။    "ပုံစံတွေလက်ခံရက်က တကယ်တမ်းနောက်ဆုံးလက်ခံရမှာက ဇူလိုင် ၅ ရက်နေ့လက်ခံရမှာ။ ဇူလိုင် ၆ ရက်နေ့ကစပြီးတော့ အမှားပြင်ဆင်မှုလုပ်ရမှာ။ အမှားတွေများတယ်ဆိုပြီးပြောကြတော့ ကော်မရှင်ကြီးကလည်း ဒီအပေါ်မှာ စိုးရိမ်ပူပန်ပြီးတော့ ပုံစံတွေကို Extention ပေးလိုက်တာ ဇူလိုင်လ ကုန် ၃၀ ရက်အထိပေးလိုက်တယ်။ ပေးလိုက်တော့ ကျွန်တော်တို့ကော်မရှင်အဖွဲ့ခွဲတွေမှာ Correction လုပ်ဖို့ လေးပတ်လောက်နောက်ကျသွားတယ်။ ကျွန်တော်တို့အလုပ်လုပ်ချိန်သည် ပုံမှန်အချိန်ထက် လေးပတ်လောက်နောက်ကျသွားတယ်။ ဒါကျွန်တော်တို့ကော်မရှင်အဖွဲ့ခွဲတွေအတွက် အကျပ်အတည်းပဲ။ အချိန်မီပြီးအောင်တော့ ကျွန်တော်တို့ကြိုးစားနေပါတယ်။ ဒါတွေပြီးရင်တော့ အပြီးသတ် ကျွန်တော်တို့ကြေညာဦးမှာပါ" ဟု ဦးကိုကိုက ဆက်လက်ပြောကြားသည်။    ရွေးကောက်ပွဲကျင်းပမည့်ရက်အား နိုဝင်ဘာ ၈ ရက်အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားပြီး သြဂုတ်လနောက်ဆုံးပတ်တွင် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်သွားရန်စီစဉ်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဇူလိုင် ၂၂ ရက်တွင် ပြောကြားထားသည်။    တစ်နိုင်ငံလုံးအတိုင်းအတာအဖြစ် ပထမအကြိမ် မဲစာရင်းကြေညာမှုတွင် ရန်ကုန်တိုင်းဒေသကြီးမှ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ဒေါပုံ၊ ဆိပ်ကြီးခနောင်တို၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံ၊ လသာ၊ ကျောက်တံတား၊ လမ်းမတော်နှင့် ကမာရွတ်မြို့နယ်တို့ ပါဝင်ခဲ့သည်။ရန်ကုန်တိုင်းဒေသကြီးမှ ၁၄ မြို့နယ်ဖြစ်သည့် ဒဂုံတောင်ပိုင်းမြို့နယ်၊ ဒဂုံမြောက်ပိုင်းမြို့နယ်၊ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်၊ ခရမ်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ထန်းတပင်မြို့နယ်တို့မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒုတိယအကြိမ်မြောက် မဲစာရင်းကြေညာမှုတွင် ပါဝင်ခဲ့သည်။    ထို့နောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတုတ္ထအကြိမ်မြောက် မဲစာရင်းကြေညာမှုတွင် ရန်ကုန်တိုင်းဒေသကြီးမှ တောင်ဥက္ကလာပ၊ ဗဟန်း၊ လှိုင်၊ ရန်ကင်း၊ ကြည့်မြင်တိုင်၊ ဒလ၊ အလုံ၊တာမွေ၊ မရမ်းကုန်း၊ သာကေတ၊ ကိုကိုးကျွန်း၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ပန်းဘဲတန်း၊ စမ်းချောင်း၊ မင်္ဂလာတောင်ညွန့်၊ တိုက်ကြီး၊ မှော်ဘီ၊ ကော့မှူးနှင့် လှည်းကူးမြို့နယ်တို့ပါဝင်ခဲ့ကြောင်း သိရသည်။