တကသအဖွဲ့ဝင် ကျောင်းသားနှစ်ဦးအား မြို့နယ်တရားရုံးနှစ်ရုံးတွင် ရုံးထုတ်ခဲ့ပြီး ကျောက်တံတားမြို့နယ်တရားရုံးက ကိုနန်းလင်းအား တရားခံပြေးဖြစ်ကြောင်း အမိန့်ချ

တကသအဖွဲ့ဝင် ကျောင်းသားနှစ်ဦးအား မြို့နယ်တရားရုံးနှစ်ရုံးတွင် ရုံးထုတ်ခဲ့ပြီး ကျောက်တံတားမြို့နယ်တရားရုံးက ကိုနန်းလင်းအား တရားခံပြေးဖြစ်ကြောင်း အမိန့်ချ
Published 4 August 2015
ဝေလင်းအောင်၊ ပြည့်ဖြိုးအောင်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေး ဆန္ဒပြတောင်းဆိုမှုကြောင့် အင်းစိန်ထောင်အတွင်း ဖမ်းဆီးခံထားရသည့် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) အဖွဲ့ဝင် ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့အား သြဂုတ် ၄ ရက်တွင် ပန်းဘဲတန်းမြို့နယ်တရားရုံးနှင့် ကျောက်တံတားမြို့နယ်တရားရုံးတို့တွင် သုံးကြိမ်မြောက် ရုံးထုတ်ခဲ့သည်။ယင်းနေ့ရုံးချိန်းတွင် ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့အား ပန်းဘဲတန်းတရားရုံးတွင် ရုံးထုတ်ခဲ့ပြီး ကိုနန်းလင်းအား တရားပြေး ဟုတ် မဟုတ် ဆက်လက်စစ်ဆေးခဲ့ကာ သြဂုတ် ၁၄ ရက်သို့ ရုံးချိန်းချိန်းဆိုခဲ့သည်။ထို့နောက် ကျောက်တံတားမြို့နယ်တရားရုံးတွင် ဆက်လက်ရုံးထုတ်ခဲ့ကာ ကျောက်တံတားမြို့နယ်တရားရုံးမှ ကိုနန်းလင်းအား တရားပြေးအဖြစ် ကြေညာကြောင်း အမိန့်ချခဲ့ပြီး လာမည့်သြဂုတ် ၁၈ တွင် ကျောက်တံတားမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးကို တရားလိုပြသက်သေအဖြစ် စတင်စစ်ဆေးမည်ကြောင်း ကျောင်းသားနှစ်ဦး၏ အကျိုးဆောင်ရှေ့နေထံမှ သိရသည်။"ဒီနေ့ကတော့ ပန်းဘဲတန်းတရားရုံးမှာ ကိုနန်းလင်းကိစ္စကို ဆက်စစ်နေတုန်းပဲ ရုံးချိန်းကို ၁၄ ရက်နေ့ကို ချိန်းလိုက်တယ်။ ဒီကျောက်တံတားမှာကတော့ ကိုနန်းလင်းကို တရားခံပြေးအဖြစ် ကြေညာလိုက်တယ်။ နောက်ရုံးချိန်းမှာ တရားလိုပြသက်သေဖြစ်တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးကို စတင်ပြီးစစ်ဆေးတော့မှာပါ။ ရုံးချိန်းကို ၁၈ ရက်နေ့ချိန်းလိုက်တယ်။ ရုံးချိန်းကတော့ တရားရုံးနှစ်ခုမတူတော့ပါဘူး" ဟု တကသကျောင်းသားခေါင်းဆောင်နှစ်ဦး၏ အကျိုးဆောင်ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက မီဒီယာများအားပြောကြားခဲ့သည်။ ကျောက်တံတားမြို့နယ်တရားရုံးတွင် တရားလိုပြသက်သေငါးဦးအား တင်ပြထားကြောင်း သိရသည်။ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူတို့အပါအဝင် တကသအဖွဲ့ဝင်ကျောင်းသားအချို့နှင့် ပြည်သူများပူးပေါင်း၍ ပြီးခဲ့သည့် ဇွန် ၃၀ ရက်က သိမ်ကြီးဈေးမှ မြို့တော်ခန်းမရှေ့အထိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်းရှိ တပ်မတော်သား၂၅ ရာခိုင်နှုန်းထွက်သွားပေးရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့သဖြင့် ၎င်းတို့ကို ပန်းဘဲတန်းမြို့မရဲစခန်းမှ ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ (ခ)၊ ကျောက်တံတားမြို့မရဲစခန်းမှ ပုဒ်မ ၁၈ တို့ဖြင့် အမှုဖွင့်ဖမ်းဝရမ်းထုတ်ခဲ့ပြီး ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့ကို ယခုလအတွင်း  အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။