အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် အဖွဲ့အစည်းအားလုံး ပါဝင်နိုင်ရေးကို အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) မှ ဆက်လက်ညှိနှိုင်းသွားရန် သဘောတူဆုံးဖြတ်ခဲ့ကြောင်း ဇူလိုင် ၂၆ ရက်မှ ဇူလိုင် ၂၉ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်၌ ကျင်းပခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက ထုတ်ပြန်ခဲ့သည်။
လေးရက်ကြာပြုလုပ်ခဲ့သည့် အဆိုပါ အစည်းအဝေးတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) မှ ရန်ကုန်မြို့၌ ဇူလိုင် ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပခဲ့သည့် (၈) ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ညှိနှိုင်းဆွေးနွေးပွဲရလဒ်များကို ထိပ်သီးခေါင်းဆောင်များထံသို့ အစီရင်ခံတင်ပြခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိပ်သီးခေါင်းဆောင်များသည် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့မှ တင်ပြသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း) ပါ အချက်များ ပြင်ဆင်ဖြည့်စွက်သည့်ကိစ္စ၊ စာချုပ်လက်မှတ်ရေးထိုးမည့် သူများကိစ္စ၊ အသိသက်သေများ ကိစ္စတို့နှင့်ပတ်သက်၍ အတည်ပြုခြင်း၊ လမ်းညွှန်မှုပေးခြင်းနှင့် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့အား ဆက်လက်ညှိနှိုင်းရန် တာဝန်ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အစည်းအဝေးတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရာတွင် အားလုံးပါဝင်ရေးကိစ္စကို အထူးအလေးပေး ဆွေးနွေးခဲ့ကြသည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
NCCT အဖွဲ့ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလကုန်၊ နိုဝင်ဘာလဆန်းပိုင်းတွင် ကချင်ပြည်နယ် လိုင်ဇာဒေသ၌ ကျင်းပခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးရန် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဖွဲ့ဝင် အဖွဲ့အစည်း ၁၆ ဖွဲ့ရှိသည်။
NCCT အဖွဲ့သည် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် တစ်နှစ်ခွဲကျော်ကြာ ညှိနှိုင်းပြီးနောက် ၂၀၁၅ ခုနှစ် မတ်လကုန်ပိုင်းတွင် အပစ်ရပ်စာချုပ်(မူကြမ်း) တစ်စောင်ကို အပြီးသတ်ရေးဆွဲပြီးစီးကြောင်း အတည်ပြုနိုင်ခဲ့ပြီး ယင်းမူကြမ်းကို အပြီးသတ်ဆွေးနွေးညှိနှိုင်း အတည်ပြုနိုင်ရေးအတွက် ၂၀၁၅ ခုနှစ် ဇွန်လတွင် ကရင်ပြည်နယ် လော်ခီးလာဒေသတွင် ကျင်းပခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက NCCT ထက် လုပ်ပိုင်ခွင့်ရှိသည့် အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ် အဖွဲ့ကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
NCCT အဖွဲ့ဝင် အဖွဲ့အစည်းများမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုး တက်ရေးပါတီ (SSPP/SSA)၊ လားဟူ ဒီမိုက ရက်တစ်အစည်းအရုံး (LDU)၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO)၊ ရခိုင်တပ်မတော် (AA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ မြန်မာနိုင်ငံအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (ကိုးကန့်အဖွဲ့-MNDAA) တို့ ဖြစ်သည်။
NCCT အဖွဲ့ဝင်မဟုတ်သည့် အဖွဲ့အစည်းများမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့(UWSA)၊ မိုင်းလားအဖွဲ့(NDAA)၊ နာဂအဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရ ာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) စသည်တို့ဖြစ်သည်။
၀ နှင့် မိုင်းလား လက်နက်ကိုင်အဖွဲ့များသည် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးမည် မဟုတ်ဟု ထုတ်ဖော်ပြောကြားထားသည်။
တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် လက်မှတ်ထိုးရာတွင် NCCT အဖွဲ့ဝင် အဖွဲ့အစည်းအားလုံး ပါဝင်နိုင်ရေး ဆက်လက်ညှိနှိုင်းရန် ဆုံးဖြတ်ခဲ့ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ထုတ်ပြန်