၂၀၁၅ ရွေးကောက်ပွဲတွင် ဒီမိုကရေစီအင်အားစုပါတီများ အနိုင်ရရှိရေး ဆောင်ရွက်ရန်နှင့် ပတ်သက်၍ ဇူလိုင် ၂၈ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ၌ ပြုလုပ်သည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် မိတ်ဖက်အဖွဲ့အစည်းများ ညှိနှိုင်းဆွေးနွေးပွဲ ဒုတိယနေ့တွင် တက်ရောက်လာသည့် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြောင်း အဆိုပါညှိနှိုင်းဆွေးနွေးပွဲမှ သတင်းရရှိသည်။
ထို့ပြင် လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီအဖွဲ့အစည်းများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကြား မည်ကဲ့သို့ ချိတ်ဆက်မှုပြုလုပ်၍ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ပူးပေါင်းဆောင်ရွက်မလဲဆိုသည့် ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
UNA အဖွဲ့ဝင်ပါတီတစ်ခုဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က “အဓိက ကတော့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ရှိမယ်။ နောက် မဲစာရင်းအမှန်ရရှိရေး လုပ်ဆောင်မယ့်အဖွဲ့ရှိမယ်။ နောက်တစ်ခါ ရွေးကောက်ပွဲကို ဒီမိုကရက်တစ်အင်အားစုတွေ အများစု အနိုင်ရရှိအောင် တတ်နိုင်ရင် ဒီမိုကရက်တစ်အင်အားစုချည်းပဲ အနိုင်ရရှိအောင် ဘယ်လိုဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြမလဲဆိုတာ အလုပ်အဖွဲ့မှာ ပါလာမှာပါ”ဟု ပြောကြားသည်။
ရခိုင်အမျိုးသားပါတီ (ANP) ဗဟိုအလုပ်အမှုဆောင် ဦးအေးသာအောင်ကလည်း “၂၀၁၅ ရွေးကောက်ပွဲမှာ ဒီမိုကရေစီအင်အားစုတွေ တိုင်းရင်းသားပါတီတွေအနိုင်ရဖို့ ဘယ်လိုလက်တွဲ ပူးပေါင်းပံ့ပိုးဆောင်ရွက်မလဲ။ ဆိုတော့ အခု ဒီအစည်းအဝေးပြီးရင် UNA နဲ့ မိတ်ဖက်ပါတီများ ကော်မတီအဖွဲ့တစ်ခု ဖွဲ့မယ်။ အလုပ်ကော်မတီ။ ဒီကော်မတီက ဒီမိုကရက်တစ်အင်အားစုတွေ အနိုင်ရဖို့ တိုင်းရင်းသားပါတီတွေ အနိုင်ရဖို့ ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးဟောပြောတာတွေ လုပ်နိုင်မယ်ဆိုရင် အကျိုးရှိမယ်”ဟု ပြောကြားသည်။
သို့ရာတွင် ယင်းသို့ စည်းရုံးဟောပြောမှုများ လုပ်ဆောင်နိုင်ရန်အတွက်မူ ဘဏ္ဍာငွေ အခက်အခဲရှိနေသည်ဟု ဦးအေးသာအောင် က ဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲအပြီး ရင်ဆိုင်ရမည့် နိုင်ငံရေးအခြေအနေနှင့် စိန်ခေါ်မှုများအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ဒီမိုကရေစီ တိုင်းရင်းသားခေါင်းဆောင်များအကြား မဟာမိတ်ဖွဲ့ပြီး ရွေးကောက်ပွဲကို ဖြတ်သန်းစေချင်သည်ဟု UNA နှင့် မိတ်ဖက်အဖွဲ့အ စည်းများ ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်နေသည့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဆိုသည်။
နှစ်ရက်ကြာ ပြုလုပ်ပြီးဖြစ်သည့် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ ညှိနှိုင်းဆွေးနွေးပွဲတွင် တက်ရောက်လာသည့် ပါတီနှင့် လူမှုအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်နှင့် ပတ်သက်၍ ဘုံသဘောထား ၂၂ ချက် ရရှိထားပြီးဖြစ်ကာ ယင်း ၂၂ ချက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး၊ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိစ္စနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာကိစ္စများ ပါဝင်ကြောင်း သိရသည်။
ယခုဆွေးနွေးညှိနှိုင်းပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ နှင့် UNA ၏ မိတ်ဖက်ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့မှ ကိုယ်စားလှယ်များ တက်ရောက်နိုင်ခြင်း မရှိပေ။
NLD ကိုယ်စားလှယ် မတက်ရောက်နိုင်ခြင်းနှင့် ပတ်သက်၍ ဦးစိုင်းလိတ်က“အခြေအနေအမျိုးမျိုးဖြစ်နိုင်ပါတယ်။ တစ်အချက် က ကိုယ်စားလှယ်ရွေးချယ်ရေးနဲ့ ပတ်သက်ပြီး သူတို့အချိန်မလောက်ဘူး။ ရွေးချယ်ရေးအတွက် အလုပ်ရှုပ်နေတာလည်း ဖြစ်ပါလိမ့်မယ်။ နောက်တစ်ချက်က ကျွန်တော်တို့က UNA အဖွဲ့အစည်းဝင် ပါတီတိုင်းကို ရှောင်ပေးဖို့ အဲဒါကို ကမ်းလှမ်းထားတာ အဲဒီအပေါ်မှာ တိကျတဲ့အဖြေ မဆုံးဖြတ်နိုင်သေးလို့ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်”ဟု ဆိုသည်။
တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်များမှာမူ ထိုင်းနိုင်ငံ ချင်းမိုင်တွင် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးနှင့် ဆိုင်သည့် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်နေသောကြောင့် မတက်ရောက်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ဒီမိုကရေစီအင်အားစုပါတီများ အနိုင်ရရှိရေး ဆောင်ရွက်ရန်နှင့် ပတ်သက်၍ UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ ဆွေးနွေး