နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ရည်ရွယ်လုပ်ဆောင်နေသည့် နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားသော လယ်သမား၊ အလုပ်သမား၊ ကျောင်းသားကျောင်းသူများနှင့် တက်ကြွလှုပ်ရှားသူများ၏ မိသားစုများထံသို့ သွားရောက်အားပေးသည့် တနင်္ဂနွေလှုပ်ရှားမှုကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ နိုင်/ကျဉ်းရေးရာ ကော်မတီ အတွင်းရေးမှူး ဦးထွန်းကြည်က ပြောကြားသည်။နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးဆောင်ပြုလုပ်နေသည့် အဆိုပါ တနင်္ဂနွေနေ့ လှုပ်ရှားမှုကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ သန်လျင်၊ တောင်ဒဂုံနှင့် ရွှေပြည်သာမြို့နယ်များတွင် လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ လာမည့် စတုတ္ထအကြိမ်မြောက်ကို သြဂုတ်လအတွင်းတွင် မြောက်ဥက္ကလာပမြို့နယ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ဦးထွန်းကြည်က “နိုင်ငံရေးအကျဉ်းသား မရှိဘူးလို့ ငြင်းတယ်။ လက်ကျန် နိုင်ငံရေးအကျဉ်းသား ကော်မတီကို ဖျက်သိမ်းတယ်။ အခုလောလောဆယ် ရှိနေတာသည် တည်ဆဲဥပဒေကို ချိုးဖောက်ထားတဲ့ ရာဇဝတ် အကျဉ်းသားလို့ သူတို့က ကြေညာထားတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က နိုင်ငံရေး အကျဉ်းသားတွေ ရှိတယ်။ အဲဒီအထဲမှာမှ အလုပ်သမားရော၊ လယ်သမားရော၊ ကျောင်းသားရော၊ တက်ကြွလှုပ်ရှားသူများရော၊ ဝိုင်းရံပြည်သူများရော ဒါတွေသည် နိုင်ငံရေး အကျဉ်းသား ဖြစ်တယ်ဆိုတာကို ထင်ဟပ်ပေါ်လွင်စေတဲ့ လုပ်ရပ်တစ်ခုအနေနဲ့ တနင်္ဂနွေ လှုပ်ရှားမှု ဆိုပြီးတော့ နိုင်ငံရေး အကျဉ်းသားအဖွဲ့က ဦးဆောင်ပြီး ဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုမှာ အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာပြီး လာမည့်ရွေးကောက်ပွဲတွင် လွတ်လပ်စွာ မဲပေးခွင့်၊ ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိစေနိုင်ရေးတို့ အတွက်လည်း ရည်ရွယ်သည်ဟု ၎င်းက ဆိုသည်။ရွေးကောက်ပွဲ မတိုင်ခင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် နိုင်ငံရေးအကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ ပြန်လည်လွတ်မြောက်လာရေးနှင့် အမှုရင်ဆိုင်နေရသူ အားလုံးကို အမှုပိတ်သိမ်းပေးရန်အတွက် ယခုဇူလိုင်လဆန်းက နိုင်ငံတော်သမ္မတထံသို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က စာပေးပို့ တောင်းဆိုထားကြောင်း သိရသည်။“နိုင်ငံရေးအကျဉ်းသား ဦးရေ မြင့်တက်လာလေလေ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အနှောင့်အသွား ဖြစ်လေလေပဲ။ နောက်တစ်ခုက လူ့အခွင့်အရေး ချိုးဖောက်မှုကို အဲဒါနဲ့ တိုင်းတာလို့ ရတယ်။ လောလောဆယ် ရှိနေတာသည် တည်ဆဲဥပဒေကို ချိုးဖောက်ထားတဲ့ ရာဇဝတ်အကျဉ်းသားလို့ပဲ သူတို့က သတ်မှတ်ထားတယ်။ သူတို့ရဲ့အမြင်က လုံခြုံရေးအကြောင်းပြတယ်။ ဥပဒေပြဿနာလို့ မြင်ပြီးတော့ ထောင်သွင်းအကျဉ်းချတယ်။ ကျွန်တော်တို့ရဲ့ အမြင်က အဲဒီလို မဟုတ်ဘူး။ ဒါတွေဟာ နိုင်ငံရေးပြဿနာဖြစ်တယ်။ နိုင်ငံရေး နည်းလမ်းအရ တွေ့ဆုံညှိနှိုင်းဖြေရှင်းပြီး အဖြေရှာရမယ့် အချိန်မှာ လုံခြုံရေး အကြောင်းပြချက်နဲ့ ဥပဒေ ပြဿနာလို့ ခံယူပြီးတော့ ပုဒ်မအမျိုးမျိုး တပ်ပြီးတော့ ဖမ်းဆီးထိန်းသိမ်း ထောင်သွင်းအကျဉ်းချနေခြင်းက အမျိုးသားပြန်လည် သင့်မြတ်ရေးကို အလွန်တရာမှ ထိခိုက်စေတယ်။ တိုင်းပြည်ပုံရိပ်ရော တိုင်းပြည်ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်” ဟု ဦးထွန်းကြည်က ပြောကြားသည်။လက်ရှိတွင် ထောင်ကျနေသည့် နိုင်ငံရေးအကျဉ်းသား ၁၃၀ ကျော်ရှိပြီး နိုင်ငံရေးနှင့် ဆက်နွှယ်ပြီး အမှုရင်ဆိုင်နေရသူ ၄၀၀ ကျော်ရှိနေသည်ဟု ဦးထွန်းကြည်က ဆိုသည်။
နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး တနင်္ဂနွေ လှုပ်ရှားမှုကို နိုင်/ကျဉ်းအဖွဲ့ ဆက်လက်ပြုလုပ်မည်