ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ဇူလိုင် ၂၀ ရက်မှ ၂၆ ရက်အထိ နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလများ၏ လွှတ်တော်များအလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှုအား ထုတ်ပြန်ကြေညာခဲ့ကြောင်း သတင်းရရှိသည်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ နိုင်ငံရေးပါတီ ခုနစ်ပါတီနှင့် တစ်သီးပုဂ္ဂလတို့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၀ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း လေးဦးနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ၂၃ ဦးနှင့် တိုင်းဒေသကြီး/ပြည်နယ်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုးဦး စုစုပေါင်း ၄၆ ဦးတို့၏ အမည်စာရင်းများ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။တင်သွင်းခဲ့သည့် ပါတီ ခုနစ်ပါတီနှင့် ကိုယ်စားလှယ်လောင်း အမည်စာရင်းများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ တိုင်း/ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦး၊ တိုင်း/ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း နှစ်ဦး စုစုပေါင်း ငါးဦး၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦး၊ တိုင်း/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦး စုစုပေါင်း ခုနစ်ဦးတို့ဖြစ်ကြောင်း သိရသည်။လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခဲ့သည့် အခြားပါတီများမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ ၁၄ ဦး၊ စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီမှ သုံးဦး၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီမှ နှစ်ဦး၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) မှ တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။တစ်သီးပုဂ္ဂလများမှ ကိုယ်စားလှယ်လောင်း တင်သွင်းခဲ့သည့် အရေအတွက်မှာ ၁၃ ဦးရှိကြောင်း သိရပြီး အမျိုးသားလွှတ်တော် တစ်နေရာ၊ တိုင်း/ပြည်နယ်လွှတ်တော် ငါးနေရာ၊ တိုင်းရင်းသားလူမျိုး ခုနစ်နေရာတို့အတွက် အမည်စာရင်း တင်သွင်းထားခြင်း ဖြစ်သည်။ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလများ၏ လွှတ်တော်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမည့်ရက်ကို ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၈ ရက်အထိ သတ်မှတ်ပေးထားခြင်းဖြစ်သည်။၂၀၁၅ အထွေထွေရွေးကောက်ပွဲများကို နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။
ဇူလိုင် ၂၀ ရက်မှ ၂၆ ရက်အထိ နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလများ၏ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းမှု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်