တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး အတူတကွ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကို အလေးအနက် တောင်းဆိုကြောင်း တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က ဇူလိုင် ၂၇ ရက်တွင် သဘောထား ထုတ်ပြန်ခဲ့သည်။တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) နှင့် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့၏ ဇူလိုင် ၂၂ ရက်မှ ၂၄ ရက်အထိ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း) ရှစ်ကြိမ်မြောက် ဆွေးနွေးညှိနှိုင်းပွဲအပေါ် UNFC က သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး UPWC နှင့် SD တို့၏ ဆွေးနွေးပွဲသည် အပြုသဘောဆောင်သည့် ဆွေးနွေးပွဲအဖြစ် သတ်မှတ်သည်ဟု ဖော်ပြထားသည်။တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှတစ်ဆင့် နိုင်ငံရေး ဆွေးနွေးပွဲဖြင့် တိုင်းပြည်၏ အခြေခံနိုင်ငံရေး ပြဿနာ အရပ်ရပ်ကို ငြိမ်းချမ်းစွာ အဖြေရှာကြမည်ဟု ပြောဆိုနေသော်လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ဖော်ဆောင်နိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံး အတူတကွ ပါဝင်လက်မှတ်ရေးထိုးရေးကိုမူ အစိုးရဘက်မှ လက်မခံဘဲ အကြောင်းအမျိုးမျိုးပြကာ ငြင်းပယ်နေကြောင်း၊ တစ်ပြိုင်နက်တည်းတွင်ပင် မိမိတို့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအပေါ် ဝိုင်းဝန်းအထောက်အကူ ပြုပေးကြမည့် နိုင်ငံတကာ အသိသက်သေများအဖြစ် ပါဝင် လက်မှတ်ရေးထိုးရေးကိုလည်း ကန့်သတ်နေသည်ဟု UNFC ၏ သဘောထား ကြေညာချက်တွင် ပါရှိသည်။တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိနိုင်ရေးအတွက် ယုံကြည်မှု တည်ဆောက်ရေးကို ပျက်ပြားစေသော အစိုးရ၏ လက်ရှိထိုးစစ်ဆင်မှုများ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ရပ်တန့်ပေးရန် လိုအပ်ပြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံး အတူတကွ ပါဝင်လက်မှတ်ရေးထိုးရေးနှင့် လုံလောက်သော နိုင်ငံတကာနှင့် ပြည်တွင်း အသိသက်သေများ ပါဝင်လက်မှတ်ရေးထိုးရေး တို့ကိုလည်း လက်တွေ့ဖော်ဆောင်နိုင်ရန် လေးနက်စွာ တောင်းဆိုလိုက်သည်ဟု UNFC ၏ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း) ရှစ်ကြိမ်မြောက် ဆွေးနွေးပွဲ ကျင်းပနေစဉ်အတွင်း အစိုးရ တပ်မတော်၏ လက်တွေ့မြေပြင် ထိုးစစ်ဆင်မှုများ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် စဉ်ဆက်မပြတ် ဖြစ်ပေါ်လျက် ရှိနေသည်ကို တွေ့မြင်နေရကြောင်း၊ ယင်းအခြေအနေသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သို့ ရောက်ရှိနိုင်ရန်အတွက် အနှောင့်အယှက် ပြုနေသကဲ့သို့ ဖြစ်နေသည်ဟု သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး စစ်မှန်သည့် ငြိမ်းချမ်းရေးကို အမှန်တကယ် တည်ဆောက်လိုပါက အကြောင်းအမျိုးမျိုးပြ၍ ပြုလုပ်နေသော အစိုးရ တပ်ဖွဲ့များ၏ လက်ရှိ မြေပြင်ထိုးစစ်ဆင်နေမှုများကို ခြွင်းချက်မရှိ ရပ်တန့်ပြီး စားပွဲဝိုင်းတွင် ငြိမ်းချမ်းစွာ အဖြေရှာရန် UNFC က တိုက်တွန်းထားသည်။တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းက “ကျွန်တော်တို့ဘက်ကလည်း နိုင်ငံတော် အကြီးအကဲတွေကို မေတ္တာရပ်ခံထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နံပါတ်တစ်အနေနဲ့ တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့အစည်းတွေကို ချန်ထားပြီးမှ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးတယ်ဆိုတာ ဒါ သဘာ၀ မကျဘူး။ အပစ်ခတ် ရပ်စဲရေး စာချုပ်ချုပ်တယ်ဆိုတာ တိုက်ပွဲတွေရှိလို့ချုပ်တာ ဖြစ်တယ်။ အဲဒီအတွက်ကြောင့် တိုက်ပွဲဖြစ်နေတဲ့ အဖွဲ့အစည်းအားလုံး ပါဝင်လက်မှတ်ရေးထိုးဖို့ လိုတယ်ဆိုတာကို ကျွန်တော်တို့အနေနဲ့ တင်ပြတယ်။ နောက် ဒုတိယအနေနဲ့က ခုနက လားဟူတို့၊ ANC တို့လို ဟာမျိုးကို ချန်ထားတယ်ဆိုတာ သူတို့ အင်အားနည်းလို့ ချန်ထားတာမျိုးက ကျွန်တော်တို့ အင်အားနည်းပါးတဲ့ အဖွဲ့တွေကို ချန်ထားလိုက်လို့ရှိရင် နောက်နောင်မှာ ဘာဖြစ်မလဲဆိုတော့ ငါတို့ အင်အားနည်းပါးလို့ ချန်ထားခံရတယ်။ ငါတို့ အင်အားကြီးအောင်လုပ်မယ် ငါတို့ တိုက်ပွဲရှိန် မြှင့်မယ်ဆိုတဲ့ စစ်ဝါဒကို ကျွန်တော်တို့ အားပေးသလို ဖြစ်သွားမယ်။ အဲဒီ အတွက်ကြောင့် အင်အားနည်းပါးလို့လည်း ကျွန်တော်တို့ မချန်ထားသင့်ဘူး။ တိုက်ပွဲဖြစ်နေလို့လည်း မချန်ထားသင့်ဘူး။ အားလုံးပါဝင်ပြီးတော့မှ အားလုံးပါဝင် လက်မှတ်ရေးထိုးမှပဲ ဒီစာချုပ်က ခိုင်မာမယ်။ ပြည်သူလူထုကလည်း ယုံကြည်မယ်။ ကျွန်တော်တို့ တိုင်းရင်းသားတွေကလည်း စိတ်ချလက်ချနဲ့ ရှေ့ဆက်သွားနိုင်မယ်လို့ ကျွန်တော်တို့ တင်ပြထားပါတယ်” ဟု ပြောကြားသည်။ဆက်လက်၍ ၎င်းက “အသိသက်သေ အနေနဲ့လည်း ကျွန်တော်တို့ ဆွေးနွေးတယ်။ သူတို့ ပြန်လည်တင်ပြပေးမယ်လို့ ပါတယ်။ ဆိုတော့ နိုင်ငံတကာမှာ အာဆီယံရယ်၊ UN ရယ်၊ EU ကို တင်တယ်။ သူတို့ကလည်း သူတို့အနေနဲ့ ဒါကို စဉ်းစားပေးမယ်လို့ ပြောတယ်။ ပြီးတော့ ပြည်တွင်းအသိသက်သေတွေ အနေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နာမည်နဲ့ ဖော်ပြပြီးတော့ ဦးခွန်ထွန်းဦးကို နာမည်နဲ့ ဖော်ပြတယ်” ဟု ပြောကြားသည်။
တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး အတူတကွ ပါဝင် လက်မှတ်ရေးထိုးနိုင်ရေး UNFC တောင်းဆို