ပါတီများ၊ လက်နက်ကိုင် အဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများ ပါဝင်မည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် မိတ်ဖက်နိုင်ငံရေး အဖွဲ့အစည်းများ၏ တတိယအကြိမ်မြောက် အစည်းအဝေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ဇူလိုင် ၂၇ ရက် (ယနေ့) တွင် စတင်ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဆွေးနွေးပွဲကို ဇူလိုင်၂၉ ရက်အထိ သုံးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ UNA နှင့် မိတ်ဖက်နိုင်ငံရေး အဖွဲ့အစည်းများဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အပါအဝင် နိုင်ငံရေးပါတီများ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကယန်းပြည်သစ်ပါတီ (KNSP)၊ ရှမ်းပြည်ပူး ပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများအား ဖိတ်ကြားထားကြောင်း သိရသည်။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက ပြုလုပ်ခဲ့သည့် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ဒုတိယအကြိမ် နိုင်ငံရေး ဆွေးနွေးပွဲတွင် နိုင်ငံရေးပြဿနာ အရပ်ရပ်ကို တွေ့ဆုံဆွေးနွေး အဖြေရှာသော နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းရန်၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ လျင်မြန်စွာ ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ မိတ်ဖက်နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများနှင့် လူထုအခြေပြု အဖွဲ့အစည်းများအကြား ဟန်ချက်ညီစွာဖြင့် စည်းစည်းလုံးလုံး အပြန်အလှန် ပူးပေါင်းဆောင်ရွက် သွားကြရန် သဘောတူညီခဲ့ကြပြီး သဘောတူ ညီချက်များ အကောင်အထည်ဖော်ရေး ၁၅ ဦးပါ လုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့သည်။
ယခုပြုလုပ်မည့် အစည်းအဝေးတွင် အဆိုပါ ၁၅ ဦးကော်မတီ၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခြင်းနှင့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး၊ လက်ရှိနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးအဖြေရှာ သွားမည်ဖြစ်ကြောင်း UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားထားသည်။
UNA ခေါင်းဆောင်တစ်ဦးဖြစ်သူ ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်က “အဓိကကတော့ လက်ရှိနိုင်ငံရေး အခင်းအကျင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးကိစ္စတွေ၊ နောက်တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအပြီး လုပ်ဆောင်မယ့် နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ပါမှာပါ” ဟုဆိုသည်။
အဖွဲ့ဝင်ပါတီများမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်၊ ကရင်အမျိုးသား ပါတီတို့ဖြစ်သည်။
ပါတီများ၊ လက်နက်ကိုင် အဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများ ပါဝင်မည့် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ နိုင်ငံရေးဆွေးနွေးပွဲ ယနေ့စတင်မည်