အပစ်ရပ်စာချုပ်ချုပ်ဆိုရာတွင် ပါဝင်စေမည့် နိုင်ငံတကာအသိသက်သေများနှင့်ပတ်သက်၍ UPWC က အစိုးရခေါင်းဆောင်များထံ နိုင်ငံတကာဆက်ဆံရေးကိစ္စများ ထည့်သွင်းတင်ပြရန်ရှိ

အပစ်ရပ်စာချုပ်ချုပ်ဆိုရာတွင် ပါဝင်စေမည့် နိုင်ငံတကာအသိသက်သေများနှင့်ပတ်သက်၍ UPWC က အစိုးရခေါင်းဆောင်များထံ နိုင်ငံတကာဆက်ဆံရေးကိစ္စများ ထည့်သွင်းတင်ပြရန်ရှိ
Published 24 July 2015

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုရာတွင် နိုင်ငံတကာအသိသက်သေများ ထည့်သွင်းရေးနှင့်ပတ်သက်၍ အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ဘက်မှ နိုင်ငံတကာဆက်ဆံရေးကဲ့သို့သော အချက်များကို နိုင်ငံတော်သမ္မတနှင့် UPCC ခေါင်းဆောင်များထံတင်ပြကာ ဆုံးဖြတ်ချက်ရယူရန်ရှိကြောင်း UPWC အဖွဲ့ဝင် Myanmar Peace Center မှ ဦးလှမောင်ရွှေက ဇူလိုင်၂၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။  ဦးလှမောင်ရွှေက "အစိုးရဘက်ကတော့ ပြည်တွင်းကသက်သေ သို့မဟုတ် observer အဖြစ် ဖိတ်တာကတော့ အခက်အခဲဘာမှမရှိပါဘူး။ ဒါပေမဲ့ နှစ်ဖက်အဖွဲ့အစည်း ညှိနှိုင်းပြီးတော့ ဆောင်ရွက်မယ်ဆိုတာတော့ အသိပေးတာရှိတယ်။ နိုင်ငံတကာသက်သေတွေ လက်မှတ်ထိုးတဲ့ကိစ္စကတော့ အစိုးရဘက်ကတော့ သူတို့ရဲ့အချုပ်အခြာအာဏာရယ်၊ နောက်တစ်ခုကတော့ သူတို့ရဲ့ နိုင်ငံတကာဆက်ဆံရေးနဲ့ ဒီလိုအနေအထားတွေအပေါ်မှာ ထည့်သွင်းပြီးတော့မှ ဗဟိုကော်မတီကို တိုင်းရင်းသားတွေ အဆိုပြုတာကို တင်ပြပြီး အကြောင်းပြန်မယ်လို့တော့ သိထားပါတယ်" ဟု ပြောကြားသည်။"ကျွန်တော်တို့တိုင်းရင်းသားတွေဘက်ကတော့ အရင်ကတည်းက တင်ထားတာရှိပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ပါစေချင်တယ်။ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်၊ အီးယူကတာဝန်ရှိတဲ့သူတွေ၊ နိုင်ငံခုနစ်နိုင်ငံကနေပြီးတော့မှ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ ပါစေချင်တယ်။ ဒီဆွေးနွေးပွဲမှာလည်းပဲ နဂိုတင်တဲ့အတိုင်းတင်တယ်။ အစိုးရဘက်ကလည်း ဒါကိုပြန်တင်ပြမယ်လို့ ဆွေးနွေးပါတယ်။ ပြည်တွင်းမှာတော့ တပ်ပေါင်းစုအသီးသီးက ပုဂ္ဂိုလ်များ၊ နောက်ပါတီကြီးတွေ၊ တိုင်းသူပြည်သားအားလုံးကလေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်စေချင်ပါတယ်။ အစိုးရဘက်ကတော့ အပေါင်းလက္ခဏာဆောင်တဲ့ ဆွေးနွေးမှုတွေ ကျွန်တော်တို့ရခဲ့ပါတယ်။ ဒါတွေက ဖြစ်လာလိမ့်မယ်လို့လည်း ယူဆပါတယ်" ဟု တိုင်းရင်းသားလက်နက်ကိုင် အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒုတိယအဖွဲ့ခေါင်းဆောင် (၂) ပူးဇင်ကျုံးက ပြောကြားသည်။အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD) သည်၂၀၁၅ မတ် ၃၁ ရက်တွင် UPWC နှင့် NCCT ကိုယ်စားလှယ်များအကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အတည်ပြုမူကြမ်း)အပေါ် လော်ခီးလာညီလာခံမှ ပြန်လည်အဆိုပြုလာသည့်အချက် ၁၃ ချက်အား အခြေခံလျက် သဘောတူစာချုပ် (အတည်ပြုမူကြမ်း)ကို အချောသပ်သည့် ဆွေးနွေးညှိနှိုင်းခြင်းကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ထို့နောက် နောက်တစ်ကြိမ်ဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ် သြဂုတ်လပထမပတ်တွင်ကျင်းပရန် နှစ်ဖက်ကိုယ်စားလှယ်များ သဘောတူကြောင်းနှင့် ၎င်းညှိနှိုင်းဆွေးနွေးပွဲတွင် စာချုပ်(အတည်ပြုမူကြမ်း) အချောသပ်ခြင်း အပြီးဆောင်ရွက်နိုင်ရန် နှစ်ဖက်ကိုယ်စားလှယ်များ ကြိုးပမ်းဆောင်ရွက်ကြရန် သဘောတူကြောင်း ဇူလိုင် ၂၄ ရက် ဆွေးနွေးပွဲအပြီးတွင် ထုတ်ပြန်ခဲ့သည်။  အဆိုပါရှစ်ကြိမ်မြောက် တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေးအတွက် စာချုပ်မူကြမ်းညှိနှိုင်းမှုဆွေးနွေးပွဲသို့ တက်ရောက်ကြသည့် နှစ်ဖက်ကိုယ်စားလှယ်များသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အတည်ပြုမူကြမ်း)အမြန်ဆုံးချုပ်ဆိုနိုင်ရေးနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများကို အမြန်ဆုံးကျင်းပကာ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။