ရွေးကောက်ပွဲတွင် ကယားပြည်နယ်မှ ဝင်ပြိုင်မည့်ပါတီ ရှစ်ခုအထိရှိနေပြီး ပါတီအချို့၏ ငွေကြေးသုံးစွဲ မဲဆွယ်မည့် အခြေအနေက စိန်ခေါ်မှုဖြစ်နေဟု ကယားတိုင်းရင်းသားပါတီ ခေါင်းဆောင်များ ပြောကြား

ရွေးကောက်ပွဲတွင် ကယားပြည်နယ်မှ ဝင်ပြိုင်မည့်ပါတီ ရှစ်ခုအထိရှိနေပြီး ပါတီအချို့၏ ငွေကြေးသုံးစွဲ မဲဆွယ်မည့် အခြေအနေက စိန်ခေါ်မှုဖြစ်နေဟု ကယားတိုင်းရင်းသားပါတီ ခေါင်းဆောင်များ ပြောကြား
Published 23 July 2015
မခိုင်၊ အောင်ဇော်ထွန်း

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကယားပြည်နယ် မဲဆန္ဒနယ်များမှ ဝင်ပြိုင်မည့်ပါတီ ရှစ်ခုအထိ ရှိနေပြီး ပါတီအချို့၏ ငွေကြေးသုံးစွဲ မဲဆွယ်မည့် အခြေအနေက စိန်ခေါ်မှုဖြစ်နေဟု ကယားပြည်နယ် အခြေစိုက် ကယားတိုင်းရင်းသားပါတီ ခေါင်းဆောင်များက ပြောကြားသည်။
လက်ရှိတွင် ကယားပြည်နယ် မဲဆန္ဒနယ်များမှ ဝင်ပြိုင်ရန် ပြင်ဆင်နေသည့် ပါတီများမှာ ကယားပြည်နယ် အခြေစိုက် ဒေသခံတိုင်းရင်းသား ပါတီနှစ်ခုဖြစ်သည့် ကယားလူမျိုးစု ဒီမိုကရေစီပါတီနှင့် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) တို့အပြင် လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းပြည်နယ်တောင်ပိုင်း အခြေစိုက် ကယန်းအမျိုးသားပါတီတို့ ဖြစ်ကြပြီး တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်မည့် သူများလည်း ရှိကြောင်း သိရသည်။
လာမည့်ရွေးကောက်ပွဲတွင် ဒေသခံပါတီများကြုံတွေ့ရနိုင်သည့် အခက်အခဲများ နှင့်ပတ်သက်၍ ကယားလူမျိုးစု ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးစောဒယ်နီရယ်က “အဓိကစိန်ခေါ်မှုကတော့ ငွေရေးကြေးရေးပေါ့။ မတရားတဲ့ ရွေးကောက်ပွဲ နည်းစနစ်တွေဖြစ်လာမှာလည်း ကြောက်ရတယ်။ ကယားပြည်နယ်ကို ပါတီတော်တော်များများ ဝင်လာမယ်လို့ ကြားနေတာပဲ။ ပါတီများတော့ မဲပေးတဲ့နေရာမှာ ကွဲပြားမှုတော့ ရှိလာမှာပါပဲ။ လက်နက်ကိုင်တွေရဲ့ ခြိမ်းခြောက်ခံရတာတို့ နောက်အထက်စီးကနေ အကျပ်ကိုင်တာတို့ တချို့ပါတီကြီးတွေရဲ့ သြဇာလွှမ်းမိုးမှုတို့ ငွေရေးကြေးရေး သုံးစွဲနိုင်တဲ့ အတိုင်းအတာတို့ မဲဆွယ်စည်းရုံးရေး ကာလမှာ သူတို့ငွေကြေးတွေ အင်အားကောင်းနေတာကိုး။ ကျွန်တော်တို့ ဒေသခံပါတီတွေရဲ့ ငွေကြေးသုံးစွဲနိုင်မှု အင်အားက အင်မတန်မှနည်းတယ်။ ဒါကို အသေအလဲ သူတို့ဖြိုခွင်းနိုင်တာပေါ့” ဟု ပြောကြားသည်။
ကယားလူမျိုးစု ဒီမိုကရေစီပါတီ အနေဖြင့် ပါတီဝင်အင်အား နှစ်သောင်းကျော်ရှိပြီး လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကယားပြည်နယ်မဲဆန္ဒနယ် ၃၀ ကျော်အနက် နေရာ ၂၀ ခန့်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားကြောင်း  သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်နှင့် ၁၈ ရက်များက ကယားပြည်နယ်သို့ လာရောက်သည့် နိုင်ငံတော်သမ္မတ၏ ခရီးစဉ်သည်လည်း ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ခရီးစဉ်တစ်ခုလို့မြင်ကြောင်း ဦးစောဒယ်နီယယ်က ဆိုသည်။
“သမ္မတကြီးရဲ့ ပြီးခဲ့တဲ့ ကယားပြည်နယ်ခရီးစဉ်က ကျွန်တော်ထင်တယ် သမ္မတကလည်း ကယားပြည်နယ်ကို ရုပ်လုံးတစ်ခု အနေနဲ့ လာပြတာ ကျွန်တော်မြင်တယ်။ သူ့ခရီး စဉ်က နိုင်ငံရေးဆန်ဆန်ခရီးစဉ်လို့ ကျွန်တော် မြင်တယ်။ နောက်တစ်ခုက ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ခရီးစဉ်လို့ ကျွန်တော်မြင်တယ်။ သူ့ရည်ရွယ်ချက်က စစ်တုရင်ကစားတာပဲ လို့မြင်တယ်။ သူဝင်မပြိုင်ဘူးပြောတယ်။ ဒုတိယ သက်တမ်းမှာ လူထုကလက်ခံရင် သူဆက် လုပ်မယ်ဆိုတာလည်း သူပြောနေတယ်။ ဒါကြောင့် ဒီစကားတွေဟာ စစ်တုရင်ကစားနေ တဲ့လူတစ်ယောက်လို့ပဲ ကျွန်တော်အဲဒီလို မြင်တယ်။ တွေ့ဆုံပွဲတွေမှာလည်း နိုင်ငံရေး ပါတီတွေကို မဖိတ်ဘူး။ သူ မဖိတ်တာလား ပြည်နယ်အစိုးရက မဖိတ်တာလားတော့မသိဘူး” ဟု ဦးစောဒယ်နီယယ်က ပြောကြားသည်။
လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) ဥက္ကဋ္ဌ ဦးဖိုးရယ်က “ကျွန်တော်တို့ လူတွေက နိုင်ငံရေးနားမလည်တဲ့ လူတွေအများကြီးရှိတယ်။ ကိုယ့်ပြည်နယ်အကျိုး ကိုယ့်လူမျိုး အကျိုးဆိုတာ နားလည်သဘောပေါက်တဲ့ လူထုကနည်းတယ်။ ပိုက်ဆံကလေး ပေးလိုက်မယ်ဆိုလည်း ပါသွားနိုင်တယ်။ ဘာမက်လုံးပဲ ဖြစ်ဖြစ်ပေါ့နော်။ ဝတ္ထုပစ္စည်းငွေကြေး စသဖြင့်ပေါ့နော်။ ဒါဟာ ကျွန်တော်တို့အတွက် စိုးရိမ်စရာတော့ ရှိပါတယ်” ဟု ပြောကြားသည်။
ကယားပြည်နယ်တွင် လူဦးရေနည်းပါးသည့်အတွက် ရွေးကောက်ပွဲတွင် ပါတီပေါင်းများစွာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းအားဖြင့် ရရှိမည့် မဲပျံ့နေပြီး အနိုင်ရရှိရေးမှာ မျှော်မှန်းထားသလောက် လွယ်ကူမည် မဟုတ်ကြောင်း၊ ရိုးရိုးသားသား ပွင့်လင်းမြင်သာအောင် လုပ်ဆောင်ပါက အင်အားကြီးပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဝင်ရောက်ယှဉ်ပြိုင်မှုအပေါ် စိုးရိမ်စရာမရှိဟု ဦးဖိုးရယ်က ဆိုသည်။
ကယားပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဦးတင်ဦးက  “ဦးတို့လူကြီးတွေလည်း အကြိမ်ကြိမ်မှာကြားတာပေါ့။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ တရားမျှတစွာ ယှဉ်ပြိုင်ကြဖို့ မှာထားတာ။ ဦးတို့ဘက်ကလည်း တရားမျှမျှတတနဲ့ ဥပဒေဘောင်ထဲကပဲ ယှဉ်ပြိုင်သွားမှာပါ”  ဟု ပြောကြားသည်။
ဦးဖိုးရယ်က “NLD ကတော့ အခြားမြို့ နယ်တော့ ကျွန်တော်မပြောတတ်ဘူး။ လွိုင်ကော်မှာ  သူနည်းနည်း ရှိရင်ရှိမယ်။ ကျန်တဲ့ မြို့နယ်ကတော့ သူနည်းနည်း သိပ်မလှုပ်ရှား နိုင်ပါဘူး။ လက်ရှိ ကျွန်တော် တွေ့ရသလောက်တော့။ အခုမှ နည်းနည်းပါးပါး ထလုပ်တာတော့တွေ့တယ်။ ကျွန်တော်တို့ကတော့ NLD အားကောင်းမယ် လူထုလည်း ကြိုက်မယ်ဆိုရင်တော့ ဒါလည်းကျွန်တော်တို့ ရှောင်ပေးမယ်။ နားလည်ပါတယ်။ ကိုယ့်ဒီမိုကရေစီ အင်အားစုအချင်းချင်း အဲဒီလိုမျိုး အမြဲတမ်း ဆောင်ရွက်ဖို့ရှိပါတယ်” ဟု ပြောကြားသည်။
NLD ပါတီအနေဖြင့်လည်း ကယားပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အတည်ပြုသတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒီးမော့ဆိုမြို့ ရူးဖယ်ခူရပ်ကွက်မှ ကိုဂျွန်အဲရစ်က “ပြည်သူအပေါ် အကောင်းဆုံး လုပ်ဆောင်ပေးနိုင်တဲ့ ပါတီကိုတော့ မဲပေးချင်တာပေါ့။ ဒီမှာ လူမျိုးပေါင်းစုံပါတီရှိမယ်။ ကယားလူမျိုးစုလည်းရှိမယ်။ ကယန်းလည်းရှိမယ်။ ဒီပါတီတွေကို ကြိုက်ပါတယ်။ တိုင်းရင်းသား အချင်းချင်းမို့လို့ပါ။ ကိုယ့်လူမျိုးအချင်းချင်းပဲ အားပေးမှာပေါ့” ဟု ပြောကြားသည်။
ကယားပြည်နယ်တွင် မြို့နယ် ခုနစ်မြို့ နယ်ရှိပြီး လူဦးရေ နှစ်သိန်းရှစ်သောင်း (၂၈၀၀၀၀) ကျော်ရှိကာ မဲပေးနိုင်သူ တစ်သိန်း ခုနစ်သောင်း (၁၇၀၀၀၀) ဝန်းကျင်ရှိကြောင်း သိရသည်။                 
 

Most Read

Most Recent