ဝန်ထမ်းသက်တမ်း ၆၀ နှစ်ထက်ပိုလုပ်ချင်သူများသည် စီးပွားရေးအဆင်မပြေ၍ လုပ်ချင်သူများသာဖြစ်ပြီး ရာထူးအာဏာကြောင့် မထွက်လိုခြင်းသည်မဖြစ်သင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။နိုင်ငံ့ဝန်ထမ်းများ၏သက်တမ်းကို ယခုကျင့်သုံးနေသော အသက် ၆၀ နှစ်ပြည့်သည့်နေ့ရက်တွင် အငြိမ်းစားယူသည့်စနစ်ဖြင့်သာ ဆက်လက်ထားရှိရေးအတွက် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုတစ်ရပ်ကို ဇူလိုင် ၈ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးပါတီဝင် လွိုင်ကော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ညိုကတင်သွင်းခဲ့ပြီး ဇူလိုင် ၉ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အဆိုအား အတည်ပြုရန် ဆွေးနွေးရာ၌ ဦးခိုင်မောင်ရည်က ထောက်ခံဆွေးနွေးခဲ့ခြင်းဖြစ်သည်။"ကျွန်တော်တို့အသက် ၆၀ ထိ အလုပ်လုပ်ကြရတာဟာ တော်တော်များသွားပါပြီ။ အသက် ၆၀ ထက်ပိုလုပ်ချင်တဲ့သူတွေဟာ သူ့ဘဝမှာ စီးပွားရေးအဆင်မပြေမှုတွေရှိသေးလို့သာ ဆက်လုပ်ချင်သေးတဲ့ ဝန်ထမ်းတွေဖြစ်ပါတယ်။ ရာထူးအာဏာကြောင့် မထွက်ချင်သေးဘူးဆိုတာမျိုးကတော့ မရှိသင့်ပါဘူး။ မဖြစ်သင့်ပါဘူး။ အသက်ကန့်သတ်မှုမလိုတဲ့ နိုင်ငံရေးလုပ်ချင်ရင် လုပ်လိုကလုပ်နိုင်ပါတယ်။ လွှတ်တော်ထဲမှာ အသက် ၆၀ ကျော်တွေ များနေတယ်ဆိုတာ ဒါနိုင်ငံရေးလုပ်တာပါ။ ကျွန်တော်တို့က ဝန်ထမ်းလုပ်တာမဟုတ်ပါဘူး။ ဝန်ထမ်းနဲ့နိုင်ငံရေးတာဝန်ခွဲခြားဖို့ သိဖို့လိုအပ်ပါတယ်" ဟု ဦးခိုင်မောင်ရည်ကပြောကြားသည်။ထို့ပြင် ပညာရှင်များခါးဆက်ပြတ်မည်ကို စိုးရိမ်စရာမလိုကြောင်း၊ ပညာရှင်များအား ဝန်ထမ်းတာဝန်ပြီးဆုံးပါက ပြင်ပတွင် ၎င်း၏လုပ်ငန်းကျွမ်းကျင်မှုပေါ်မူတည်၍ ကုမ္ပဏီများ၊ အင်န်ဂျီအို၊ အိုင်အင်န်ဂျီအိုများတွင် အလုပ်လုပ်ကြကြောင်း၊ ဝန်ထမ်းလစာထက် ပိုများသည့်လစာများဖြင့် လုပ်ကိုင်နေကြသည်ကိုတွေ့ရကြောင်း ၎င်းကဆိုသည်။"ခါးဆတ်ပြတ်မှာစိုးရိမ်ဖို့ ကျွန်တော်တို့တာဝန်မဟုတ်ပါဘူး။ အရင်လူတွေထက် နောက်လူတွေက ပိုပြီးတော်တယ်ဆိုတာကို လက်ခံကြရပါမယ်။ ခေတ်ရေစီးကြောင်းကို ကျွန်တော်တို့က ရပ်တန့်ဖို့မသင့်ပါဘူး။ နိုင်ငံက ရှေးယခင်ကထက် ရုပ်ပိုင်းဆိုင်ရာအတက်ပညာပိုင်းဆိုင်ရာတွေ အနေအထားအားလုံး တိုးတက်ပြောင်းလဲလာတာကို ကျွန်တော်တို့အားလုံး လုပ်ခံကြရမှာဖြစ်ပါတယ်" ဟု ဦးခိုင်မောင်ရည်က ပြောကြားသည်။ထို့ပြင် အသက် ၆၀ နှစ်ထက် ပိုလုပ်လိုသည့်ဆန္ဒရှိသည်ဆိုပါက နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဆန္ဒများကို အရင်ဆုံးရယူရန်လိုအပ်ပြီး ဆွေးနွေးပွဲများလုပ်သင့်ကြောင်း၊ အကယ်၍မဖြစ်မနေလုပ်ရမည်ဟု အဖြေထွက်လာပါက နောက်လာမည့် လွှတ်တော်နှင့် အစိုးရသက်တမ်းကျမှသာ ဆွေးနွေးစဉ်းစားသင့်ကြောင်း ၎င်းကပြောကြားသည်။အလားတူ ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမန်းကံညွန့်က " ၆၃ နှစ်တိုးမှာကိုတော့ လူနည်းစုပဲလိုချင်မှာပါ။ ဝန်ထမ်းအများစုကတော့ ပျော်ရွှင်နှစ်သက်မှာမဟုတ်ပါဘူး။ ကျွန်တော်တပ်မတော်မှာ ဗိုလ်မှူးကြီးဘ၀ ၂၀၀၁ ခုနှစ် ကနေ ၂၀၁၀ ထိ ၁၀ နှစ်လုပ်ခဲ့ရပါတယ်။ တိုက်ခိုက်ရေးတပ်တွေလည်း နေခဲ့ရပါတယ်။ ရာထူးရခါစတက်ကြွသလောက် ကြာလာလေစိတ်ပျက်လေထွက်ချင်လေပါပဲ။ ကြီးတဲ့သူကလည်း အထင်မကြီးသလို ငယ်တဲ့သူကလည်း မလေးစားတော့ပါဘူး။ အသက် ၆၀ ပြည့်မယ့်ရက်ကို စိတ်ပျက်ပြီး ငြီးငွေ့စွာစောင့်စားရင်း တာဝန်တွေကိုထမ်းဆောင်ခဲ့ရတာ တာဝန်တွေကျေပွန်ခဲ့ရလားလို့ ကိုယ့်ကိုယ်ကိုယ်သံသယဖြစ်မိပါတယ်။ ဒါဟာလူသားတိုင်းခံစားကြရတဲ့ ခံစားမှုစိတ်ထားပါ။ ဒါကြောင့် သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်၊ ကြွေချိန်တန်ကြွေတာ သဘာဝအရ အကောင်းဆုံးပါပဲ။ နားချိန်တန်လျက် သုံးနှစ်ဆက်လုပ်ရလို့ တာဝန်ကျေပါ့မလား။ တာဝန်မကျေမှုထက် သူ့နေရာအစားထိုးဝင်မယ့် အဆင့်ဆင့်သော ဝန်ထမ်းငယ်များရဲ့ တက်ကြွစွာ တိုင်းပြည်ကျေပွန်မှုကိုရယူတာ တိုင်းပြည်အတွက် ဌာနအတွက် မိမိမိသားစုအတွက်ပါကောင်းပါတယ်" ဟုဆွေးနွေးသည်။
ဝန်ထမ်းသက်တမ်း ၆၀ နှစ်ထက်ပိုလုပ်ချင်သူများသည် စီးပွားရေးအဆင်မပြေ၍ လုပ်ချင်သူများသာဖြစ်ပြီး ရာထူးအာဏာကြောင့် မထွက်လိုခြင်းသည် မဖြစ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဆွေးနွေး