လိုင်စင်ရ စင်ကာပူနိုင်ငံမှ OCBC ဘဏ်ကို တရားဝင် စတင်ဖွင့်လှစ်လိုက်ပြီး ပြည်တွင်းဘဏ် ၁၀ ခုနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

လိုင်စင်ရ စင်ကာပူနိုင်ငံမှ OCBC ဘဏ်ကို တရားဝင် စတင်ဖွင့်လှစ်လိုက်ပြီး ပြည်တွင်းဘဏ် ၁၀ ခုနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
Published 2 July 2015
နွဲ့ယဉ်အေး၊ သန်းထိုက်အောင်

မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိသည့် စင်ကာပူနိုင်ငံမှ OCBC ဘဏ်ကို ဇူလိုင် ၂ ရက်တွင် တရားဝင် စတင်ဖွင့်လှစ်လိုက်ပြီး ပြည်တွင်းဘဏ် ၁၀ ခုနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး လိုက်သည်။
OCBC ဘဏ်သည် နိုင်ငံပိုင် ဘဏ်သုံးခုဖြစ်သော မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ခုနစ်ဘဏ်ဖြစ်သော အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ ယူနိုက်တက် အမရဘဏ်တို့နှင့် နားလည်မှု စာချွန်လွှာ MoU လက်မှတ်ရေးထိုး ခဲ့ခြင်းဖြစ်သည်။
အဆိုပါ MoU များမှာ ငွေကြေးစီမံခန့်ခွဲမှု၊ ကုန်သွယ်ရေးဆိုင်ရာ ငွေရေးကြေးရေး ပံ့ပိုးဆောင်ရွက်မှုနှင့် Treasury Solution ဟူသော အရေးပါသည့် ကဏ္ဍများအတွက် လေ့ကျင့်သင်ကြားရေးနှင့် စွမ်းရည်တည်ဆောက် မြှင့်တင်ရေးတို့တွင် ပူးပေါင်းလုပ်ဆောင်ကြရန် အဓိက ရည်ရွယ်ထားကြောင်း သိရသည်။
OCBC ဘဏ်အနေနှင့် မြန်မာနိုင်ငံ ဘဏ်ခွဲတွင် ဒေါ်လာ ၇၅ သန်း ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်ပြီး ပြည်တွင်းဘဏ်များကို သတ်မှတ်မည့် အတိုးနှုန်းကိုမူ အတိအကျ မပြောနိုင်သေးကြောင်း သိရသည်။
“ဖွံ့ဖြိုးဆဲ စီးပွားရေးတွေမှာ ငွေကြေးဈေးကွက်ရဲ့ စည်းမျဉ်းတွေ ဖြေလျှော့ဖို့က အရေးကြီးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က မြန်မာအစိုးရ ချမှတ်ထားတဲ့ စည်းမျဉ်းတွေအားလုံးကို ဖြေလျှော့ပေးဖို့ တောင်းဆိုဖို့ထက် ဗဟိုဘဏ်၊ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ အခြားပြည်တွင်း ဘဏ်တွေနဲ့ပူးပေါင်းပြီး ဘဏ္ဍာရေးဈေးကွက် ဖွံ့ဖြိုးအောင် ပူးပေါင်းလုပ်ဆောင်ချင်ပါတယ်။ ဥပမာ Interbank Market ပိုဖွံ့ဖြိုးအောင် ပူးပေါင်းလုပ်ဆောင် ချင်ပါတယ်။ လက်ရှိ ဒီမှာ က Interbank Market က မရှိသလောက်ဖြစ်နေတော့ ဒီနိုင်ငံအနေနဲ့ ဖွံ့ဖြိုးအောင်ဆက် လက်လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်” ဟု OCBC ဘဏ်၏ Group Chief Executive Officer Mr.Samuel N Tsien က ဆိုသည်။
OCBC ဘဏ်အဖြစ် ဖြစ်ပေါ်လာမည့် Oversea Chinese Bank သည် မြန်မာနိုင်ငံသို့ ၁၉၂၃ ခုနှစ်ကတည်းက စတင်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ၁၉၃၂ ခုနှစ်တွင် အဆိုပါဘဏ် အပါအဝင် အခြားစင်ကာပူဘဏ်နှစ်ခု ပေါင်းစည်းကာ OCBC ဘဏ် ဖြစ်ပေါ်လာခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် မြန်မာ့နိုင်ငံရေး အခြေအနေကြောင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် ကိုယ်စားလှယ်ရုံးအဖြစ် ပြန်လည်လာရောက် ဖွင့်လှစ်ခဲ့သည်။
မြန်မာနိုင်ငံအစိုးရက ဘဏ္ဍာရေးပြုပြင်ပြောင်းလဲမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၁၄ ခုနှစ် အောက်တိုဘာတွင် နိုင်ငံခြားဘဏ်ကိုးဘဏ်ကို အကန့်အသတ်ဖြင့် ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ပေးအပ်ခဲ့သည်။
အဆိုပါဘဏ် ကိုးဘဏ်တွင် စင်ကာပူမှ OCBC ဘဏ်နှင့် UOB ဘဏ်တို့ ပါဝင်ခဲ့သည်။ OCBC ဘဏ်သည် မြန်မာနိုင်ငံတွင် နိုင်ငံခြားကုမ္ပဏီများက ရင်းနှီးမြှုပ်နှံမှုနှင့် စီမံကိန်းများတွင် ဘဏ္ဍာရေးပံ့ပိုးမှုများ ပြုလုပ်ခဲ့သည်။ လက်ရှိ OCBC ရန်ကုန်ဘဏ်ခွဲမှ ငွေကြေးစီမံခန့်ခွဲမှု၊ စီမံကိန်းအလိုက် ငွေချေးမှု၊ နေ့စဉ်လုပ်ငန်းသုံးချေးငွေ ထောက်ပံ့မှု၊ ကုန်သွယ်ရောင်းဝယ်ရေးဆိုင်ရာ ငွေကြေးဝန်ဆောင်မှု၊ ငွေတိုက်စာချုပ်များနှင့် ငွေကြေးဈေးကွက်ဆိုင်ရာ အကြံပေးဝန်ဆောင်မှု စသည့်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို နိုင်ငံခြားကုမ္ပဏီနှင့် ဖက်စပ်လုပ်ငန်းများ၊ ပြည်တွင်းဘဏ်များသို့ ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း သိရသည်။  
 

Most Read

Most Recent