စီမံကိန်းတစ်ပိုင်းတစ်စဖြင့် ရပ်နားထားခဲ့သည့် ထားဝယ်-မြိတ် ရထားလမ်းစီမံကိန်းရှိ ရထားလမ်းတာပေါင်များကြောင့် ထားဝယ်မြို့အနီးတစ်ဝိုက် ရေကြီးရေလျှံမှုများ မကြာခဏဖြစ်ပေါ်နေဟုဆို

စီမံကိန်းတစ်ပိုင်းတစ်စဖြင့် ရပ်နားထားခဲ့သည့် ထားဝယ်-မြိတ် ရထားလမ်းစီမံကိန်းရှိ ရထားလမ်းတာပေါင်များကြောင့် ထားဝယ်မြို့အနီးတစ်ဝိုက် ရေကြီးရေလျှံမှုများ မကြာခဏဖြစ်ပေါ်နေဟုဆို
Published 1 July 2015
ဖြိုးဇင် (ထားဝယ်)

ထားဝယ်မြို့နယ်အနီးဝန်းကျင်တွင် ယခုနှစ်ပိုင်းအတွင်း မိုးရွာသွန်းမှု များပြားချိန်တွင် ရေကြီးရေလျှံမှုများ မကြာခဏဖြစ်ပေါ်နေရခြင်းမှာ စီမံကိန်းတစ်ပိုင်းတစ်စဖြင့် ရပ်နားထားခဲ့သည့် ထားဝယ်-မြိတ်ရထားလမ်းစီမံကိန်းရှိ ရထားလမ်းတာပေါင်များမှ ရေဆင်းလမ်းကြောင်းအား ပိတ်ဆို့ထားခြင်းကြောင့်ဖြစ်ကြောင်း ထားဝယ်ခရိုင် လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောကြားသည်။
 
မိုးရွာသွန်းမှုများပြားချိန်တွင် တောင်ကျရေများ အများအပြားကျဆင်းလာ၍ ရေဆင်းလမ်းကြောင်းများ ကောင်းမွန်စွာမရှိခြင်း  ရေနုတ်မြောင်းများ ကောင်းမွန်စွာမရှိခြင်းနှင့် အဓိကအားဖြင့် ထားဝယ်-မြိတ် ရထားလမ်း၏ တာပေါင်များ၌ ရေဆင်းရန်လမ်းကြောင်း ဖောက်လုပ်ထားမှု နည်းပါခြင်းတို့ကြောင့်  ရေစီးဆင်းရာတွင် အတားအဆီးဖြစ်ပြီး ရေများ လမ်းပေါ်အထိ လျှံတက်လာကာ လမ်းမများ လယ်မြေများနှင့် မြို့တွင်းရပ်ကွက်အချို့သို့ရေဝင်ရောက်ဖုံးလွှမ်းမှုများ ဖြစ်ပေါ်ခဲ့သည်ကို စစ်ဆေးတွေ့ရှိရ ကြောင်း ၎င်းက ပြောကြားသည်။
 
“ထားဝယ်ခရိုင်ထဲမှာ လမ်းရေကျော်မှုတွေ ရေကြီးမှုတွေဖြစ်နေရတဲ့ အဓိကအကြောင်းက ထားဝယ်-မြိတ် ရထားလမ်းပိုင်း တာပေါင်တွေက အထက်ကစီးလာတဲ့ရေကို တားထားသလိုဖြစ်နေတာကြောင့်ပါ။ ရထားလမ်း တာပေါင်က ကားလမ်းထက်မြင့်နေတော့ ရေက မစီးနိုင်တော့ အခုလို လမ်းရေကျော်မှုတွေဖြစ်လာတာပါ။ ထားဝယ်မြို့အထွက် ကျန်းမာရေးလမ်းဘက်မှာဆိုရင် ရထားလမ်းပေါ်မှာ ရေထွက်ပေါက်လုပ်ထားတာ တစ်ခုပဲရှိတယ်။ ပြီးတော့ ရေထွက်လမ်းကိုလည်း သေချာပြုလုပ်ထားတာ မရှိတာတွေ့ ရတယ်။ ကျောက်မော်ရပ်ကွက်ဘက်မှာဆို ရေက ရထားလမ်းတာပေါင်နဲ့ ပိတ်နေလို့ ချောင်းရိုးဘက် မဆင်းနိုင်ဘဲ မြို့ထဲကို စီးသွားပြီး မြို့တွင်းက ရပ်ကွက်အချို့ကို ရေဝင်တာတွေ ဖြစ်လာတာတွေ့ရတယ်။ မြို့တွင်းက ချောင်းတွေလည်း တိမ်ကောနေတော့ ရေစီးဆင်းမှုကို အခက်အခဲဖြစ်နေစေခဲ့တာလည်း စစ်ဆေးတွေ့ရှိရတယ်။ အခုဒီရထားလမ်းက စီမံကိန်းရပ်နားထားတယ်လို့ သိရပြီး အသုံးပြု မှုလည်း သိပ်မရှိပါဘူး။ ဒါကြောင့် ရထားလမ်းကို ထိခိုက်မှုမရှိစေဘဲ ရေထွက်ပေါက်ရအောင် တာပေါင်တွေကိုဖောက်ချဖို့ တိုင်းဒေသကြီး အစိုးရဆီ တင်ပြဆောင်ရွက်နေပါယ်”ဟု ထားဝယ်ခရိုင် လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်က ပြောကြားသည်။
 
ပြီးခဲ့သည့် ဇွန် ၂၂ ရက်မှစ၍ ထားဝယ်ခရိုင် နေရာအနှံ့အပြားတွင် မိုးသည်းထန်ပြီး သုံးရက်ခန့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ အဝေးပြေးကားလမ်းပိုင်းအချို့ ရေကျော်ခဲ့ခြင်းကြောင့် အချို့နေရာများတွင် လမ်းသားများပြိုကျမှုဖြစ်ပွားခဲ့ရာ ထိုသို့ဖြစ်ပွားခဲ့ခြင်းမှာ လမ်းပိုင်းဖောက်လုပ်ရာတွင် အရည်အသွေးနိမ့်ကျမှုကြောင့်မဟုတ်ဘဲ ရေစီးတိုက်စားမှုကြောင့် ပြိုကျခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
 
ရေလျှံကျော်တက်ခဲ့သည့် လမ်းပိုင်းများကို လောလောဆယ် လမ်းပိုင်းမြှင့်တင်ရန် အစီအစဉ်မရှိဘဲ ရေစီးကြောင်းကောင်းမွန်စေရန် ရထားလမ်းတာဘောင်များကို ဖောက်ထုတ်ပြင်ဆင်ရန် ဆောင်ရွက်နေကြောင်း ပြောကြားသည်။            

Most Read

Most Recent