ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တကသ ကျောင်းသားများနှင့် ပြည်သူများ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တကသ ကျောင်းသားများနှင့် ပြည်သူများ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြ
Published 1 July 2015
ကြည်နိုင်၊ အောင်ကျော်ထက်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်းရှိ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေး ရန်ကုန်မြို့လည်ကောင်တွင် ဇွန် ၃၀ ရက်က ကျောင်းသားနှင့် ပြည်သူပူးပေါင်း၍ ဆန္ဒပြရာ ရဲတပ်ဖွဲ့ဝင်များက အကြိမ်ကြိမ် ပိတ်ဆို့တားဆီးသဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ 
 

 
ဆန္ဒပြသည့်ကျောင်းသားများအား တားဆီးနေသည့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်
 

အဆိုပါ ဆန္ဒပြပွဲကို ယင်းနေ့ ညနေ ၃ နာရီခန့်တွင် မဟာဗန္ဓုလလမ်းအတိုင်း သိမ်ကြီးဈေးရှေ့တွင် လူစုပြီး ရန်ကုန်မြို့တော်ခန်းမရှေ့သို့ ချီတက်ဆန္ဒပြခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ လမ်းတစ်လျှောက် သုံးကြိမ် ပိတ်ဆို့တားဆီးခဲ့ပြီး နောက်ဆုံးအကြိမ် တားဆီးမှုတွင် တစ်ဖက်နှင့် တစ်ဖက် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများက အတားအဆီးများမရှိသည့် လမ်းတစ်ဖက်မှ ဖောက်ထွက်ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့သို့ ရောက်အောင်ချီတက်ခဲ့သည်။ 
 

 
ဆန္ဒပြပွဲတွင်ပါဝင်သည့် ကျောင်းသူအချို့အား တွေ့ရစဉ်
 

“ဒီနေ့ဆန္ဒပြတာ နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေး ဖြစ်ပါတယ်။ နောက်တစ်ချက်က ပြည်သူတွေက ဖွဲ့စည်းပုံကို ပြင်ချင်ပါတယ်ဆိုပြီး တဖွဖွပြောပြီးတော့ လက်မှတ်ငါးသန်းနဲ့ တင်ပြခဲ့တာတောင်မှ ၂၅ ရာခိုင်နှုန်းလွှတ်တော် ကိုယ်စားလှယ်တွေက ဂရုမစိုက်ဘဲ လုပ်ချင်တာ လုပ်သွားတဲ့အတွက် အခုလို ဆန္ဒပြရခြင်းဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို နာဂစ်ဖြစ်လို့ တစ်တိုင်းပြည်လုံး ပူဆွေးသောကရောက်နေတဲ့ ၂၀၀၈ ခုနှစ်၊ မေလမှာတောင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကို လုပ်သွားတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အစကတည်းက သန္ဓေမမှန်ပါဘူး ”ဟု ဆန္ဒပြရာတွင် ပါဝင်ခဲ့သော ဒဂုံတက္ကသိုလ်ကျောင်းသား ကိုနန်းလင်းက မြို့တော်ခန်းမရှေ့တွင် ဟောပြောသည်။ 
 

 
ဆန္ဒပြပွဲတွင်ပါဝင်သည့် ကျောင်းသား နှစ်ဦးအား တွေ့ရစဉ်
 

အဆိုပါဆန္ဒပြပွဲကို တားဆီးရာတွင် သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ အရာရှိများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးများနှင့် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးတို့က အဆင့်ဆင့် ပိတ်ဆို့တားဆီးခဲ့သည်။ 
 
“ဒီကနေ့ ကျွန်တော်တို့ သိမ်ကြီးဈေးကနေ ငြိမ်းချမ်းစွာချီတက်ခဲ့မှုမှာလည်း ရဲတပ်ဖွဲ့က အင်အားသုံး ပိတ်ဆို့ခဲ့ပါတယ်။ အဲဒီပိတ်ဆို့မှုမှာ အရင်သာဓကတွေ ရှိခဲ့တာကြောင့် ရိုက်နှက်ဖမ်းဆီးမှုများ မပြုလုပ်ခဲ့ပါဘူး။ ကျွန်တော်တို့ ကျောင်းသားတွေ ပြည်သူတွေနဲ့ လက်တွဲပြီး ဖြတ်ကျော်ခဲ့လို့ မြို့တော်ခန်းမရှေ့ ရောက်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ ပထမရည်ရွယ်ချက် အောင်မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ စစ်တပ်ပါတဲ့ အင်စတီကျူးရှင်းတစ်ခုကို ဖွဲ့စည်းပုံကနေ အခွင့်အာဏာထူးပေးထားလို့ ဆန့်ကျင်ကန့်ကွက်မှု ဒီနေ့လုပ်တယ်။ အတားအဆီးတွေကို ဖြတ်ကျော်နိုင်ခဲ့လို့ ဝမ်းသာပါတယ်”ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဇေယျာလွင်က ပြောကြားသည်။ 
 

 
ဆန္ဒပြသည့်ကျောင်းသားများအား တားဆီးနေသည့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်
 
ထို့ပြင် မတ် ၅ ရက်က ကျောင်းသားသပိတ်ထောက်ခံပွဲ ပြုလုပ်ရာတွင် ရိုက်နှက်ဖမ်းဆီးခံရမှု၊ မတ် ၁၀ ရက်တွင် ကျောင်းသား သပိတ်ဖြိုခွင်းခံရမှုတို့နှင့် ပတ်သက်ပြီးတော့လည်း ကိုဇေယျာလွင်က ဆန္ဒပြပွဲတွင် ဝန်းရံလိုက်ပါလာသော  ပြည်သူများအား ဟောပြောခဲ့သည်။
 

 
ဆန္ဒပြသည့်ကျောင်းသားများအား တားဆီးနေသည့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်
 

 
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် တကသကျောင်းသားများနှင့် ပြည်သူများ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ဟောပြောဆန္ဒပြနေသည်ကို ဇွန် ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
 

Most Read

Most Recent