၂၀၁၄ ခုနှစ်အတွင်း ပြည်တွင်းလေကြောင်းလိုင်းရှစ်ခုမှ လေယာဉ် ၁၇ စင်းဖြင့် ခရီးစဉ်ပေါင်း ငါးသောင်းကျော် ပျံသန်းခဲ့

၂၀၁၄ ခုနှစ်အတွင်း ပြည်တွင်းလေကြောင်းလိုင်းရှစ်ခုမှ လေယာဉ် ၁၇ စင်းဖြင့် ခရီးစဉ်ပေါင်း ငါးသောင်းကျော် ပျံသန်းခဲ့
Published 1 July 2015
ရွှန်းလဲ့ဝင်း

၂၀၁၄ ခုနှစ်အတွင်း ပြည်တွင်းလေကြောင်းလိုင်းရှစ်ခုမှ စုစုပေါင်းလေယာဉ် ၁၇ စီးဖြင့် ခရီးစဉ်ပေါင်းငါးသောင်းကျော်အား ပျံသန်းနိုင်ခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သောသတင်းများအရ သိရသည်။
၂၀၁၄ ခုနှစ်အတွင်း ပြည်တွင်းလေကြောင်းများဖြစ်သည့် မြန်မာအမျိုးသားလေကြောင်း၊ အဲပုဂံ၊ အဲမန္တလေး၊ အေးရှားဝင်းစ်၊ အဲကေဘီဇက်၊ ရန်ကုန်အဲဝေးစ်၊ ရွှေမြန်မာလေကြောင်းလိုင်းနှင့် မန်းရတနာပုံလေကြောင်းလိုင်းစသည့် ပြည်တွင်းလေကြောင်းလိုင်းရှစ်ခုမှ ပြည်တွင်းခရီးစဉ်များအား ပျံသန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါပြည်တွင်းလေကြောင်းလိုင်းရှစ်ခုမှ ATR 72၊ ATR 42၊ F 28၊ MA 60၊ Embraer၊ Beech၊ Caravan၊ A 320  စသည့်လေယာဉ်အမျိုးအစားများဖြင့် ခရီးစဉ်များပျံသန်းခဲ့ကြသည်။
၂၀၁၃ ခုနှစ်တွင် ပြည်တွင်းလေကြောင်းလိုင်းခုနစ်ခုမှ အကြိမ်ရေစုစုပေါင်း ၅၁၇၀၁ ကြိမ်ပျံသန်းခဲ့ပြီး၊ ၂၀၁၄ ခုနှစ်တွင်မူ မန်းရတနာပုံ ပြည်တွင်းလေကြောင်းလိုင်းသစ်တစ်ခု တိုးချဲ့ပျံသန်းခဲ့ပြီး ပြည်တွင်းလေကြောင်းလိုင်းရှစ်ခုမှ အကြိမ်ရေစုစုပေါင်း ၅၀၂၀၁ ကြိမ်ပျံသန်းခဲ့ကြောင်း သိရသည်။
၂၀၁၄ ခုနှစ်အတွင်း ပျံသန်းမှုအကြိမ်အရေအတွက် အများဆုံးလေကြောင်းလိုင်းမှာလည်း မြန်မာအမျိုးသားလေကြောင်းလိုင်းဖြစ်ပြီး၊ ဒုတိယမှာ အဲကေဘီဇက်လေကြောင်းလိုင်းနှင့် တတိယမှာ ရန်ကုန်အဲဝေးစ်လေကြောင်းလိုင်းတို့ဖြစ်သည်။
ပြည်တွင်းလေကြောင်းလိုင်းအသီးသီး၏ ခရီးသည်တင်ဆောင်ပျံသန်းနိုင်မှု ၁၉ သိန်းကျော်ရှိခဲ့ပြီး မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ခရီးသည်ငါးသိန်းကျော်၊ ပျံသန်းခဲ့သည့်အကြိမ်ရေ ၁၆၁၆၆ ကြိမ်ဖြင့် ခရီးသည်အများဆုံး တင်ဆောင်ပျံသန်းနိုင်ခဲ့သည်။
၂၀၁၄ ခုနှစ်အတွင်း ပြည်တွင်းလေကြောင်းလိုင်းအသီးသီး၏ ခရီးသည်တင်ဆောင်ပျံသန်းနိုင်မှုစုစုပေါင်းမှာ ၁၉၅၂၃၅၆ ဦးရှိခဲ့ပြီး၊ ၂၀၁၃ ခုနှစ်ဖြင့် နှိုင်းယှဉ်ပါက ပြည်တွင်းလေဆိပ်များအားလုံးတွင် ခရီးသည်ရရှိမှု တိုးတက်ခဲ့ကြောင်း သိရသည်။
အဆိုပါပြည်တွင်းလေကြောင်းလိုင်းရှစ်ခုတွင် တင်ဆောင်ပျံသန်းခဲ့သည့် ခရီးသည်ဦးရေ အများဆုံးလေကြောင်းလိုင်းမှာ နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းဖြစ်ပြီး ခရီးသည်ဦးရေ ငါးသိန်းကျော်ရရှိခဲ့ကြောင်း သိရသည်။ ဒုတိယခရီးသည် ဦးရေအများဆုံးရရှိခဲ့သည့် လေကြောင်းလိုင်းမှာ အဲကေဘီဇက်လေကြောင်းလိုင်းဖြစ်ပြီး ခရီးသည်ဦးရေ သုံးသိန်းကျော်ရရှိခဲ့သည်။ တတိယခရီးသည် ဦးရေအများဆုံးရရှိခဲ့သည့် လေကြောင်းလိုင်းမှာ ရန်ကုန်အဲဝေးစ်လေကြောင်းလိုင်းဖြစ်ပြီး ခရီးသည်နှစ်သိန်းရှစ်သောင်းကျော်ရရှိခဲ့ကြောင်း သိရသည်။
၂၀၁၄ ခုနှစ်တွင် ပြည်တွင်းလေကြောင်းလိုင်းအသီးသီး၏ ခရီးသည်တင်ဆောင်ပျံသန်းနိုင်မှု ၁၉ သိန်းကျော်ရှိခဲ့ပြီး ယမန်နှစ် ၂၀၁၃ ခုနှစ်တွင် ခရီးသည် ၁၇ သိန်းကျော်သာ တင်ဆောင်ပျံသန်းခဲ့ခြင်းဖြစ်သဖြင့် ခရီးသည်ဦးရေ နှစ်သိန်းကျော် ပိုမိုတိုးတက် တင်ဆောင်ပျံသန်းနိုင်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent