မြန်မာနိုင်ငံတွင် ပထမဆုံးစတင်မည့် ကျပ် သိန်း ၅၀ အထိ လျော်ကြေးရရှိနိုင်သော ကျန်းမာရေးအာမခံ ယနေ့စတင်ထားရှိနိုင်မည်

မြန်မာနိုင်ငံတွင် ပထမဆုံးစတင်မည့် ကျပ် သိန်း ၅၀ အထိ လျော်ကြေးရရှိနိုင်သော ကျန်းမာရေးအာမခံ ယနေ့စတင်ထားရှိနိုင်မည်
Published 1 July 2015
သက်ထား၊ အေးမြတ်မွန်

မြန်မာနိုင်ငံတွင် ပထမဆုံးစတင်မည့် ကျပ်သိန်း ၅၀ အထိ လျော်ကြေးရရှိနိုင်သော ကျန်းမာရေးအာမခံကို ၂၀၁၅ ဇူလိုင် ၁ ရက်နေ့(ယနေ့) တွင် စတင်ထားရှိနိုင်မည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။
ကျန်းမာရေးအာမခံကို တစ်နှစ်စာအတွက် ပရီမီယံကြေးတစ်ယူနစ်လျှင် ကျပ်ငါးသောင်းဖြင့် ရောင်းချမည်ဖြစ်ပြီး အများဆုံး ငါးယူနစ်အထိ ဝယ်ယူထားရှိနိုင်သောကြောင့် သေဆုံးသည့်အခါ လျော်ကြေးပေးလျော်ရာတွင် ကျပ်သိန်း ၅၀ အထိပေးလျော်မည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးအာမခံထားရှိမည့်သူများသည်  အသက် ၆ နှစ်မှ ၆၅ နှစ်အတွင်း မြန်မာနိုင်ငံအတွင်းနေထိုင်သူများနှင့် မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် လာရောက်တာဝန်ထမ်းဆောင်နေသော နိုင်ငံခြားသားများပါ ဝယ်ယူထားရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
"ကျန်းမာရေးစရိတ်တွေပိုတက်လာတဲ့အတွက် စီစဉ်ဆောင်ရွက်ခြင်းလည်းဖြစ်တယ်။ ဆေးကုသမှုကုန်ကျစရိတ်တွေကို အတိုင်းအတာတစ်ခုအထိ သက်သာစေဖို့အတွက် ရည်ရွယ်ပြီးလုပ်ဆောင်တာဖြစ်သလို ကျန်းမာရေးအာမခံထားတဲ့သူတွေကို လျော်ကြေးအနေနဲ့ တစ်ရက်တစ်သောင်းခွဲနှုန်းနဲ့ ရက် ၃၀ စာပေးမယ်။ အာမခံဝယ်ယူထားရင်းနဲ့ မတော်တဆကြောင့် သေဆုံးသွားခဲ့ရင် တစ်ယူနစ်ဝယ်ထားတဲ့သူတွေအတွက် ကျပ် ၁၀ သိန်းပေးလျော်မယ်။ ဒါမှမဟုတ် ဆေးကုသရင်းနဲ့ဆုံးသွားခဲ့ရင် ဆေးရုံတက်ခဲ့တဲ့ရက်အလိုက် ၁၀ သိန်းထဲကနုတ်ပြီး ပေးလျော်မယ်" ဟု မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ဆိုသည်။
ယင်းကျန်းမာရေးအာမခံကို ဝယ်ယူထားရှိသူများအနေဖြင့် ဆေးရုံတက်ရပါက ဆေးရုံတက်စရိတ် ရက် ၃၀ စာအထိပေးမည်ဖြစ်ကာ တစ်ရက်လျှင် ကျပ်တစ်သောင်းခွဲနှုန်းဖြင့် ပေးလျော်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကျန်းမာရေးအာမခံဝယ်ယူထားသူသည် ဝယ်ယူသည့်နေ့မှစတင်ကာ တစ်နှစ်အတွင်းသာ အကျုံးဝင်မည်ဖြစ်ပြီး လျော်ကြေးရယူလိုသူများအနေဖြင့်လည်း သုံးလအတွင်း လျော်ကြေးတောင်းခံရမည်ဖြစ်ကြောင်း သိရသည်။
"လျော်ကြေးပေးလျော်တဲ့အခါမှာ အကျုံးမဝင်ဘူးလို့သတ်မှတ်ထားတဲ့အချက်တွေ က ၁၇ ချက်ရှိတယ်။ သွားအတွက် ဆေးရုံတက်တာတို့၊ မျက်စိခွဲတာတို့၊ အလှအပအတွက်ခွဲတာ၊ ကိုယ်ဝန်ရယူလိုမှု၊ ပျက်ကျမှု၊ ရောဂါလက္ခဏာနဂိုရှိပြီးသူတွေ စတဲ့အချက်တွေက လျော်ကြေးပေးလျော်တဲ့အခါမှာလည်း အကျုံးမဝင်ပါဘူး" ဟု ယင်းကဆက်လက်ပြောကြားသည်။
ကျန်းမာရေးအာမခံကို နှစ်မျိုးခွဲထားကာ မိမိကိုယ်တိုင်ပရီမီယံကြေးပေးကာဝယ်ယူသည့် အာမခံအမျိုးအစားနှင့် နိုင်ငံတော်မှထည့်ဝင်ပေးသည့် အာမခံအမျိုးအစားဟူ၍ နှစ်မျိုးရှိကာ ယခုအကောင်အထည်ဖော်သည့်အာမခံသည် မိမိကိုယ်တိုင် ပရီမီယံကြေးပေးကာ စိတ်ကြိုက်ဝယ်ယူသည့် Private Health Insurance အမျိုးအစားဖြစ်ကြောင်း သိရသည်။
ယင်းအာမခံကို မြန်မာနိုင်ငံတွင် ၂၀၁၄  ခုနှစ် မေလမှစတင်ကာ မြန်မာ့အာမခံ၊ ပုဂ္ဂလိကအာမခံမှတာဝန်ရှိသူများနှင့် ဌာနေကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်ထားသည့် နိုင်ငံခြားအာမခံကုမ္ပဏီများမှ ကိုယ်စားလှယ်များပါဝင်သော Special Task Force ဖွဲ့စည်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent