ဗိုလ်တတောင်မြို့နယ် အမှတ်(၂)၊ (၃) ရပ်ကွက်များရှိ မြေသိမ်းဆည်းခံထားရသူများက ထိုက်သင့်သောလျော်ကြေးရရှိရေး ၁၅ ကြိမ်မြောက် လမ်းလျှောက်ဆန္ဒထုတ်ဖော်

ဗိုလ်တတောင်မြို့နယ် အမှတ်(၂)၊ (၃) ရပ်ကွက်များရှိ မြေသိမ်းဆည်းခံထားရသူများက ထိုက်သင့်သောလျော်ကြေးရရှိရေး ၁၅ ကြိမ်မြောက် လမ်းလျှောက်ဆန္ဒထုတ်ဖော်
Published 1 July 2015
အောင်ကျော်ထက်၊ ဆန်းထူးအောင်

ဗိုလ်တထောင်မြို့နယ် အမှတ်(၂)နှင့်(၃) ရပ်ကွက်များရှိ (စီအိုဒီ၊ ဘီအေအိုဒီဝင်း)မြေသိမ်းဆည်းခံထားရသူများက ၎င်းတို့အား ထိုက်တန်သောလျော်ကြေးငွေ ပေးရန်အတွက် ဇွန် ၃၀ ရက်တွင် ၁၅ ကြိမ်မြောက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
ဆန္ဒထုတ်ဖော်မှုကို ဦးချစ်မောင်အိမ်ရာမှစတင်ခဲ့ပြီး "ဒို့ဘိုးဘွားပိုင်တဲ့မြေ မတရားသိမ်းထားတာ ဘယ်သူတွေလဲ အိုးအိမ်ဦးစီးဌာန ခရိုနီတွေ"၊ အာဏာရှင်စနစ်နဲ့ မြေပိုင်ရှင်ရဲ့ မြေတွေမတရားသိမ်းထားတဲ့ အိုးအိမ်ဦးစီးဌာနအလိုမရှိ"၊ "တောင်းဆိုထားတဲ့ အချက်ရှစ်ချက် အမြန်ဆုံးညှိနှိုင်းဆောင်ရွက်ပေး"၊ "ဗိုလ်တထောင်မြို့နယ် (၆၅၆) စစ်တပ်မှ ဥပဒေမဲ့သိမ်းဆည်းထားသောမြေကွက် (၃၅)ကွက် အမြန်ဆုံးပြန်ပေး"၊ "ပြည်သူ့တပ်မတော်ဆိုရင် ပြည်သူ့မြေတွေ အမြန်ဆုံးပြန်ပေး"၊ "မြေပိုင်ရှင်တွေကို မတရားယုတ်မာအနိုင်ကျင့်နေတဲ့ ဝန်ကြီးဌာနတွေ အမြန်ဆုံးငရဲကျပါစေ" ဟု ကြွေးကြော်ကာ ကျိုက္ကဆံကွင်းရှိ ပြည်သူ့ဟစ်တိုင်အထိ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့သည်။
ဗိုလ်တထောင်မြို့နယ် အမှတ်(၂)နှင့် (၃)ရပ်ကွက်ရှိ မြေကွက် ၇၁၃ ကွက်ကို ၁၉၄၇ ခုနှစ်၌ တပ်မတော်က စစ်လက်နက်ဂိုဒေါင်တည်ဆောက်ရန်ငှားရမ်းခဲ့ကြောင်း၊ ၁၉၆၄ ခုနှစ်တွင် ငှားရမ်းထားသောမြေကွက်များကို တပ်မတော်မှ မြေပိုင်ရှင်များအား ပြန်မပေးဘဲ အိုးအိမ်သို့လွှဲပြောင်းပေးခဲ့ကြောင်း၊ ၁၉၉၄ ခုနှစ်၌  အိုးအိမ်မှ နိုင်ငံတော်စီမံကိန်းလုပ်ရန် မြေများကိုသိမ်းဆည်းခဲ့ကာ အဆိုပါမြေကွက်များကို ဆောက်လုပ်ရေးကုမ္ပဏီများသို့ လူနေတိုက်ခန်းများ ဆောက်လုပ်ခွင့်ချပေးခဲ့ပြီး မူလမြေပိုင်ရှင်များသို့ လျော်ကြေးမပေးသဖြင့် ဆန္ဒပြရခြင်းဖြစ်ကြောင်း မြေပိုင်ရှင်တစ်ဦးဖြစ်သူ ဦးမြင့်အောင်ကပြောကြားသည်။
"အရင်က ကျွန်တော်တို့ဆီကနေ COD, B AOD နဲ့ 656 B.E.M.E စစ်တပ်က ငှားရမ်းသုံးစွဲခဲ့ပါတယ်။ ငှားရမ်းခကိုလည်း သုံးလတစ်ကြိမ် ကွာတားကြေးနဲ့ ပေးချေခဲ့တယ်။ အဲဒီလို တရားဝင်ငှားရမ်းခဲ့ပြီး ၁၉၉၄ ခုနှစ်ကျမှ တရားဥပဒေမဲ့ နိုင်ငံတော်စီမံကိန်းမြေအဖြစ် ပြောင်းလဲခဲ့တယ်။ ဒါပေမဲ့ ၂၀၁၁ ခုနှစ်မှာ ကုန်သွယ်မှုမူဝါဒကောင်စီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ အိမ်ရာစီမံကိန်းဆောင်ရွက်ခြင်းကို ဖျက်သိမ်းခွင့်ပြုခဲ့တယ်။ ဒါပေမဲ့ ၂၀၁၁ အောက်တိုဘာမှာ ကုမ္ပဏီငါးခုက ထပ်မံပြီးတော့ စီမံကိန်းဆောင်ရွက်ခွင့်ပြုဖို့ ဒုတိယအကြိမ်ထပ်မံတင်ပြခဲ့တယ်" ဟု ဆန္ဒပြပွဲတွင်ဦးဆောင်သည့် ဦးမြင့်အောင်က ပြောကြားသည်။
ယခုကဲ့သို့ ဆန္ဒပြမှုအား တရားဝင်ခွင့်ပြုမိန့်ဖြင့် ဆန္ဒပြခြင်းဖြစ်ပြီး၊ လူဦးရေသုံးဆယ်ခန့်ပါဝင်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေ ၁၄ ရက်က ယင်းကိစ္စနှင့်ပတ်သက်ပြီး ၁၄ ကြိမ်မြောက် ဆန္ဒပြခဲ့ပြီး ယခင်အကြိမ်များက မြို့တော်ခန်းမရှေ့နှင့် အိုးအိမ်ရုံးအနီးနားတွင်လည်း ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရှိရသည်။

Most Read

Most Recent