ရခိုင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် လမ်းပိုင်းပျက်စီးမှုများတွင် အမ်းမြို့၌ အများဆုံးဖြစ်

ရခိုင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် လမ်းပိုင်းပျက်စီးမှုများတွင် အမ်းမြို့၌ အများဆုံးဖြစ်
Published 1 July 2015
သန်းလှိုင်(စစ်တွေ)

ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့်အပြင် ကားလမ်းများကို ရေကျော်ခဲ့သဖြင့် လမ်းပိုင်းလေးနေရာပျက်စီးခဲ့ရာ အမ်းတွင် ပျက်စီးမှုအများဆုံးဖြစ်ခဲ့ကြောင်း၊ ယခုရက်ပိုင်းအတွင်း ရှောင်ကွင်းလမ်းများဖြင့် လုပ်ဆောင်ခဲ့သဖြင့် ကားများယာယီသွားလာနိုင်ပြီဖြစ်ရာ ကုန်စည်နှင့် ခရီးသည်တင်ကားများ ပိတ်ဆို့နေမှုမရှိတော့ကြောင်း ဒေသခံများထံမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်း ကားလမ်းပိုင်းအချို့ပျက်စီးခဲ့သော်လည်း ယာယီရှောင်ကွင်းလမ်းများ ဖောက်လုပ်လိုက်ပြီဖြစ်သည့်အတွက် ကားများသွားလာနိုင်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
"အခုသွားလို့ရနေပါပြီ။ ဒီနေ့မနက်မှာ ကားတွေသွားနေပါပြီ။ ကားလမ်းကို တချို့နေရာတွေကိုပြင်ပြီး တချို့နေရာတွေကိုတော့ ရှောင်ကွင်းလမ်းပုံစံမျိုးလုပ်လိုက်တဲ့အတွက် အဆင်ပြေသွားပါပြီ။ ကားတွေလည်း ပိတ်မိနေတာ မရှိတော့ပါဘူး။ ခရီးသည်တွေ ကားတွေလည်း သွားလို့ရပါပြီ။ ကုန်ကားတွေကလည်း သွားလို့ရသွားပြီ" ဟု အမ်းမှဒေသခံတစ်ဦးဖြစ်သူ ဒေါ်သွယ်သွယ်စိုးက ပြောကြားသည်။
ယင်းသို့သွားလာရေးအဆင်ပြေသွားပြီဖြစ်သော်လည်း ကားလမ်းပိုင်းများအား အမာခံလုပ်ဆောင်ထားခြင်း မဟုတ်ကြောင်းနှင့် ကားလမ်းပိုင်းများအားလုံးကို ဇူလိုင်လပထမပတ်အတွင်း အပြီးသတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

ရေတိုက်စားမှုကြောင့် ပျက်စီးသွားသော သံတွဲ-တောင်ကုတ်လမ်းကို တွေ့ရစဉ်
"ကားလမ်းပျက်တာတွေကို တနင်္ဂနွေနေ့ကတည်းက လုပ်တော့လုပ်နေပါတယ်။ ဒါကြောင့် တစ်ပတ်လောက်အတွင်းမှာ အပြီးလုပ်မယ်လို့တော့ စီမံထားတယ်။ ကားလမ်းကနေ ကုန်စည်မစီးဆင်းဘူးဆိုရင် ကုန်ဈေးနှုန်းတွေ တက်သွားနိုင်တဲ့အတွက် အမြန်ဆုံးဖြစ်အောင်တော့ လုပ်ဖို့ဆွေးနွေးစီစဉ်နေပါတယ်။ နည်းပညာကျွမ်းကျင်တဲ့သူတွေကလည်း အဲဒီနေရာကို ရောက်ရှိတိုင်းတာပြီးပြီ။ သူတို့ကလည်း တစ်ပတ်လောက်အချိန်ယူရမယ်လို့ပြောတယ်။ အခုဆိုရင်တော့ ကားအသေးတွေသွားလာလို့ရပါပြီ။ လမ်းမပိတ်တော့ပါဘူး။ ရှောင်ကွင်းလမ်းတွေလုပ်ပြီး ကားတွေသွားလာလို့ရအောင် အရင်လုပ်ဆောင်ထားပါတယ်" ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း လမ်းပျက်နေမှုများပြားကြောင်း၊ နေရာအတော်များများတွင် လမ်းများပျက်စီးခဲ့ကြောင်းနှင့် ပျက်စီးမှုအနည်းအများသာ ကွာခြားကြောင်း၊ ယင်းသို့ပျက်စီးရာတွင် လေးငါးနေရာခန့် များစွာပျက်စီးခဲ့ကြောင်း၊ အမ်းတွင် ပျက်စီးနေမှုမှာ အများဆုံးဖြစ်ကြောင်းနှင့် ဇွန် ၃၀ရက်တွင် ကားများသွားလာနိုင်ပြီဖြစ်သော်လည်း သတိထားသွားလာနေရကြောင်းနှင့် အချို့နေရာများတွင် ရှောင်ကွင်းလမ်းများကို အသုံးပြုကာ သွားလာနေရကြောင်း ကားသမားအသိုင်းအဝိုင်းမှ သိရသည်။                           

Most Read

Most Recent