မဟာမုနိဘုရား ရုပ်ရှင်တော်မြတ်ကြီး စံပယ်တော်မူသော ကျောင်းတော်အတွင်းရှိ တိုင်လုံးများကို ကြြွေပားများအစား ကျောက်စိမ်းပြားများ ကပ်လှူပူဇော်မည်

မဟာမုနိဘုရား ရုပ်ရှင်တော်မြတ်ကြီး စံပယ်တော်မူသော ကျောင်းတော်အတွင်းရှိ တိုင်လုံးများကို ကြြွေပားများအစား ကျောက်စိမ်းပြားများ ကပ်လှူပူဇော်မည်
Published 1 July 2015
လဲ့လဲ့အောင်

မဟာမုနိဘုရားရုပ်ရှင်တော်မြတ်ကြီး စံပယ်တော်မူသော ကျောင်းတော်ကြီးအတွင်းရှိ တိုင်လုံးများကို ကြွေပြားများကပ်လှူပူဇော်ထားရာမှ ကျောက်စိမ်းပြားများ အစားထိုးကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
ကျောင်းတော်ကြီးအောက်တွင် ကြွေပြားများကပ်လှူပူဇော်ထားသော တိုင်လုံးပေါင်း ၁၃၂ တိုင်ရှိပြီး ယင်းတိုင်များအားလုံးနှင့် မြောက်ဘက်၊ အရှေ့ဘက်နှင့် တောင်ဘက်စမြင်ရှိ တိုင်လုံးရှည်များကို ကျောက်စိမ်းပြားများ ကပ်လှူပူဇော်သွားမည်ဖြစ်ပြီး လက်ရှိတွင် ကျောင်းတော်အရှေ့ဘက်ခြမ်းရှိ တိုင်လုံးအားလုံးနီးပါးမှာ ကျောက်စိမ်းပြားများ အစားထိုးကပ်လှူပူဇော်ပြီးဖြစ်ကြောင်း သိရသည်။
"ကျောင်းတော်ကြီးပတ်ပတ်လည်မှာရှိတဲ့ တိုင်တွေအားလုံးကို ကြွေပြားတွေနေရာမှာ ကျောက်စိမ်းပြားတွေ အစားထိုးကပ်လှူသွားမှာပါ။ လက်ရှိမှာ အရှေ့ဘက်ခြမ်းမှာရှိတဲ့ တိုင်လုံးတွေနဲ့ စမြင်မှာရှိတဲ့ တိုင်လုံးရှည်တွေ အားလုံးနီးပါး ကပ်လှူပူဇော်ပြီးပါပြီ။ အောက်ခြေကြွေပြားနေရာမှာပဲ ကျောက်စိမ်းပြားတွေ အစားထိုးကပ်လှူတာဖြစ်ပြီး အပေါ်ပိုင်းမှာရှိတဲ့ ရွှေရေးပန်းချီတွေကိုတော့ ဒီတိုင်းထားပြီး ဆက်လက်ထိန်းသိမ်းသွားမှာပါ" ဟု မဟာမုနိဘုရားကြီးဂေါပကအဖွဲ့မှ ဦးဘုန်းကျော်က ပြောကြားသည်။
ကျောက်စိမ်းပြားများ အစားထိုးကပ်လှူပူဇော်ခြင်းအား  ၂၀၁၄ ခုနှစ် စက်တင်ဘာလမှစတင်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ပြောင်းလဲကပ်လှူရန် မူလကြွေပြားအလှူရှင်များသို့ ဆက်သွယ်အကြောင်းကြားခြင်းနှင့် သတင်းစာထဲ၌ ထည့်သွင်းကြေညာခြင်းများပြုလုပ်ကာ မူလအလှူရှင်များ၏ သဘောတူညီချက်ရသည့်တိုင်လုံးများကို အစားထိုးကပ်လှူပူဇော်ခြင်းများ ဦးစားပေးပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
"ကျောက်စိမ်းပြားအစားထိုးကပ်တဲ့အခါမှာ မူလကြွေပြားအလှူရှင်တွေသိရှိအောင် ဆက်သွယ်အကြောင်းကြားတာတို့၊ ဆက်သွယ်ရန်ခက်တဲ့အလှူရှင်တွေအတွက် သတင်းစာထဲမှာ ထည့်ကြေညာတာတို့ ပြုလုပ်ထားပါတယ်။ လက်ရှိမှာ မူလအလှူရှင်တွေကိုအသိပေးပြီး ခွင့်ပြုပြီးသားတိုင်တွေကို အစားထိုးကပ်လှူမှုတွေပြုလုပ်နေတာပါ။ အလှူ ရှင်ကမ္ပည်းမှာတော့   မူလအလှူရှင်ရော၊ နောက်ထပ်အလှူရှင်ရော ရေးထိုးမှတ်တမ်းတင်ပေးပါတယ်" ဟု ဦးဘုန်းကျော်က ထပ်မံရှင်းပြသည်။
ကျောက်စိမ်းပြားများ အစားထိုးကပ်လှူရန်အတွက် တိုင်အရွယ်အစားအလိုက် အလှူငွေများသတ်မှတ်ထားပြီး ကျောင်းတော်ကြီးအောက်ရှိ တိုင်လုံးများမှာ တစ်တိုင်လျှင် ကျပ်သိန်း ၄၀ နှင့် ကျပ်သိန်း ၆၀ ကုန်ကျမည်ဖြစ်ပြီး စမြင်ရှိတိုင်လုံးများမှာ တစ်တိုင်လျှင် ကျပ် ၂၅ သိန်းကျသင့်မည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ကြွေပြားများအစား ကျောက်စိမ်းပြားများကပ်လှူပူဇော်မှုကြောင့် မဟာမုနိဘုရားကြီးတွင်သာရှိသည့် ရွှေအစစ်ချရွှေရေးပန်းချီများ ပျောက်ကွယ်သွားမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။
"ကျာက်စိမ်းပြားတွေကပ်တာကတော့ ပိုကောင်းဖို့လုပ်တဲ့အတွက်ကောင်းပါတယ်။ ဒါပေမဲ့ ရွှေရေးပန်းချီတိုင်လုံးတွေနဲ့ ကျောက်စိမ်းပြားတွေနဲ့ သိပ်မလိုက်ဖက်ဘူးလို့ မြင်မိတယ်။ အရင်က အောက်ခြေတိုင်လုံးတွေက နီညိုရောင်ကြွေပြားတွေကပ်ထားတဲ့အတွက် ရွှေရေးပန်းချီက ပိုပေါ်လွင်တယ်လို့ထင်ပါတယ်" ဟု မန္တလေးမြို့ခံတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့်နှစ်အတွင်းက မြောက်ဘက်စမြင်ရှိ တိုင်လုံးပေါင်း ၁၆ လုံး၊ နံရံ၊ ခုံးပေါင်း ၁၈ ခုအား ရွှေပိဿာချိန်တစ်ပိဿာကျော်အသုံးပြု၍ သစ်စေးသုတ်ခြင်း၊ ရွှေချခြင်း၊ ရွှေရေးပန်းချီပြန်လည်ရေးဆွဲခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မဟာမုနိဘုရားဂေါပကထံမှ သိရသည်။

Most Read

Most Recent