ကျန်းမာရေးစောင့်ရှောက်မှုအားနည်းသည့်ဒေသတွင် တိုက်နယ်ဆေးရုံချထားပေးရေး ရသေ့တောင်မြို့နယ်တွင် ဆန္ဒထုတ်ဖော်

ကျန်းမာရေးစောင့်ရှောက်မှုအားနည်းသည့်ဒေသတွင် တိုက်နယ်ဆေးရုံချထားပေးရေး ရသေ့တောင်မြို့နယ်တွင် ဆန္ဒထုတ်ဖော်
Published 1 July 2015
သားရွှေဦး (ကစ္ဆပ)

ကျန်းမာရေးစောင့်ရှောက်မှုအားနည်းသည့်ဒေသတွင် တိုက်နယ်ဆေးရုံချထားပေးရေး ရသေ့တောင်မြို့ပေါ်၌ ဇွန် ၃၀ ရက်တွင် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။ဆန္ဒထုတ်ဖော်ပွဲကို ရသေ့တောင်မြို့ပေါ်တွင် ဇွန် ၃၀ ရက် နံနက် ၁၁ နာရီကစတင်ခဲ့ခြင်းဖြစ်ကာ လူအင်အား ၅၀၀ ကျော်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး မွန်းလွဲ ၁၂ နာရီခွဲ၌ ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။ဦးဆောင်ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သူ ဦးကျော်သန်းက "ကျွန်တော်တို့နယ်မြေမှာ ကျန်းမာရေးစောင့်ရှောက်မှု အဆင်ပြေအောင်ဆိုပြီး ကျောက်တန်းနယ်မြေမှာ တိုက်နယ်ဆေးရုံတစ်ခုချထားပေးရေး တောင်းဆိုတာဖြစ်ပါတယ်။ ကျွန်တော်တို့နယ်မြေဟာ မြို့ပေါ်နဲ့အဝေးဆုံးဖြစ်ပြီး လူဦးရေလေးသောင်းကျော်နေထိုင်တဲ့ ကျယ်ပြန့်တဲ့နယ်မြေတစ်ခုဖြစ်တာနဲ့အညီ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေပါတယ်။ ဒါကြောင့် ဒီကနေ့ ဆန္ဒထုတ်ဖော်တောင်းဆိုရခြင်းဖြစ်ပါတယ်" ဟုပြောကြားသည်။ရသေ့တောင်မြို့နယ်နှင့် ရေမိုင် ၂၀ ခန့် ဝေးကွာသည့် ကျောက်တန်းကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနရှိသော်လည်း ဒေသခံလေးသောင်းကျော်အတွက် ကျန်းမာရေးစောင့်ရှောက်မှုမှာ အားနည်းသဖြင့် တိုက်နယ်ဆေးရုံတစ်ခုချထားပေးရေး ဒေသခံများက ခွင့်ပြုချက်ရယူကာ ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။"ရခိုင်ပြည်နယ်မှာ ရသေ့တောင်မြို့နယ်ဟာ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးဖြစ်ပါတယ်။ ရသေ့တောင်မြို့နယ်ထဲမှာ ကျောက်တန်းဒေသဟာ အနိမ့်ကျဆုံးဖြစ်ပါတယ်။ ကျောက်တန်းကျေးရွာဟာ ရသေ့တောင်နဲ့ ရေမိုင် ၂၀ ဝေးပါတယ်။ ဒေသမှာ ကျေးရွာ ၄၂ ရွာမှာ လူဦးရေက လေးသောင်းကျော်ရှိပါတယ်။ အခု ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတဲ့အတွက် တိုက်နယ်ဆေးရုံချပေးဖို့ ဆန္ဒထုတ်ဖော်တောင်းဆိုရခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ဒေသအတွက် တိုက်နယ်ဆေးရုံတစ်ခုချထားပေးဖို့ ပြည်နယ်ဝန်ကြီးချုပ်ကိုလည်း စာနဲ့တောင်းဆိုပြီးပါပြီ။ ဒါပေမဲ့ ဘာမှဆောင်ရွက်ပေးတာမရှိဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း  အရေးမစိုက်ဘူး။ ကျွန်တော်တို့ရွာက ရသေ့တောင်ကို အရေးပေါ်လူနာလာရင် စက်လှေနဲ့ လေးနာရီကျော်လာရပါတယ်။  အဓိက,က ကျောက်တန်းနယ်မြေ တိုက်နယ်ဆေးရုံရရှိရေး တောင်းဆိုတာဖြစ်တယ်" ဟု ကျောက်တန်းကျေးရွာမှ ဦးမောင်သောင်းရွှေက ပြောကြားသည်။

Most Read

Most Recent