မိုးရာသီ၌ စွန့်ပစ်မြေစာများလျှောကျလာမှုကြောင့် ဖားကန့်ဒေသရှိ ဥရုချောင်းမှာ အချို့နေရာများတွင် ထက်ဝက်ခန့်တိမ်ကောလာ

မိုးရာသီ၌ စွန့်ပစ်မြေစာများလျှောကျလာမှုကြောင့် ဖားကန့်ဒေသရှိ ဥရုချောင်းမှာ အချို့နေရာများတွင် ထက်ဝက်ခန့်တိမ်ကောလာ
Published 1 July 2015
အောင်ဟိန်းမင်း (ဖားကန့်)

ဖားကန့်ဒေသတွင် မိုးများရွာသွန်းမှုကြောင့် ဥရုချောင်းတစ်ဖက်တစ်ချက်တွင်ရှိနေသော ကျောက်မျက်တူးဖော်ရေးကုမ္ပဏီလုပ်ငန်းများမှ ယခင်ကစွန့်ပစ်ထားသည့် စွန့်ပစ်မြေစာပုံများ စီးပျော်ကျမှုဖြစ်ပေါ်ပြီး ဥရုချောင်းအတွင်း မြေစာများစီးဆင်းမှုကြောင့် အချို့နေရာများတွင် ချောင်းထက်ဝက်ခန့် မြေစာပိတ်ဆို့တိမ်ကောလာရာ အဆိုပါပိတ်ဆို့မှုမှာ ဖားကန့်မြို့ပေါ်ဒေသနှင့် ကျေးရွာအများအပြား ရေကြီးရေလျှံမှု ပိုမိုဖြစ်ပေါ်စေနိုင်သည့်အတွက် အမြန်ဆုံးမြေစာဆယ်ယူရန်လိုအပ်နေကြောင်း သိရသည်။ဥရုချောင်းတစ်လျှောက် မြေစာများစွန့်ပစ်မှုကြောင့် ချောင်းမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိမ်ကောလာကာ ဖားကန့်မြို့မှာလည်း နှစ်စဉ်ရေကြီးရေလျှံဖြစ်ပေါ်လျက်ရှိပြီး ယခုအခါတွင် ချောင်းအတွင်း မြေစာများစီးဝင်နေသော မျှောကြောင်းတစ်ခုဖြစ်သည့် ဖားပြင်ကျေးရွာအဝင် ကျောက်သွေးတောင်းကူးတို့အနီးရှိ မျှောကြောင်းကြီးမှာ ချောင်းတစ်ဝက်ကျော် ဆိုးဆိုးရွားရွားမြေစာပိတ်ဆို့မှုဖြစ်ပေါ်နေသည့်အတွက် စိုးရိမ်နေရကြောင်း ဒေသခံများက ပြောကြားသည်။"အဲဒီနေရာကနေ လျှောကျနေတဲ့မြေစာတွေက ချောင်းကိုပိတ်သွားစေနိုင်တယ်။ အခုလည်း ချောင်းထဲကို မြေစာတွေကလျှောကျနေတာ။ ဒါတောင် မိုးကသိပ်မများသေးလို့။ မြေစာသာပြည့်သွားရင် ချောင်းက တမံလိုဖြစ်သွားမှာ။ ဒီလိုဆိုရင် ဖားကန့်မှာ အရင်ဒူးဆစ်လောက်မြုပ်တဲ့နေရာတွေမှာ လည်ပင်းလောက်အထိရောက်သွားနိုင်တယ်။ ဒါကြောင့် ဒီမြေစာတွေကို အမြန်ဆုံးဆယ်ယူဖို့လိုနေပါတယ်" ဟု ဖားကန့်မြို့ခံ ဦးမျိုးဝင်းက ပြောကြားသည်။ကုမ္ပဏီကြီးများမှ ဥရုချောင်းနံဘေးတွင် မြေစာများ မဆင်မခြင်စွန့်ပစ်နေသည့်အတွက် မလိုလားအပ်သည့်ပြဿနာများ ကြုံတွေ့နေရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။၎င်းက "တကယ်တမ်းမှာ ဥရုချောင်းတစ်လျှောက် ဘယ်ကုမ္ပဏီကမှ စွန့်ပစ်မြေစာတွေမပစ်သင့်ဘူး။ အခု ဥရုချောင်းနံဘေးမှာ ပစ်ထားတဲ့စွန့်ပစ်မြေစာပုံတွေ အများကြီးတွေ့ရတယ်။   အဲဒီမြေစာပုံတွေကနေ မျှောကြောင်းစီးပြီး  ချောင်းထဲကို မြေစာတွေဖို့ပါတယ်။ ဒီနေရာမှာလည်း မြေစာထောက်၊ ဟိုနေရာမှာလည်း မြေစာထောက်နဲ့ ချောင်းဟာ ပိုပိုကျဉ်းလာပြီး ဖားကန့်မြို့ဟာ အမြဲတမ်းရေနစ်မြုပ်ပါတယ်" ဟုပြောကြားသည်။ယခုနှစ်မိုးမကျမီ ကျောက်မျက်လုပ်ငန်းရှင်ကြီးများအသင်းမှဦးဆောင်၍ လအတန်ကြာ ဥရုချောင်းရှင်းလင်းရေး လုပ်ဆောင်ခဲ့သော်လည်း ချောင်းမှဆယ်ယူထားသည့်မြေစာများအား အဝေးသို့သွားရောက်စွန့်ပစ်ခဲ့ခြင်းမရှိဘဲ ချောင်းနံဘေးတွင်သာ နှုတ်ခမ်းလုံးသလို ပြန်လည်ပုံထားခဲ့သည့်အတွက် အလှသဘောသာဖြစ်ခဲ့ပြီး မိုးကျလာချိန်တွင် အဆိုပါမြေစာများမှာ ချောင်းအတွင်း ပြန်လည်ကျရောက်ခဲ့ကြောင်း ဒေသခံတို့က ဝေဖန်ပြောဆိုမှုများရှိနေသည်။ဥရုချောင်းတွင်ကူးခတ်နေသော စက်လှေသမားတစ်ဦးက "ဒီမျှောကြောင်းကစီးတဲ့ မြေစာတွေဖို့သွားတာ ချောင်းတစ်ဝက်ကျော်သွားပြီ။ ဒီဘက်ကမြေစာတွေထောက်တော့ ဟိုဘက်ကမ်းမှာလည်း ရေတွေက တက်လာပါတယ်။ ဒီအခြေအနေဟာ  ဥရုချောင်းအတွက် တော်တော်လေးစိုးရိမ်ရပါတယ်။ လာကြည့်တဲ့သူတွေရှိပေမယ့် လုပ်ပေးတာမျိုးတော့ ဘာမှမရှိဘူး။ အရင် ဥရုချောင်းရှင်းလင်းရေးတွေလုပ်တုန်းက  ချောင်းထဲကမြေစာတွေကိုဆယ်ပြီး ချောင်းနံဘေးမှာပဲပုံထားခဲ့တယ်။ ဒါပေမဲ့ ရေစီးချောင်းရှိတော့ ဒီမြေစာတွေဟာ ပြန်လျှောကျပါတယ်။တကယ်ဆိုရင် ချောင်းကဆယ်ထားတဲ့မြေစာတွေကို ကားနဲ့သယ်ပြီးဝေးဝေးမှာ သွားပစ်မှဖြစ်မှာ" ဟုပြောကြားသည်။ရာသီသာချိန်တွင် ကုမ္ပဏီကြီးများကစွန့်ပစ်ခဲ့သော စွန့်ပစ်မြေစာများမှာ ဖားကန့်မှော်ဒေသအနှံ့အပြားရှိ ဒေသခံတို့အား ကြီးမားသော စိန်ခေါ်မှုတစ်ရပ်အဖြစ်ရှိနေပြီး ပြည်သူတို့ကန့်ကွက်နေသည့်ကြားက ဆက်လက်လုပ်ကိုင်ခဲ့သည့် အဲဗားရေကန်ကြီးအတွင်း မြေစာများဖို့နေမှုသည်လည်း ယခုမိုးကျလာချိန်တွင် ရှရော်ခ၊  စပျစ်ခူး၊  ကုလားမှော်၊ တောင်ပြို၊ ဗလခ၊ အေးမြသာယာ  အစရှိသည့် ရေကန်ကြီးအောက်ခြေရှိ  ကျေးရွာများမှာ စိုးရိမ်နေကြရသည်။

Most Read

Most Recent