သရုပ်ဆောင်ရဲတိုက် ထောင်မှလွတ်သည်ဆိုခြင်းမှာ ကောလာဟလဖြစ်ပြီး ၎င်း၏ ထောင်ဒဏ်အတွက် အယူခံတင်သွင်းမှုလက်ခံရန် ဇူလိုင် ၈ ရက်၌် လျှောက်လဲချက်ပေးမည်

သရုပ်ဆောင်ရဲတိုက် ထောင်မှလွတ်သည်ဆိုခြင်းမှာ ကောလာဟလဖြစ်ပြီး ၎င်း၏ ထောင်ဒဏ်အတွက် အယူခံတင်သွင်းမှုလက်ခံရန် ဇူလိုင် ၈ ရက်၌် လျှောက်လဲချက်ပေးမည်
Published 30 June 2015
ကြည်နိုင်

ရုပ်ရှင်နှင့် ဗီဒီယိုသရုပ်ဆောင်ရဲတိုက် ထောင်မှပြန်လည်လွတ်မြောက်သည်ဟု လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ဇူလိုင် ၂၉ ရက်က ပျံ့နှံ့နေမှုမှာ ကောလာဟလသာဖြစ်ကြောင်း ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးမှ ဒါရိုက်တာရီဇော်က ဇူလိုင် ၂၉ ရက် ညနေပိုင်းတွင် ပြောကြားသည်။ 
 
ထို့ပြင် သရုပ်ဆောင်ရဲတိုက် ဆက်လက်ကျခံရမည့် ထောင်ဒဏ်များမှ လွတ်မြောက်ရန်အတွက် နေပြည်တော်တွင် အယူခံတင်သွင်းမည်ဖြစ်ရာ ယင်းအယူခံအား လက်ခံရန် ဇူလိုင် ၈ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်၌ ရဲတိုက် ၏ ရှေ့နေများက လျှောက်လဲချက်ပေးမည်ဖြစ်ကြောင်း ဒါရိုက်တာရီဇော်က ဆိုသည်။ 
 
“ရဲတိုက် ထောင်က ပြန်မလွတ်လာသေးပါဘူး။ နဂိုကချထားတဲ့ တောင်ငူထောင်ကို ပြန်ပြောင်းဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ဘာဖြစ်လို့ပြောင်းရသလဲဆိုရင် သူ့ကို ဗိုလ်တထောင်တရားရုံးက ချမှတ်တဲ့ ထောင်ဒဏ်တစ်နှစ်ကို အင်းစိန်ထောင်မှာ ကျခံရတာ နှစ်ပြည့်သွားပြီ။ သူ့ရဲ့ကျန်းမာရေးအရ စည်းကမ်းကောင်းတဲ့ တောင်ငူထောင်ကို ပြန်ပြောင်းချင်တာ ဖြစ်တယ်။ ရဲတိုက်ဟာ ထောင်ကျစဉ်ကတည်းက စိတ်ကျန်းမာရေးဆေးတွေ သောက်နေရတယ် ” ဟု ဒါရိုက်တာရီဇော်က ပြောကြားသည်။
 
ပြီးခဲ့သည့်တစ်ပတ်ကလည်း ထောင်အတွင်း၌ စိတ်ကျန်းမာရေးဆရာဝန်ကြီး၏ ကုသမှုခံယူခဲ့ရကြောင်းနှင့် တောင်ငူ၏ဒေသ အခြေအနေက သူ၏ ကျန်းမာရေးအတွက် ပိုမိုသင့်လျော်ကြောင်း ၎င်းကဆိုသည်။ 
 
ထို့ပြင် နေပြည်တော်တွင် အယူခံလက်ခံရန် လျှောက်လဲချက်ပေးပြီးပါက နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ သရုပ်ဆောင်ရဲတိုက်အတွက် အနုပညာရှင်များ၏ လက်မှတ်များပါဝင်သော အသနားခံစာ တင်သွင်းသွားမည်ဖြစ်ကြောင်း ဒါရိုက်တာရီဇော်က ထပ်မံပြောကြားသည်။ 
 
သရုပ်ဆောင်ရဲတိုက်အား  ၂၀၁၄ ခု နှစ် ဧပြီ ၇ ရက်က  ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တရားရုံးက မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခဲ့သည်။ ယင်းနောက် အယူခံတင်သွင်းခဲ့ရာ ထောင်ဒဏ်ငါးနှစ် ပြောင်းလဲချမှတ်ခံရကြောင်း သိရသည်။ 
 
တောင်ငူထောင်တွင် ပြစ်ဒဏ်ကျခံနေစဉ် ၎င်းအား ဗိုလ်တထောင်မြို့နယ်တရားရုံးက ၂၀၁၄ ခုနှစ် ဇွန်လတွင် လူတစ်စားကိုးကွယ်သည့် ဘာသာ၊ သာသနာကို ညှိုးနွမ်းအောင် ရည်ရွယ်ချက်အကြံအစည်၊ ပြုမူလုပ်ဆောင်ခြင်း ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ -၂၉၅ အရ ထောင်ဒဏ်တစ်နှစ်၊  ၂၉၅(က) အရ  ထောင်ဒဏ်တစ်နှစ်ချမှတ်ခံရရာ  တစ်ပေါင်းတည်းကျခံစေရန် ဆိုသည့်အတွက်ကြောင့် ထောင်ဒဏ်တစ်နှစ် အမိန့်ချမှတ်ခဲ့ကြောင်း၊ ယင်းပြစ်ဒဏ်အတွက် အင်းစိန်ထောင်သို့ ပြောင်းခဲ့ရကြောင်း ဒါရိုက်တာ ရီဇော်က ဆက်လက်ပြောကြားသည်။ 
 
“တောင်ငူထောင်ကို ပြောင်းခွင့်လျှောက်တဲ့အခါမှာ ရန်ကုန်တိုင်းအကျဉ်းဦးစီးဌာနက ညွှန်ကြားရေးမှူးက သရုပ်ဆောင်ရဲတိုက်ဟာ Celebrity ဖြစ်နေတဲ့အတွက် ဝန်ကြီးက သူမသိဘဲခွင့်မပြုဖို့ ပြောထားတဲ့အကြောင်း ပြောတယ်။ အဲဒါကြောင့် ကျွန်တော်တို့ဝန်ကြီးထံ တင်ထားတာ သုံး၊ လေးပတ်ရှိပါပြီ။ ခွင့်ပြုချက်မရသေးဘူး ” ဟု၎င်းက ဆိုသည်။
 
သရုပ်ဆောင်ရဲတိုက်သည် တောင်ငူထောင်တွင် တစ်နှစ်၊ ယခု အင်းစိန်ထောင်တွင် တစ်နှစ်ကျခံပြီး၍ ထောင်ဒဏ်လေးနှစ် ထပ်မံကျန်ရှိသေးကြောင်းနှင့် ယင်းပြစ်ဒဏ်များအတွက် တိုင်းအဆင့်တွင် အယူခံရှုံးနိမ့်သဖြင့် နေပြည်တော်သို့ အယူခံဝင်ခြင်းဖြစ်ကြောင်း သိရသည်။       

Most Read

Most Recent