နားလည်မှု လွဲသွားတယ်

နားလည်မှု လွဲသွားတယ်
Published 29 June 2015
မောင်တင်ဦး (မြောင်းမြ)

မြန်မာ မြန်မာ ဒုန်းဒုန်း
ဒီရက်ပိုင်းအတွင်း တီဗွီရှေ့က ခွာရတယ် မရှိဘူး။ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ (၂၈) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ၂၃ နှစ် ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအသင်းပြိုင်ပွဲများ။ ယူ-၂၀ မြန်မာလူငယ်တို့ရဲ့ နယူးဇီလန်နိုင်ငံမှ ပြိုင်ပွဲများ၊ မနားရအောင် ကြည့်ရတယ်။ သားနဲ့သမီးတို့က မျှော်စင်ကျွန်းမှာ အသံဝင်အောင် အော်ဟစ်အားပေးကြတယ်။ ဘာပဲဖြစ်ဖြစ် “မြန်မာဟေ့ မြန်မာ” “မြန်မာ မြန်မာ ဒုန်းဒုန်းဒုန်း” “ဂိုး” စတဲ့ timing မခေါ်ရဘဲ ညှိနှိုင်းမထားရဘဲ အသံတစ်သံတည်း ထွက်လာတာ ရင်ထဲအထိ မြည်ဟိန်းလာတယ်။
ဒီလိုပြိုင်ပွဲပေါင်းစုံထဲမှ မြန်မာတို့ရဲ့ နှလုံးသားထဲအထိ နက်နက်ရှိုင်းရှိုင်း စူးဝင်နေတဲ့ ဘောလုံးချစ်စိတ်က ဘယ်သူကမှ တားမရနိုင်ဘူး။ ဘောလုံးပွဲဆို ဧည့်ခန်းထဲက ထိုင်ခုံတွေ နေရာလပ်မကျန်တော့ ရုံမကဘူး။ မတ်တတ်ရပ် ကြည့်သူတွေပါ ပြည့်နှက်နေတတ်တယ်။ ဒါက စကိုင်းနက်တပ်ထားလို့ ဖြစ်မယ်။ လူစုံနေတဲ့ ဧည့်ခန်းထဲမှာ တစ်ယောက်တစ်မျိုး ပြောကြ၊ ဆိုကြ၊ ဝေဖန်ကြနဲ့ပေါ့။ တစ်ခါတလေ မချင့်မရဲနဲ့      “ညာဘက်မှာ လွတ်နေတယ်။ ထိုးပေးလိုက်လေ” “အမြန်ကန်သွင်းလိုက်တာ မဟုတ်ဘူးကွာ” ကိုယ်တိုင်ဝင် ကန်တော့မယ့် အတိုင်းပဲ။ ဒီအချိန်မှာပဲ ဘောလုံးပွဲကြေညာပေးသူ မြန်မာလူမျိုး ဝန်ထမ်းတွေကလည်း အူလှိုက် သည်းလှိုက် စိတ်ပါလက်ပါ ကြေညာပေးတယ်။ မြန်မာအသင်းကများ ဂိုးသွင်းလိုက်ပြီဆို “ဂိုး” ဆိုတဲ့အသံ ကြီးဟာ တီဗွီထဲကနေ ဟိန်းထွက်လာတယ်။ တီဗွီဖန်သားပြင် ပေါက်ထွက်တော့မတတ်ပဲ။ ဒီလိုမဟုတ်ဘဲ  ဂိုးသွင်းခါနီး မြန်မာအသင်းသားတွေ အပေးအယူ လုပ်နေရာက လွဲချော်ပြီး ဂိုးသွင်းခွင့် ဆုံးရှုံးသွားပြီဆို ကြေညာသူက “နားလည်မှုလွဲသွားတယ် ခင်ဗျာ” ဆိုကာ မချင့်မရဲလေသံကို ကြားရတယ်။
ဒီလိုနဲ့ ကမ္ဘာ့အဆင့်တက်ခွင့် ရခဲ့တဲ့ မြန်မာ ယူ-၂၀ လည်း အုပ်စုမှာတင် လှည့်ပြန်ခဲ့ရတယ်။ အမေရိကန်လို အသင်းကို အစွမ်းကုန် ယှဉ်ပြိုင်နိုင်ခဲ့တာကို မြန်မာဘောလုံး ချစ်ပရိသတ်တွေက ကျေနပ်တယ်။ ၂ ဂိုး ၁ ဂိုး။ ရှုံးပလေ့စေ။ ယူကရိန်းကျ ဒီထက်ခြေစွမ်းကောင်းမယ်။ စိတ်မလျှော့နဲ့။ ပွဲမဝင်ခင်ပြင်မှာ ကျင်းပ။ စိတ်ဓာတ်တော့ နည်းနည်းလေးမှမကျ။ တကယ်လည်း ယှဉ်ပြိုင်ရော ဟုတ်ကဲ့၊ ဂိုးပြတ်နဲ့ရှုံးပါရော။ ဒါပေမဲ့ စိတ်ဓာတ်ကောင်းတယ်။ ဇွဲရှိတယ်။ ကိုယ့်မြန်မာကို အားပေး။ အရှုံးမပေးကြေး။ နောက်ဆုံး အုပ်စုပွဲ။ နယူးဇီလန်ကိုနိုင်ရင် အကောင်းဆုံး တတိယအနေနဲ့ အုပ်စုတက်ရမယ်။ ဘောပွဲကြေညာသူရဲ့ တွက်ချက်သုံးသပ် ချက်တွေအရ ပထမပိုင်းပွဲပြီးတဲ့အထိ မျှော်လင့်ချက်က အားကောင်းနေဆဲ။ ဒုတိယပိုင်းလည်းစရော ဂိုးသွင်းဖို့ ကြိုးစားတိုင်း ဘောလုံးပွဲကြေညာသူက “နားလည်မှု လွဲတယ်ခင်ဗျာ” “နားလည်မှု လွဲသွားတယ်ခင်ဗျ” နဲ့ ပွဲသိမ်းသွား ပြန်ရော။ နောက်ဆုံး သုံးပွဲစလုံးရှုံးနိမ့်ပြီး အိမ်ပြန်ခဲ့ရတယ်။ သူတို့အိမ်ပြန်ရောက်ရင်ရော နားလည်မှုလွဲနေ ဦးမှာလား။
နားလည်မှု (understanding)
နားလည်မှုဆိုတာကို ဦးစွာနားလည်အောင် ကြိုးစားရမယ်။ နားလည်မှုဆိုတာ နယ်ပယ်အသီးသီးမှာ ရှိနေတယ်။ ပညာရေးနယ်ပယ်မှာ ဘာသာရပ်တစ်ခုကို နားလည်မှုရှိမှ ထိုဘာသာရပ်မှာ ကျွမ်းကျင်မယ်။ ဆေးပညာနယ်ပယ်၊ အင်ဂျင်နီယာပညာ နယ်ပယ်စတဲ့ အကယ်ဒမီဆိုင်တဲ့ နယ်ပယ်တွေမှာ နားလည်မှုဟာ ရှုပ်ထွေးပေမယ့် သင်ယူတတ်မြောက်ခြင်းမှ နားလည်မှုရနိုင်တယ်။ ဒါပေမဲ့ လူမှုရေးမှာ နားလည်မှုဆိုတာ ရှုပ်ထွေးရုံသာမက သင်ယူလေ့လာခြင်းဖြင့် နားလည်လာဖို့ဆိုတာ အတော်မလွယ်ကူတဲ့ ကိစ္စဖြစ်တယ်။ နားမလည်နိုင်စရာကိစ္စ၊ ကိန်းရှင် (variable) တွေက အများကြီး။ အသက်မတူခြင်း၊ ဘဝမတူခြင်း၊ ကျား မ မတူခြင်း၊ ပညာရည်မတူခြင်း၊ စီးပွားရေးမတူခြင်း၊ အရည်အချင်း မတူခြင်း၊ ဘာသာမတူခြင်း၊ လူမျိုးမတူခြင်း၊ ယဉ်ကျေးမှုမတူခြင်း စတဲ့ထိန်းချုပ်လို့ မရတဲ့ကိန်းရှင် ပြဿနာတွေက အများကြီး။ ဒီလိုကိန်းရှင် မတူတာကို တူအောင်လုပ်ဖို့ ဆိုတာလည်း လုံးဝမဖြစ်နိုင်ဘူး။
နားလည်မှု တည်ဆောက်ခြင်း
ဒီလိုမတူကွဲပြားမှုတွေ များပြားနေတဲ့ လူသားတွေကြားမှာ အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်လို့ရနိုင်တဲ့ နည်းလမ်းက နားလည်မှု မလွဲမသွေ တည်ဆောက်ကြရမယ်။ တည်ဆောက်ပုံ၊ တည်ဆောက်နည်းကတော့ တစ်ယောက်ဘဝတစ်ယောက် သိရှိပြီး သံယောဇဉ်တွယ်တာလာကာ ခွင့်လွှတ်သည်းခံခြင်းမှသာ နားလည်မှုကို တည်ဆောက်နိုင်မှာ ဖြစ်တယ်။
ဘောလုံးပွဲကြေညာသူက “နားလည်မှုလွဲတယ်ခင်ဗျာ” လို့ ပြောလိုက်တဲ့ မှတ်ချက်စကားသံဟာ နားလည်မှုကို ဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့ အတွေးတစ်စကို ရစေလိုက်တယ်။
ဘောလုံးအသင်းတွေမှာ ပရော်ဖက်ရှင်နယ်ကစားတဲ့ ကလပ်အသင်းနဲ့ အမျိုးသားရေးကို အခြေခံတဲ့ နိုင်ငံလက်ရွေးစင် အသင်းရယ်လို့ နှစ်မျိုးနှစ်စား တွေ့ရတယ်။ ပရော်ဖက်ရှင်နယ်လ်ကစားတဲ့ ကလပ်အသင်းတွေမှာ ကလပ်အသင်းပိုင်ရှင်၊ ဒါမှမဟုတ် နည်းပြချုပ်တို့ရဲ့ စိတ်ကြိုက်တွေ့တဲ့ ဘောလုံးသမားကို ကြိုက်ဈေးပေးဝယ်ပြီး ဖွဲ့စည်းကြတာဖြစ်တယ်။ သူတို့ဟာ နိုင်ငံမတူဘူး။ ဘာသာစကားမတူဘူး။ ကိုးကွယ်ရာဘာသာ မတူဘူး။ ယဉ်ကျေးမှုမတူဘူး။ မတူညီကိန်းရှင်များစွာနဲ့ ကလပ်အသင်းတည်ရှိရာကို လာရောက်စုပေါင်း မိကြတယ်။ အာဂျင်တီးနား၊ ဘရာဇီးလ်၊ ဂျာမနီ၊ စပိန်၊ အင်္ဂလန်၊ တောင်ကိုရီးယား၊ အာဖရိက ကမ္ဘာအနှံ့အပြားက လာကြတာဖြစ်တယ်။ နည်းပြကိုယ်တိုင်လည်း ကိုယ့်နိုင်ငံကိုပဲ နည်းပြရတာ မဟုတ်ဘူး။ အင်္ဂလန်နိုင်ငံ ကလပ်အသင်းတွေရဲ့ နည်းပြဟာ ပြင်သစ်လူမျိုးလည်း ဖြစ်နိုင်တယ်။ ပေါ်တူဂီလူမျိုးလည်း ဖြစ်နိုင်တယ်။ ဒါဟာ မတူညီမှုတွေကို နားလည်မှုတည် ဆောက်လို့ရတယ် ဆိုတာကို နမူနာ ပြလိုက်တာပဲဖြစ်တယ်။
ဒါပေမဲ့ ထိုထိုသော ဘောလုံးသမားများနဲ့ ဖွဲ့စည်းထားတဲ့ ကလပ်အသင်းဟာ ဘောလုံးကွင်း၊ ကစားပွဲရောက်တဲ့အခါ နားလည်မှု လွဲသွားတယ်ဆိုတာ မဖြစ်တော့ဘူး။ ဘောလုံးသမားအချင်းချင်း နားလည်မှု (အထာ) ကျေညက်နေကြပြီး ဘောလုံးရသကို လှပစွာ အသုံးတော်ခံ ကစားပြသွားကြတာ တွေ့ရတယ်။
ကလပ်အသင်းထဲမှာ
ဘာကြောင့်လဲ။ အသင်းသားတွေဟာ ဘောလုံးကလပ် တည်ရှိရာမှာ တစုတဝေးတည်း နေထိုင်ရတယ်။ ဒီလို တစုတဝေးတည်း နေထိုင်ရာမှာ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးကျွမ်းဝင် လာကြတယ်။ မနက်မိုးလင်း၊ မျက်စိနှစ်လုံး ဖွင့်လိုက်တာနဲ့ အသင်းသားတွေဟာ တစ်ယောက်ကိုတစ်ယောက် တွေ့လိုက်ရတယ်။ မျက်နှာသစ်ပြီး မနက်စာစားပြန်လည်း အတူတူပဲ။ သူဘယ်လို မနက်စာကြိုက်သလဲ။ အချိုကြိုက်သလား။ အခါးကြိုက်သလား။ အအေးကြိုက်သလား။ အပူကြိုက်သလား။ နိစ္စဓူ၀ ဆက်ဆံနေရတာကြောင့် တစ်ယောက်အကြိုက် တစ်ယောက်သဘောကို တစ်နေ့နည်းနည်းနဲ့ သိလာကြတယ်။ ထို့အတူ ရေချိုးလည်း အတူတူ။ အဝတ်အစားဝတ်လည်း အတူတူ။ သူကအနီကြိုက်တယ်။ ဟိုတစ်ယောက် အစိမ်းရောင်ကြိုက်တယ်။ နောက်တစ်ယောက်က အဝါကြိုက်တာ။ ဒီတစ်ယောက်က ဘာအရောင်ဖြစ်ဖြစ် ဝတ်တတ်တယ်။ နေ့လယ်စာ စားကြတော့လည်း တစ်ယောက်အကြိုက် တစ်ယောက်အထာ တစ်ယောက်သိမြင် ကြရပြန်ရော။ ခြေထောက်ဘယ်သန်သူက ဘယ်ကို အားပြုကစားသလို ခြေထောက်ညာသန်သူက ညာကိုအားပြုကစား တတ်တာကို တစ်ယောက်နဲ့ တစ်ယောက် သတိပြုမိလာတယ်။ ညနေစောင်း အပန်းဖြေကြတော့လည်း တစ်ယောက်ဝါသနာတစ်ယောက် မတူတာရော တူတာရော တွေ့ရပြန်ရော။
ဒီလိုနဲ့ ကလပ်တစ်ခုတည်းမှာ နှစ်ရှည်လများ အတူတကွ နေထိုင်စားသောက်၊ အတူအိပ်၊ အတူသွား၊ အတူနေလာကြတာဟာ တစ်ယောက်စရိုက်ကို တစ်ယောက်ဟာ လေ့လာစရာမလိုဘဲ သတိပြုမိလာကြတယ်။ သူ့ဆီကစရိုက် ကိုယ့်ဆီကူးစက် လာသလို ကိုယ့်ဆီကစရိုက် သူ့ဆီကူးစက်သွားတယ်။ ကြာလာတော့ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ စရိုက်ဟာ တဖြည်းဖြည်းတူညီလာတယ်။ တစ်ယောက်ကိုတစ်ယောက် အပြစ်မြင်စရာ လျော့ပါးလာပြီး အချစ်တွေ ဝင်လာကြတယ်။ ဒီအတွက် သည်းခံမှုနဲ့အတူ နားလည်မှုတွေ ဖြစ်ထွန်းလာတယ်။ သီးခြားတည်ဆောက် စရာမလိုဘဲ နားလည်မှုကို အလိုအလျောက် တည်ဆောက်နေကြတယ်။ နှစ်ရှည်လများ နေထိုင်လာတဲ့ ဘောလုံးသမားတွေဟာ မိသားစုစိတ် ဖြစ်လာတယ်။ အဲဒီလိုနဲ့နားလည်မှု တည်ဆောက်ပြီး ဖြစ်လာတယ်။
ကစားကွင်းထဲမှာ
ပြိုင်ပွဲဝင်ရမယ့် ကစားကွင်းထဲကို ကစားသမား ၁၁ ယောက်ဝင်လာပြီ။ ပွဲမဝင်ခင်က နားလည်မှုစိတ်ဓာတ်ဟာ ပွဲထဲ အထိရင်ထဲမှာ သယ်ဆောင်လာကြတယ်။ ဒါပေမဲ့ ကိုယ့်စိတ်ကိုယ် သတိမထားမိဘူး။ နည်းပြညွှန်ကြား ထားတဲ့အတိုင်း ကစားသမားတွေဟာ သူ့နေရာသူ နေရာယူလိုက်ကြတယ်။ ဒိုင်လူကြီးက ဝီစီ မှုတ်လိုက်တယ်။
ဘောလုံးက ခြေထောက်တွေရဲ့ ကန်ပို့ချက်အရ ရွေ့လျားနေရတယ်။ ဘောလုံးသမားတွေရဲ့ ခြေထောက်တွေဟာ ဘယ်ကိုကန်ပို့ရမယ်ဆိုတာ အလိုလို သိနေကြတယ်။ အဲဒီအသိစိတ်ဟာ နားလည်မှုက ဖြစ်ပေါ်လာတဲ့ အသိစိတ်ပဲ။ ဒီလိုနားလည်မှု တည်ဆောက်ထားတဲ့ အသိစိတ်ရှိတဲ့ အသင်းဟာ ပြိုင်ပွဲတိုင်းမှာ ပြိုင်ဘက်အသင်းကို အနိုင်ရခဲ့တယ်။ နည်းစနစ်၊ နည်းဗျူဟာ၊ ကျွမ်းကျင်မှု၊ ကြံ့ခိုင်မှုစတာတွေအပြင် နောက်ဆုံးလိုအပ်ချက်က နားလည်မှုပဲဖြစ်တယ်ဆိုတာ ကစားကွင်းထဲ ရောက်လာတဲ့အခါ ပိုမိုသဘော ပေါက်လာကြတယ်။
နားလည်မှုဆိုတာ တစ်ပွဲတိုးတည်ဆောက်လို့မရဘူး။ နားလည်မှုကို အတင်းအကျပ် တည်ဆောက်ယူလို့ မရဘူး။ တစ်ယောက်ဘ၀ တစ်ယောက် ထိတွေ့ဆက်ဆံခြင်း၊ အခြေအနေတစ်ခုမှာ အတူတကွ နေထိုင်ခြင်း၊ ရုန်းကန်ခြင်း၊ ပြဿနာတစ်ခုကို အတူရင်ဆိုင်ခြင်း၊ စတာတွေ ကြုံတွေ့လာမှသာ နားလည်မှုဆိုတာ ဖြစ်ထွန်းလာမှာ။ ဒီလိုဖြစ်ထွန်းလာတဲ့ နားလည်မှုကသာ ရေရှည်တည်တံ့မှာ။
ခုလည်း မြန်မာ့နိုင်ငံရေးမှာ ပတီစုံရွေးကောက်ပွဲ ကျင်းပတော့မယ်။ ကဲဒီမှာလည်း နားလည်မှုရှိတဲ့ပါတီနဲ့ နားလည်မှု လွဲနေတဲ့ပါတီတွေ ဝင်ပြိုင်ကြမှာ။ ပွဲမဝင်ခင် နားလည်မှုတည်ဆောက်ကြဖို့ ပါတီတွေ ပြင်ဆင်သင့်တယ်။ ကိုယ့်အကျိုး တစ်ခုတည်းအတွက်သာ ကြည့်တတ်ကြလို့ ထိုသူမှာ နားလည်မှုဆိုတာ ရှိမယ်မထင်ဘူး။ အများအကျိုး ရှေးရှုသူက အများနဲ့ပူးပေါင်း လုပ်ဆောင်ရမှာဖြစ်လို့ အများနဲ့နားလည်မှု ရှိရမယ်။ အများ (ပြည်သူ)ကို နားလည်ဖို့ဆိုတာက အထက်မှာ တင်ပြခဲ့သလို အများနဲ့ ပူးပေါင်းနေထိုင်ရမယ်။ ပူးပေါင်းဆောင်ရွက်ရမယ်။ အများနဲ့တစ်သားတည်း မဟုတ်တောင် နီးကပ်နိုင်သရွေ့ အများနဲ့နီးကပ်မှုရှိရမယ်။ ဒါမှသာ နားလည်မှု တည်ဆောက်နိုင်မယ်။
ဘောလုံးလောကမှာလည်း တစ်ပွဲတိုးလေ့ကျင့်ခန်းဆင်းပြီး ပြိုင်ပွဲဝင်ကန်နေရုံနဲ့ အောင်နိုင်ဖို့ဆိုတာ ဝေးနေဦးမှာ။
ပြိုင်ပွဲဝင် ယှဉ်ပြိုင်ရေးထက် ပြိုင်ပွဲဝင်အသင်းသား အချင်းချင်း နားလည်မှုရှိရေးက ပဓာနကျတယ်။ ဒါကြောင့် နားလည်မှု တည်ဆောက်နိုင်ဖို့ အသင်းသားအချင်းချင်း နှစ်ရှည်လများ အတူတကွ နေထိုင်ဖို့ camp သွင်းထားရမယ်။ မိုးလင်းမှ မိုးချုပ် အသင်းသားအချင်းချင်း ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး တပူးပူးတတွဲတွဲ နေထိုင်စားသောက်သင့်တယ်။ ထိုသို့သော အခြေအနေမှသာလျှင် ပြိုင်ပွဲကွင်းထဲ ရောက်တဲ့အခါမှာ “နားလည်မှု လွဲသွားတယ်” ဆိုတာမျိုး မဖြစ်တော့မှာပါ။
ဒါကြောင့် ဘောလုံးအသင်းပဲ ဖွဲ့ဖွဲ့၊ လူမှုရေးအဖွဲ့အစည်းပဲ တည်ထောင် တည်ထောင်၊ နိုင်ငံရေးပါတီပဲ ဖွဲ့ဖွဲ့  နားလည်မှု တည်ဆောက်နိုင်ရေးအတွက် ရင်းနှီးချစ်ကြည်စွာ ပူးပေါင်းနေထိုင်ရမှာ ဖြစ်တယ်။ တစ်ဦးကိုတစ်ဦး အပြန်အလှန် လေးစားမှုနဲ့ လေ့လာသင်ယူမှု ပြုကြရမယ်။
တပ်မတော်က တပ်မတော်အတွက်။ ပါတီကပါတီအတွက်၊ ပြည်သူက ပြည်သူအတွက်သာ စဉ်းစားပြီး သီးသီးခြားခြားနေခြင်းက နားလည်မှုတည်ဆောက်ဖို့ အတားအဆီးတွေ ဖြစ်နေမှာပဲ။
တပ်မတော်၊ ပါတီ၊ ပြည်သူတွေကြားမှ အတ္တကန့်လန့်ကာများ ဖြိုချကာ တစ်ယောက်ဘဝနဲ့ တစ်ယောက်ဘ၀ မေတ္တာနဲ့ခံစား၊ သံယောဇဉ် တွယ်တာအောင် အတူတကွ ယှဉ်တွဲနေထိုင်ခြင်းမှသည် နားလည်မှု တည်ဆောက်ကြပါစို့။ ဘောလုံးအသင်းမှာပင်လျှင် နားလည်မှုလွဲသွားရင် အရှုံးနဲ့ ရင်ဆိုင်ရတတ်တယ်ဆိုရင် တိုင်းပြည်အတွက်ဆို နားလည်မှုဟာ ဘယ်လောက် အရေးပါ မှန်းခန့်မှန်းကြည့်နိုင်တယ်။ ဒါကြောင့် တိုင်းပြည်အတွက် “နားလည်မှု လွဲသွားတာမျိုး မဖြစ်သင့်တော့ပါကြောင်း။”