အမေ့သား ဆယ့်ရှစ်နှစ်ပြည့်ပြီ

အမေ့သား ဆယ့်ရှစ်နှစ်ပြည့်ပြီ
Published 27 June 2015
မောင်တင်ဦး (မြောင်းမြ)

အမေ့သား
 
အမေ့သား ၁၈ နှစ်ပြည့်မွေးနေ့ကို ခမ်းခမ်းနားနားကျင်းပဖိ့ု အမေပြင်ဆင်နေတယ်။ သားဟာ မြောင်းမြမြို့မှာ မွေးဖွားခဲ့ပြီး ရန်ကုန်မှာကြီးပြင်းခဲ့သူ တစ်ယောက်ဖြစ်တယ်။ ရန်ကုန်မြို့ရောက်တော့ နာမည်ကြီးကျောင်းမှာ ထားတယ်။ ဝိုင်းကောင်းကောင်းမှာ စာသင်ပေးတယ်။ ၁၅ နှစ်ကျော်မှာ တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးလေခုနဲ့ အောင်ပြန်တယ်၊၊
 
အမေပျော်မဆုံးခဲ့ဘူး။ သားတစ်ယောက်ဘဝအတွက် ရင်အေးရပြီ။ တက္ကသိုလ်တက်မယ့်သားအတွက် တစ်ခါ အမေပြင်ဆင်ရပြန်ရော၊၊ ဘယ်မေဂျာတက်ရမလဲ။ ဘယ်ကျူရှင်အပ်ရမလဲ။ ကျောင်းကို ဘာနဲ့တက်ရမလဲ။ ကျောင်းကားလား။ ရထားလား။ ပြင်ပဘတ်စ်ကားလား။ အမေတွက်ရချက်ရ အားရတယ်မရှိဘူး။ ဒါပေမဲ့ အမေမျက်နှာမှာ ပင်ပန်းတယ်လို့ မမြင်ရဘူး။ ရွှင်လို့၊ ပျော်လို့။ သားအတွက်ကျရတဲ့ချွေး အမေ့ရင်ကို အေးမြစေတယ်။
 
အခု သားကြီးတက္ကသိုလ်ကျောင်းသား ဖြစ်လာပြီ။ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှာ ဝင်ခွင့်ရခဲ့တယ်။ ဘာပဲဖြစ်ဖြစ် သားတစ်ယောက် ဆေးကျောင်းသားဖြစ်လာပြီ။ ဒါပေမဲ့ အမေကတော့ သားကိုချစ်၍တစေ၊ အိမ်မှာနေစေမှာ မဟုတ်ဘဲ။ ချစ်လို့ကို အိမ်ရဲ့ ပြင်ပမှာပညာရှာဖို့၊ လူသားတစ်ယောက်ရဲ့တာဝန်ကျေပွန်ဖို့ တိုက်တွန်းအားပေးခဲ့တယ်၊၊
 
သားကလည်း လိမ္မာရှာတယ်။ ပရဟိတလုပ်ငန်း၊ ရပ်ကွက်ထဲက စာကြည့်တိုက်၊ နာရေးကူညီမူအသင်းတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားတယ်။ သားက အသက်ငယ်သေးတာကြောင့် ဘယ်မှာပါဝင်လှုပ်ရှား လှုပ်ရှား လူကြီးတွေရဲ့ခိုင်းတာ လိုက်လုပ်ရတာပေါ့။ ဒါပေမဲ့ သားက နည်းနည်းလေးမှ မညည်းညူဘူး။ သူ့ကိုယ်သူ နှိမ့်ချပြီး လုပ်ငန်းအောင်မြင်ရေးအတွက် ဘာမဆို ပါဝင်လှုပ်ရှားတယ်။ ဒါကြောင့် ရပ်ကွက်ထဲ လူချစ်လူခင်များတယ်။
 
■ ၁၈ နှစ်ပြည့် မွေးနေ့
 
သားကို ၁၈ နှစ်ပြည့်မွေးနေ့က ၂၀၁၅ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့ ဖြစ်တယ်။ တိုက်တိုက်ဆိုင်ဆိုင်၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ ကျင်းပမယ့်နေ့နဲ့လည်း နီးကပ်ရတယ်။ အသက် ၁၈ နှစ်ပြည့်တယ်ဆိုတာ လူတစ်ယောက်အတွက် အလွန်အရေးကြီးတဲ့နေ့ ဖြစ်တယ်။ အသက်၁၈ နှစ်ပြည့်ပြီဆိုတာ လူ့ဘဝသတ်မှတ်ချက်အရ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု ပြည့်စုံပြီ။ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုပြည့်စုံပြီ။ အရိုး၊  အဆစ်၊ အသား၊ အရေပြား၊ အမွေးအမှင် ပြည့်စုံပြီ။ ပညာရည်အရ အထက်တန်းပညာ အဆင့်ကျော်လွန်ခဲ့ပြီ။ ဉာဏ်ရည်ပြည့်စုံပြီ။ မိမိဘဝကို မိမိဘာသာ လွတ်လပ်စွာ တည်ဆောက်လို့ရပြီ။ မိမိယုံကြည်ရာကို မိမိဆုံးဖြတ်ချက်အတိုင်း လုပ်ကိုင်ခွင့်ရပြီ။ မိမိဆုံးဖြတ်ချက်ကို မိမိဘာသာ တာဝန်ယူနိုင်ပြီ။  တာဝန်ခံနိုင်ပြီ။ အဲဒါကိုမှ လူဖြစ်တယ်လို့ ဆိုနိုင်တာ။
 
အမေချစ်တဲ့သားကို အမေလွတ်လပ်ခွင့်ပေးလိုက်ပြီ။ အမေက ချစ်လွန်းလို့ သားကို အမေ့ဘဝထဲမှာ လှောင်ပိတ် သော့ခတ်ထားဖို့ စိတ်တောင်မကူးမိဘူး။ သားခြေတောက်ပေါ် သားရပ်ပြီး သားဘဝတစ်သက်စာကို သားယုံကြည်ချက်နဲ့အတူ လျှောက်လှမ်းဖို့ အမေ့ရဲ့ချုပ်ချယ်မှု (အရိပ်) အောက်က လွတ်မြောက်ခွင့်ပေးလိုက်ပြီ။
 
၁၈ နှစ်ဆိုတဲ့ အသက်အရွယ်က အစစအရာရာ ရင့်ကျက်စပြုလာပြီး။ ရဲရင့်တက်ကြွတဲ့အရွယ်ဖြစ်သလို တွေဝေငေးငိုင်နေတဲ့အရွယ် မဟုတ်ဘူး။ လောကပညာ အတော်အသင့်တတ်မြောက်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးကာ  လွတ်လပ်မှုကို မွေ့လျော်တတ်ပြီ။ သားလို အရွယ် ၁၈ နှစ်ပြည့်ပြီးသူတိုင်းဟာ တိုင်းပြည်ရဲ့တာဝန်ကို စတင်ထမ်းဆောင်ရမယ့်အရွယ် ရောက်ပြီ။ ဆိုတော့ တိုင်းပြည်ကို အုပ်ချုပ်သူအဖြစ်သော်လည်းကောင်း၊ တိုင်းပြည်အုပ်ချုပ်မယ့်သူကို ရွေးချယ်ပေးရမယ့် ပြည်သူတစ်ယောက်အဖြစ်သော်လည်းကောင်း တာဝန်ကျရောက်လာပြီဖြစ်တယ်။ အဲဒါကိုမှ နိုင်ငံ့သားကောင်း ပီသတယ်လို့ ဆိုနိုင်တာ။
 
■ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပတော့မည်
 
သားမွေးနေ့ကျင်းပမယ့် အောက်တိုဘာ ၃၁ ရက်နေ့ဟာ နိုဝင်ဘာလအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲအတွက် အသက်ပြည့်မီတဲ့ရက် ဖြစ်နေတာကိုး။ ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် ပြည့်ပြီး ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူတိုင်း မဲပေးနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဥပဒေကို ဒုတိယအကြိမ်  ပြင်ဆင်သည့်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်ကြောင်း သတင်းစာများမှာ ဖော်ပြပါရှိတာကို ဖတ်လိုက်ရတယ်။ ဒါဆို သားက မဲပေးခွင့်ရပြီပေါ့။ ဒီမဲပေးခြင်းက သားအတွက် ပထမဆုံး မဲပေးပွဲဖြစ်တယ်။ သားရဲ့ ပထမဆုံးအတွေ့အကြုံပေါ့။
 
သား ဘယ်သူ့ကို မဲပေးရမယ်။ ဘယ်သူ့ကို မဲမပေးရဘူးဆိုတာ အမေပြောမှာ မဟုတ်ဘူး။ ရွေးချယ်ပေးမှာ မဟုတ်ဘူး။ သား ၁၈ နှစ်ပြည့်လာတဲ့အတွေ့အကြုံ၊ ကျောင်းစာသင်ခန်းထဲ ရတဲ့အတွေ့အကြုံ၊ စာပေလေ့လာဖတ်ရှုရာမှရတဲ့ အတွေ့အကြုံ၊ ပတ်ဝန်းကျင်မှရတဲ့ အတွေ့အကြုံ၊ သူငယ်ချင်းအပေါင်းအသင်းများရဲ့ မတူကွဲပြားတဲ့ ဘဝအတွေ့အကြုံ စတဲ့ လောကအတွေ့အကြုံတွေထဲက သားယူတတ်သလိုယူ။ ဘယ်သူမှန်လဲ။ ဘယ်သူမှားသလဲ။ သားကိုယ်ပိုင်အသိနဲ့ဆုံးဖြတ်။ ကိုယ့်ဆုံးဖြတ်ချက်က ရလာတဲ့ ရလဒ်က ကိုယ့်ဘဝပဲ။ ဒါပေမဲ့ အမေ့ဝမ်းထဲ ကိုးလလွယ် ဆယ်လဖွားလာရတဲ့သားဆိုတော့ သားမဆုံးဖြတ်ခင်လေး အကြံပေးချင်တယ်။ ဒီလိုအကြံပေးတာ သားအတွက် အကြံပေးတာတင်မဟုတ်ဘဲ တစ်တိုင်းပြည်လုံး နဲ့ ပတ်သက်နေလို့ အကြံပေးတာ။
 
လူအတော်များများက ၂၀၁၅ ရွေးကောက်ပွဲကို စိတ်မဝင်စားကြဘူး။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတုန်းက အဖြစ်အပျက်ဟာ လူအတော်များများကို ခြောက်လှန့်နေတာ။ တစ်ခါ အညာခံရပြီးပြီ။ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း ဒုတိယအကြိမ် နောက်တစ်ခါအညာခံရပြန်တယ် ။ မဲခိုးတာ၊ မဲလိမ်တာ၊ ကြိုတင်မဲတွေ တစ်ထပ်ကြီးနဲ့ ပြည်သူတွေကို လိမ်ခဲ့တာပဲ မဟုတ်လား။
 
ဒီလိုအခြေအနေကို သဘောမကျတဲ့ ပြည်သူအချို့က မဲမပေးချင်ကြဘူး။ မဲပေးလည်း ရှုံးမှာပဲ။ အညာခံရဦးမှာပဲ။ သားကလည်း ၂၀၁၅ ရွေးကောက်ပွဲကို မယုံဘူး။ မဲ မပေးချင်ဘူး။ ဒီတော့ သားရဲ့အတွေးအခေါ် က သဘာဝကျနေပြန်ရော။ သားလိုလူမျိုးတွေ များနေရင် မဲမပေးဘဲနေကြရင် မဲပေးတဲ့ လူတွေပဲ အနိုင်ရသွားမှာ။ မဲမပေးချင်အောင် စီစဉ်ထားတဲ့ပုဂ္ဂိုလ်တွေ အကြိုက်ဖြစ်သွားမှာ။
 
ဒါကြောင့် သား သေချာပေါက်မဲပေးပါ။ သားကြိုက်တဲ့လူကို မဲပေးပါ။ သားနဲ့အတွေးတူတဲ့သူတွေ၊ သားနဲ့ ခံစားချက်ညီတဲ့လူတွေ၊ စုပေါင်းလိုက်ရင် ရာဝင်အိုးဆံ့ ဆီအိုးဟာ အပြည့်ဖြစ်သွားမှာ။ သားဘက်က မဲတစ်မဲလျော့သွားတာဟာ သားရဲ့ဆန့်ကျင်ဘက်က မဲတစ်မဲ တိုးသွားတယ်ဆိုတာ အမေပြောပါရစေ၊၊
 
ပြီးတော့ ၁၈ နှစ်ပြည့်မှစလို့ အရွယ်ရောက်သူတိုင်းဟာ နိုင်ငံ့တာဝန် (သို့) နိုင်ငံရေးတာဝန်ကို ဘယ်သူကမှ စေ့ဆော်ပေးစရာမလိုဘဲ ကျေပွန်စွာထမ်းဆောင်ရမယ်။ အထူးသဖြင့် အမေတို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးမယ့်သူကို သားတို့လို ၁၈ နှစ်ပြည့်ပြီးသူတိုင်းက ရွေးချယ်ပေးရမယ်။ ချောက်ထဲကျသွားလို့ ကယ်တင်တာပါဆိုတဲ့လူတွေ၊ ချောက်ထဲကျအောင် ဆွဲချနေတဲ့သူတွေကို တားဆီးဖို့အရေးက သားတို့ရဲ့ရွေးချယ်မဲပေးခြင်းပဲ။
 
နောက်ထပ် သားကိုပြောပြချင်တာက  ရွေးကောက်ပွဲမှာ မဲပေးတာဟာ နိုင်ငံရေးသမားရဲ့အလုပ်ပဲလို့ မထင်စေချင်ဘူး။ ကောင်းမွန်တဲ့နိုင်ငံရေးသမားကို ရွေးချယ်ပေးနိုင်တဲ့ နိုင်ငံသားတိုင်းရဲ့ အခြေခံကျတဲ့ ပဓာနအလုပ် ဖြစ်တယ်။ ဒီနိုင်ငံထဲနေရင် ဒီနိုင်ငံ့တာဝန် ထမ်းဆောင်ရမယ်။ မွေးရာပါအမျိုးသားရေး တာဝန်လည်းဖြစ်တယ်။
 
ဆိုတော့ သား၊၊ အောက်တိုဘာ ၃၀ ရက် မှာ သားအတွက် အမေလုပ်ပေးမယ့် ၁၈ နှစ် ပြည့်မွေးနေ့ပွဲဟာ သားတစ်ယောက်တည်းအတွက်သာမက ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်းအတွက် ရည်စူးပြီး မွေးနေ့လုပ်ပေးတာ ဖြစ်တယ်။
 
အခုတော့ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၃၀ ရက်မှ အသက်ပြည့်မယ့် သား။ မဲစာရင်း မှာ ပါ မပါ အမေသွားကြည့်လိုက်ဦးမယ်။ သားလည်း တစ်ပါတည်းလိုက်ခဲ့လေ။