နိုင်ငံခြားငွေလဲနှုန်းနှင့်အတူ မြင့်တက်လာခဲ့သော ပြည်တွင်းဆန်ဈေး ငွေလဲနှုန်း ကျဆင်းသွားသော်လည်း ပြန်လည်ကျဆင်းခြင်း မရှိဘဲ အမြင့်ဈေးဖြင့် ဆက်လက်ရှိနေ

နိုင်ငံခြားငွေလဲနှုန်းနှင့်အတူ မြင့်တက်လာခဲ့သော ပြည်တွင်းဆန်ဈေး ငွေလဲနှုန်း ကျဆင်းသွားသော်လည်း ပြန်လည်ကျဆင်းခြင်း မရှိဘဲ အမြင့်ဈေးဖြင့် ဆက်လက်ရှိနေ
Published 22 June 2015
ဇော်ဝေ

နိုင်ငံခြားငွေလဲနှုန်းနှင့်အတူ ပြည်တွင်း ဆန်ဈေးသည် ယခုလအစောပိုင်းအတွင်း ရာခိုင်နှုန်း ၂၀ ဝန်းကျင် မြင့်တက်လာပြီးနောက် လက်ရှိအချိန်တွင် ဒေါ်လာငွေလဲနှုန်းမှာ ကျဆင်းနေပြီဖြစ်သော်လည်း ပြန်လည်ကျဆင်းခြင်း မရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ဇွန်လအတွင်း ဆန်တစ်အိတ်လျှင် ကျပ် ၁၀၀၀ ဝန်းကျင်မြင့်တက်ခဲ့ပြီး ဆန်ကွဲပါဝင်မှု ၃၅ ရာခိုင်နှုန်းရှိသည့် ဆန်ကြမ်းတစ်တင်းခွဲ တစ်အိတ်လျှင် ကျပ် ၁၆၀၀၀ မှ ၁၇၀၀၀ အကြား ဘုရင့်နောင်လက်ကား ဈေးကွက်တွင်ဖြစ်ပေါ်ပြီး ဧရာဝတီတိုင်း ဒေသကြီးမှ ဆန်အဓိကဝင်ရောက်ရာ လမ်းမတော်မြို့နယ် ဝါးတန်းဆန်ဒိုင် ဈေးကွက်တွင် ဆန်ကြမ်းတစ်အိတ် ကျပ် ၁၇၀၀၀ မှ ကျပ် ၂၁၅၀၀ အကြားတွင် ရှိနေကြောင်း သိရသည်။  ယခုတစ်ကြိမ် ဆန်ဈေးမြင့်တက် မှုမှာ ပြည်ပတင်ပို့မှုနှင့် ပြည်တွင်း ဆန်လို အပ်ချက်များထက် နိုင်ငံခြားငွေလဲနှုန်းကြောင့် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေါ်လာဈေးနှင့်အတူ ဆန်ဈေး ပြန်လည်ကျဆင်း နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူများက သုံးသပ်ပြောကြားခဲ့ ကြသော်လည်း ဈေးကွက်အတွင်း ဆန်ဈေးမှာ ကျဆင်းခဲ့ခြင်းမရှိကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း ဆန်တစ်အိတ် လျှင် ကျပ် ၂၀၀၀ ခန့်မြင့်တက်ခဲ့ကြောင်း၊  ယခင်က ဆန်တစ်အိတ်လျှင် ကျပ် ၃၀၀၀၀ ဝန်းကျင်သာပေးနေရရာမှ ယခု ကျပ် ၃၂၀၀၀ ပေးဝယ်ရကြောင်းလည်း တာမွေအဝိုင်းအနီးရှိ ရခိုင်ထမင်းဆိုင်မှ ဆိုင်ရှင်တစ်ဦးကလည်း ပြောကြားသည်။
တာမွေမြို့နယ်အတွင်းရှိ ဆန်လက်လီ ရောင်းချနေသည့် ဆန်ဆိုင်မှ ဆိုင်ရှင်တစ်ဦး ကလည်း ဆန်ဈေးနှုန်းမှာ ယခင် သီတင်းပတ်များအတိုင်း အမြင့်ဈေးဖြင့် တည်ငြိမ်နေကြောင်း ပြောကြားသည်။
ယခုတစ်ကြိမ် ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်မှုအနေဖြင့် ဒေါ်လာဈေးနှင့် တိုက်ရိုက်စပ်ဆက်မှု ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။
“ပြည်တွင်းဆန်ဈေး တက်တာကတော့ အကြမ်းဖျင်းက ရာခှိုင်နှုန်း ၂၀ လောက် ရှိတယ်။ ဒေါ်လာဈေး တက်တာပေါ်လည်း မူတည်တာပေါ့။ အားလုံးကတော့ ချိတ်ဆက်နေတာ။ ဒေါ်လာဈေးတက်တဲ့ ရာခိုင်နှုန်းအတိုင်း ကျွန်တော်တို့ တက်သွားတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက အသင်းစီမံခန့်ခွဲမှု ကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင် ကောင်စီတို့ တွေ့ဆုံပွဲအပြီးတွင် မီဒီယာများကို ပြောကြားသည်။
“ဈေးကျဖို့အတွက် ဆန်စပါးတစ်ခုတည်း ချလို့မရဘူး။ ဒေါ်လာဈေးအပေါ်မှာလည်း မူတည်တယ်။ ဒေါ်လာဈေးကျလို့ ဆန်ဈေးလိုက်မကျပေမယ့် ဒေါ်လာဈေးတက်တဲ့အတွက် ဆန်ဈေးလိုက်တက်တယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဆက်သွယ်ရေးစနစ်က  မကောင်းခင်တုန်းကလို မဟုတ်တော့ လယ်သမားတွေက အကုန်လုံးသိနေတယ်။ ဒေါ်လာဈေးတက်တဲ့ အတွက်ကြောင့်မို့လို့ ကန်စွန်းရွက်ဈေးလည်း တက်ရမှာပဲ။ ကန်စွန်းရွက်က ဒေါ်လာနဲ့ မဆိုင်ပေမယ့် သူပြန်သုံးတဲ့ ပစ္စည်းတွေက ဒေါ်လာနဲ့ဆိုင်တယ်။ ဆန်ဈေးတက်တယ် ဆိုတာကလည်း သူသုံးတဲ့ သယ်ယူပို့ဆောင်စရိတ် ကားခ တက်လာမယ်။ အလုပ်သမားခ ဈေးတက်လာမယ်။ ထွန်စက်ဈေးတက်လာမယ်။ ဓာတ်ဆီဈေး တက်လာမယ်။ ကျွန်တော်တို့ မြင်တာကတော့ ဆန်ဈေးတစ်ခုတည်း ချလို့မရဘူး။ ငွေလဲနှုန်းမြင့်ပြီး Inflation ဖြစ်လာတဲ့အတွက်ကြောင့်မို့ ဖြစ်တာလို့ ကျွန်တော်တို့ မြင်တယ်” ဟုလည်း ဒေါက်တာစိုးထွန်းက ပြောကြားသည်။
“အများစိုးရိမ်နေကြတာက ပြည်တွင်းဆန်ဈေးက တက်နေတယ်။ တက်နေတဲ့အခါကျတော့  ကျွန်တော်တို့ ဝိုင်းဆွေးနွေးတာကတော့ တစ်ခုကဘာလဲဆိုတော့ Export အနေအထားကို ပြန်ထိန်းတဲ့ အနေအထားဖြစ်တယ်ပေါ့။ ဘာလို့လဲဆိုတော့ ပြည်တွင်းဆန်ဈေးကျရင် ပြည်ပကို ဆန်တွေအားလုံး ဝယ်ပြီးတော့ ပို့လိုက်မယ်။ အဲဒါကြောင့် မူဆယ်တို့ ပြည်ပ Export အနေအထားကို မေးကြည့်တဲ့ အခါကျတော့  ပြည်ပသင်္ဘောတင် အနေအထားကတော့ မရှိဘူး။ ဆန်ကွဲလောက်ပဲ ပို့လို့ရတယ်။ ဒီအရင်တုန်းက ရောင်းနေတဲ့ အာဖရိကဈေးကွက်တို့ ဘာတို့လည်း မရှိဘူး။ အခုလက်ရှိသွားနေတာကတော့ တရုတ်နယ်စပ်မှာ ဆန်တွေ တစ်ရက်ကို ဆန်တန်ချိန် တစ်ရက်ကို ၂၀၀၀ ကနေ ၃၀၀၀ သွားနေတယ်။ ဆန်ကွဲတန်ချိန် ၁၀၀၀ ကျော်ပို့တယ်။ အဲဒါလည်း ဒီရက်ပိုင်းအတွင်းမှာ ပြည်တွင်းဆန်ဈေး မြင့်လာတဲ့အတွက်ကြောင့်မို့လို့ အများကြီးမကိုက်တော့ဘူး။ ဒေါ်လာဈေးကလည်း ပြန်ပြီးတော့ အေးလာတယ်။ အရင်က ၁၃၀၀ ကျပ် လောက်ကနေ ၁၂၀၀ လောက် ပြန်ဖြစ်လာတဲ့ အတွက်ကြောင့်မို့လို့။ ဒီနှစ်ဆန်ဈေး လောလောဆယ် တက်တာက ဘာကိုသွား အထောက်အကူ ဖြစ်လဲဆိုရင် Exporter ကို သွားပြီးတော့ ပြန်ပြီးတော့ ထိန်းသွားတယ်” ဟု ဒေါက်တာစိုးထွန်းက ပြောကြားသည်။
လတ်တလောတွင် ပြည်ပသို့ ပင်လယ်ရပ်ခြားတင်ပို့မှု မရှိသလောက် ရှိနေကြောင်း၊ စာချုပ်အသစ် ထပ်မံချုပ်ဆိုထားခြင်း မရှိကြောင်း၊ နယ်စပ်မှ တရုတ်သို့ တင်ပို့မှုအနေဖြင့် တစ်ရက်လျှင် ဆန်တန် ၂၀၀၀ မှ ၃၀၀၀၊ ဆန်ကွဲ တန် ၁၀၀၀ ခန့် နေ့စဉ်တင်ပို့မှုရှိကြောင်း သိရသည်။                   
 

Most Read

Most Recent