ရိုးရာစကားပုံများကို ချစ်ပါ

ရိုးရာစကားပုံများကို ချစ်ပါ
Published 22 June 2015
ဘစံကောက်

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်း လူမျိုးတိုင်းမှာ သူတို့နိုင်ငံ သူတို့လူမျိုးတွေ ပြောဆိုသုံးစွဲနေတဲ့ စကားလည်းရှိသလို စာပေဆိုတာလည်း ရှိကြတာများပါတယ်။ စကားထဲမှာမှ ရှေးဘိုးဘွား မိဘတွေက နောင်သားသမီးမြေးမြစ် အစဉ်အဆက်ကို လိမ္မာရေးခြား ရှိအောင်နဲ့ သတိပြုဆင်ခြင်စရာဖြစ်အောင် ထုံးဟောင်း သာဓကတွေနဲ့ယှဉ်ပြီး ပြောခဲ့တဲ့စကား တစ်မျိုးရှိပါတယ်။ အဲဒါကတော့ ‘စကားပုံ’ တွေပါပဲ။
စကားပုံတွေဟာ လက်ရှိမြင်တွေ့နေရတဲ့ အခြေအနေ တစ်ရပ်ကို အခြားဖြစ်ပေါ်ခဲ့ဖူးတဲ့ အခြေအနေ တစ်ရပ်ရပ်နဲ့ နှိုင်းယှဉ်ပုံပြပြီး မြင်သာထင်ရှားအောင် ပြောဆိုကြတဲ့ စကားတစ်မျိုးပါပဲ။ ပြောသူကိုယ်တိုင်က အခြေအနေ အချိန်အခါနဲ့ အံဝင်ခွင်ကျဖြစ်အောင် ပြောတတ်ခဲ့ရင် အလွန်ထိရောက်တာလည်း တွေ့နိုင်ပါတယ်။ ဒါ့အပြင် အပြောခံရသူ ကိုယ်တိုင်မှာလည်း သတိပြုဆင်ခြင်နိုင်စရာ အကျိုးတရား တစ်ခုကိုလဲ ရနိုင်ပါတယ်။ ပမာအားဖြင့် ကိုယ့်ရဲ့အရည်အချင်း အစစ်အမှန်ကြောင့် မဟုတ်ဘဲ ကံတော်ကံငြာ ကြုံဆုံလိုက်ရတဲ့ အခွင့်အရေး တစ်ခုခုကြောင့် အခြေအနေကောင်း တစ်ခုကို ပိုင်ဆိုင်လိုက်ရတဲ့ လူတစ်ယောက်ဟာ မြောက်ကြွမြောက်ကြွ ဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုးတွေ က ‘ကြက်ကန်းဆန်အိုးတိုးတယ်’ လို့ စကားပုံနဲ့ခိုင်းနှိုင်းပြီး ပြောဆိုတတ်ကြပါတယ်။ မျက်စိကန်းနေတဲ့ကြက်ဟာ ဆန်အိုးဘယ်မှာရှိမှန်း အတပ်သိလို့ မဟုတ်ဘဲ ကံစွပ်ပြီးသွားတွေ့တဲ့အခါ အတော်ဟန်ကျသွားတဲ့ အဖြစ်ကို ဥပမာပုံပြပြီး ခိုင်းနှိုင်းလိုက်တာပါပဲ။
စကားပုံတွေဟာ လူတစ်ဖက်သားကို အမှားထောက်ပြီး အပြစ်ပြဆုံးမတာမျိုးချည်းလုပ်ဖို့ ရည်ရွယ်တာတော့ ဟုတ်ဟန်မတူပါဘူး။ တွေ့ဖူးသမျှ စကားပုံအတော်များများမှာတော့ အသိဉာဏ်ပညာရှိပြီး လိမ္မတတ်ပွန်စေဘို့ ရည်ရွယ်ချက်လည်း ထားဟန်ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ပဲ ပြောရမယ်ဆိုရင် မြန်မာပြည်မှာ တိုင်းရင်းသားမျိုးနွယ်ပေါင်း ၁၀၀ ကျော်ရှိပါတယ်။ အလျဉ်းသင့်လို့ ဒီနေရာမှာ တိုင်းရင်းသားတွေ ပြောဆိုလိမ့်ရှိတဲ့ စကားပုံလေးတွေကို ဖော်ပြပေးချင်ပါတယ်။ ဒီတိုင်းရင်းသား စကားပုံလေးတွေကို ဖတ်ကြည့်ပြီးရင်တော့ စကားပုံများရဲ့ ရည်ရွယ်ချက်နဲ့ စေတနာကို စာဖတ်သူတွေ အနေနဲ့ နားလည်လာကြလိမ့်မယ်လို့ အမှန်ပဲ ထင်မြင်မိပါတယ်။
ချင်းလူမျိုးတွေ ပြောဆိုလေ့ရှိတဲ့ စကားပုံလေးတစ်ခုကို ဖော်ပြရရင် ‘‘ရုပ်ရည်ကိုမကြည့် စိတ်နှလုံး အမူအရာကို ကြည့်ရာသည်’’ လို့ ဆိုထားတာ တွေ့ရပါတယ်။ ဟုတ်ပါတယ်။ လူတော်တော်များများက လူနဲ့လူချင်း ပေါင်းသင်းဆက်ဆံ ကြတဲ့အခါ အပေါ်ယံ ရုပ်အဆင်းကိုကြည့်ပြီး ခွဲခြားဆက်ဆံတတ်ကြလေ့ ရှိပါတယ်။ အမှန်တော့ အပေါ်ယံမြင်ရတဲ့ အဆင်းလှဖို့ထက် အတွင်းစိတ်လှပမှုကသာ ပိုပြီးပဓာနာ ကျတယ်ဆိုတဲ့ အချက်ကို မမေ့စေချင်လို့ သတိပေးထားတာပါပဲ။
‘အဇီ’ လူမျိုးတွေပြောတဲ့ စကားပုံကတော့ ‘‘တောင်ယာခုတ်မှားလျှင် တစ်နှစ်၊ မယားအယူမှားလျှင် တစ်သက်’’ ပါတဲ့ မြန်မာတွေမှာလည်း ဒီစကားပုံနဲ့ အလားသဏ္ဌာန်တူတဲ့ စကားပုံမျိုးရှိတာ မှတ်မိနေပါတယ်။ ‘အိမ် ထောင်မှုဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဤသုံးမျိုးချက် မပိုင်လျှင် နောင်ပြင်ရခက် လိမ့်အမျိုး’ လို့ ဆိုထားတာမို့ ဒီကိစ္စတွေက ပြုပြီးမှ မှားမှန်သိလျှင်လဲ ပြင်ဖို့ခက်တတ်ပါတယ်။ လူငယ်တွေ သတိပြုဆင်ခြင်စရာ စကားပုံလေး တစ်ခုပါပဲ။
‘ပအို့ဝ်’ တွေပြောတဲ့ စကားပုံလေးကိုလဲ ကြည့်လိုက်ပါဦး။ ‘ရကန်းမှားလျှင် တစ်ကွက် လင်ယူမှားလျှင် တစ်သက်’ ပါတဲ့။ ပအို့ဝ်လုံမပျိုလေးတွေကို ရှေးပညာရှိ ဘိုးဘွားမိဘတွေက ဒီလိုစကားပုံလေးနဲ့ ပြောပြပြီး ဆုံးမခဲ့တာလို့ ဆိုပေမယ့် မြန်မာပြည်မှာရှိတဲ့ မိန်းကလေးတွေ အားလုံးအတွက်လည်း ဒီစကားပုံလေးက အတော်ပဲမှတ်သားစရာ ကောင်းပါတယ်။ ဒီကနေ့ခေတ်မှာ မြန်မာမိန်းကလေးတွေ အတော်များများ ငွေနဲ့ မျှား မက်လုံးပေးပြီး လူကုန်ကူးခံနေရတာ တစ်ဘက်နိုင်ငံသားတွေရဲ့ ထောင်ချောက်ထဲကို ရောက်ပြီး ဘဝပျက် အရှက်ရနေရတာဟာ ရကန်းမှားလို့ မဟုတ်တာ သေချာပါတယ်။
မွန်လူမျိုးတွေပြောတဲ့ စကားပုံကတော့ အသိအလိမ္မာ မပြည့်စုံ မကြွယ်ဝသေးတဲ့ လူငယ်တွေအတွက် ဆိုတာထက် လူကြီးတွေကို ရည်ရွယ်ပြီး သတိပေးစကား ဆိုချင်ပုံရပါတယ်။ သူ့စကားပုံလေးက မှတ်သားစရာလည်း အတော်ကောင်းပါတယ်။ ‘ငါးပိလောက်ဖြစ် က ဆားထည့်၊ ဆားလောက်ဖြစ်က ထည့်စရာမရှိ’ လို့ ဆိုထားလေတော့ နေရာဌာနအလိုက် အုပ်ချုပ်ရတဲ့ အကြီးအကဲ လုပ်သူတွေ ကိုယ်ကျင့်တရား ပျက်ပြားပြီး မတရားပြုမူလာကြရင် ဘယ်သူကမှ မပြုပြင်နိုင်ကြတာလည်း လောကမှာ လက်တွေ့မျက်မြင် မြင်တွေ့နေရတာမို့ ငြင်းဖို့ခက်ပါတယ်။ မြန်မာတွေ ပြောလေ့ရှိတဲ့ ‘‘ခေါင်ကမှ မိုးမလုံတဲ့ နောက် တံစက်မြိတ်က ဘယ့်နှယ်လုပ်ပြီး လုံနိုင်ပါတော့မလဲ’’ ဆိုတာနဲ့တော့ သဘောချင်းက သိပ်မကွာလှပါဘူး။
ကချင်လူမျိုးတွေ ပြောလေ့ရှိတဲ့ စကားပုံမှာတော့ ‘ဆင်ခြေလှမ်းကို လိုက်လှမ်း၍ နှံပြီစုတ် ပေါင်ပဲ့ရသည်’ ဆိုတာပါပဲ။ လူဆိုတာ ကိုယ့်ဘ၀ ကိုယ့်အခြေအနေနဲ့ တန်ရုံသင့်ရုံ လုပ်ကိုင်ပြောဆို နေတတ် စားတတ်မှ အေးချမ်းပျော်ရွှင်စွာ ဘဝကို ဖြတ်သန်းနိုင်မှာပါ။ ဒီလိုမှမဟုတ်ဘဲ ကိုယ်နဲ့အဆင့်မတူတဲ့ အခြေမြင့်သူတွေ နေတာစားတာ လုပ်တာကိုင်တာကိုမြင်ပြီး မတန်မရာ လိုက်တုနေရင်တော့ နောင်အခါ ဒုက္ခနဲ့ ကြုံတွေ့နိုင်တယ်လို့ ပုံပြပြီး ဆုံးမစကား ဆိုလိုက်တာပါပဲ။
‘ပလောင်’ စကားပုံကတော့ ပြုံးချင်စရာ ကောင်းပါတယ်။ လူ့သဘာဝနဲ့လည်း အတော်အဟပ်မိတာ တွေ့ရပါတယ်။ ဘာတဲ့ ‘ကြက်ဖသည် သူများကိုနှိုးသည်၊ သူကိုယ်တိုင်ကတော့ အိပ်ရာကမထပါ’ တဲ့။ နေရာတကာမှာ လူများကိုတော့ ဘယ်လိုနေ ဘယ်လိုထိုင် ဘယ်လိုဆို ဘယ်လိုပြောဆိုပြီး ဆုံးမသြဝါဒ စကားတွေပြောပြီး လူကြီးလူကောင်းဟန် ဆောင်နေပေမယ့် သူကိုယ်တိုင်ကတော့ သူ့စကားနဲ့ ဆန့်ကျင်ဘက် ပြောဆိုပြုမူနေထိုင် တာတွေလည်း အတွေ့ရများလေ့ ရှိပါတယ်။ အမှန်တော့ ကိုယ်ကကောင်းစေလိုတဲ့ စေတနာနဲ့ ငယ်သူတွေကို ဆုံးမနိုင်တယ်ဆိုရင် ကိုယ်တိုင်ကလဲ စံနမူနာပြဖြစ်အောင် ကျင့်ကြံနေထိုင် သင့်တာပဲ မဟုတ်ပါလား။ ဒါလေးက အတော်သတိချပ်စရာ ကောင်းပါတယ်။
‘လီဆူး’ စကားပုံကတော့ ‘မြင်းမရှိတဲ့အခါ ဆိတ်ကိုလည်း စီးတတ်ရမယ်’ လို့ ဆိုပါတယ်။ လောကဓံတရားတွေနဲ့ ကြုံတဲ့အခါတိုင်း စိတ်ပျက်အားငယ်ပြီး ညည်းညူနေတတ်တဲ့သူတွေ အတွက်ကတော့ ဒီစကားပုံနဲ့ အသင့်လျော်ဆုံးပါပဲ။
‘ပလောင်’ စကားပုံမှာတော့ ‘ကိုယ့်စိတ်နဲ့ယှဉ်၊ လူလည်းယဉ်၊ လူအများ ခင်မင်သည်’ လို့ ဆိုထားတာကြောင့် လူချစ်လူခင် ပေါများပြီး ယဉ်ကျေးလိမ္မာချင်တဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီး တို့အတွက် လူချစ်ဆေး တစ်လက်လို့ ပြောရမယ်ထင်ပါရဲ့။
‘ဂျိန်း၊ ဖေါ’ စကားပုံကတော့ ‘ဆာနေသူ ထမင်းမချက်သင့်၊ အလျင်လိုသူ ခရီးဦးမဆောင်သင့်’ လို့ ဆိုထားတာ တွေ့ရပါတယ်။ ‘ခုရေတွင်းတူး ခုရေကြည်သောက်’ ဆိုသလို မျိုးဖြစ်ချင်ဇော လောကြီးတတ်သူတွေ ရှေ့က ဦးဆောင်ရင် အကျိုးထက် အဆိုးဖြစ်လေ့ရှိ တတ်ပုံကို စံနမူနာပြု အတုယူသင့်ပါတယ်။
‘ရဝမ်’ တွေပြောတဲ့ စကားပုံကိုလည်း ကြည့်ပါဦး။ ‘ရန်သူ့လက်ဆောင်သည် အလွန်ကြောက်မက်ဖွယ် ကောင်း၏’ လို့ဆိုပါတယ်။ ခုခေတ်မိတ်ဆွေကပေးတဲ့ လက်ဆောင်ကိုယူပြီး လက်သိပ်ထိုး လုပ်ပိုင်ခွင့်တွေ ချပေးနေတဲ့သူတွေ ဖုံးမရဖိမရ ပြဿနာပေါ်နေတာကိုကြည့်ပြီး ‘မိတ်ဆွေဆိုပြီး လူမသိအောင် ထိုးတဲ့ လာဘ်လာဘသည်လည်း ကြောက်မက်ဖွယ်ကောင်း၏’ လို့ဆိုရတော့မလိုပါပဲ။
နောက်ဆုံးဖော်ပြမယ့် ‘လားဟူ’ စကားပုံကတော့ ‘ဗိုက်ခေါက်မထူလျှင် ဆူးပင်မတက်ရ၊ မီးတုတ်မပြင်းလျှင် ပျားအုံမတို့ရ’ ဖြစ်ပါတယ်။ ဘယ်အခါမဆို ကိုယ့်ရဲ့အင်အားနဲ့ ကြုံတွေ့ရမယ့် ကိစ္စတွေဟာ ‘ဝန်နဲ့အား မျှားနဲ့ လေး’ မျှမမျှ နိုင်မနိုင် ကြည့်ပြီးမှ အလိမ္မာသုံးပြီး ရင်ဆိုင်ကြဖို့ ညွှန်ပြလိုက်တာပါပဲ။
ဒီစကားပုံလေးတွေကိုကြည့်ပြီး ကိုယ့်ဘဝအတွက် ဘယ်လောက်အထိ ပညာဗဟုသုတ ရခဲ့သလဲဆိုတာ ဆန်းစစ်ကြည့်ပါ။ တစ်ခုခု ရခဲ့တယ်ဆိုရင် ရှေးလူကြီးသူမတွေရဲ့ စေတနာနဲ့ တွေးခေါ်မြော်မြင် တတ်မှုကိုသာ ချီးကျူးဂုဏ်ယူလိုက်ပါ။