သစ်အချောထည် ပို့ကုန်တိုးတက်ရေးအတွက် အာဆီယံနိုင်ငံများနည်းတူ အခွန်ကင်းလွတ်ခွင့်ပြုရန် လိုအပ်ဟု တာဝန်ရှိသူတစ်ဦး ပြောကြား

သစ်အချောထည် ပို့ကုန်တိုးတက်ရေးအတွက် အာဆီယံနိုင်ငံများနည်းတူ အခွန်ကင်းလွတ်ခွင့်ပြုရန် လိုအပ်ဟု တာဝန်ရှိသူတစ်ဦး ပြောကြား
Published 21 June 2015
ချမ်းမြေ့သူ

သစ်အချောထည် ပို့ကုန်တိုးတက်ရေးအတွက် အာဆီယံနိုင်ငံများနည်းတူ အခွန်ကင်းလွတ်ခွင့်ပြုရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။အာဆီယံနိုင်ငံများ၌ GDP တိုးတက်ရေးအတွက် အခွန်ကင်းလွတ်ခွင့်ပြုခြင်းနှင့် ပို့ကုန်တင်ပို့မှုအပေါ်တွင် ထောက်ပံ့ကြေးများပေးဖြင့် ပို့ကုန်တင်ပို့မှု တိုးတက်စေရန် လုပ်ဆောင်ကြကြောင်း သိရသည်။“အာဆီယံနိုင်ငံအချို့မှာဆိုရင် ပို့ကုန်တိုးတက်ရေးအတွက် အခွန်ကို ကင်းလွတ်ခွင့်ပြုထားတာတွေ ရှိတယ်။ ပြီးတော့ ထောက်ပံ့ကြေးဆိုပြီး တစ်တန်ကို ဘယ်လောက်ဆိုပြီး ကုန်ကျစရိတ်ကို အစိုးရက ပြန်ထုတ်ပေးတယ်။ အချောထည်ဆိုရင် အချောထည်စရိတ်ခွဲရင် ခွဲတဲ့စရိတ်ပေါ့။ ပြန်ထုတ်ပေးတာ။ အဲဒီလိုဆိုတော့ ပို့ကုန်လုပ်ငန်းတွေ အနေနဲ့ အပြိုင်အဆိုင် ကြိုးစားကြတော့ ပို့ကုန်ကရငွေ ပိုတာပေါ့” ဟု မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ဦးမျိုးမြင့်က ပြောကြားသည်။လက်ရှိတွင် မြန်မာနိုင်ငံရှိ သစ်အချောထည်လုပ်ငန်းများ အနေဖြင့် ကုန်သွယ်ခွန် ငါးရာခိုင်နှုန်းနှင့် ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ပေးဆောင်ရကြောင်း သိရသည်။ သို့သော် ၂၅ ရာခိုင်နှုန်းအထိ အခွန်တိုးမြှင့်ပေးဆောင်ရန် ကြေညာထားကြောင်း သိရသည်။“အခွန်ကို ၂၅ ရာခိုင်နှုန်းအထိ တိုးကောက်မယ်လို့ ကြေညာထားတယ်။ ဒီနှုန်းဆိုရင် လုပ်ငန်းရှင်တွေက အဆင်မပြေတော့ဘူး။ ၁၀၀ ကို ၂၅ ကျပ် ဘယ်သူမှမမြတ်ဘူး။ အားလုံးက အပြိုင်အဆိုင် ရောင်းနေရတာ။ လောလောဆယ်တော့ မပေးရသေးဘူး။ ဥပဒေကတော့ ပြဋ္ဌာန်းထားပြီ။ မြန်မာနိုင်ငံအနေနဲ့ ပို့ကုန်တင်ပို့မှုက ရငွေနည်းနေတဲ့အချိန်မှာ ပို့ကုန်တိုးတက်လာအောင် လုပ်ရမှာ။ အခွန်ကိုပဲ တိုးကောက်နေမယ် ဆိုရင်တော့ အဆင်မပြေဘူး” ဟု ၎င်းက ဆက်လက်ပြောကြားသည်။အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သစ်အသင်း တာဝန်ရှိသူများ အနေဖြင့် အခွန်ကိစ္စနှင့် ပတ်သက်၍ သစ်တောဝန်ကြီးကို တင်ပြခဲ့ပြီး ဆက်လက်၍ ဘဏ္ဍာရေးဝန်ကြီးဌာနသို့ တင်ပြမည်ဖြစ်ကြောင်း သိရသည်။ယခု ဘဏ္ဍာနှစ် နှစ်လကျော်အတွင်း မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သစ်တောထွက်ပစ္စည်း တင်ပို့မှုမှ ဒေါ်လာ ၃၂ ဒသမ ၉၂၈ သန်း ရရှိထားသည်။နိုင်ငံပိုင်တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၃၀၆ သန်းနှင့် ပုဂ္ဂလိက တင်ပို့မှုမှ ဒေါ်လာ ၃၁ ဒသမ ၆၂၂ သန်း အသီးသီး ရရှိထားခြင်းဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ အနေဖြင့် သစ်တောထွက် ပစ္စည်းများအပြင် လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်၊ သတ္တုတွင်းထွက်နှင့် စက်မှုကုန်ချောနှင့် အခြားပို့ကုန် အုပ်စုများကို ပြည်ပနိုင်ငံများသို့ တင်ပို့မှု ပြုလုပ်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ 

Most Read

Most Recent