သတ်ပုံတွေကို မသတ်ပါနဲ့

သတ်ပုံတွေကို မသတ်ပါနဲ့
Published 9 June 2015
အေသင်ဇော်ဇော်

လူဟာ ကိုယ်သန်ရာကိုယ်သန်ရာကို ရူးသွပ်ပါတယ်။ လူရဲ့သဘာဝမှာ တစ်စုံတစ်ရာကို ရူးသွပ်နေရခြင်းထက် ပိုချိုမြိန်တဲ့ အရသာဟာ ရှိကောင်းရှိနိုင်ပေမယ့် ရှာဖို့မလွယ်ပါဘူး။ ပြောရရင် ရူးသွပ်ရတာဟာ အကောင်းဆုံးအရသာပဲ။ 
အဲလိုရူးသွပ်ရတာတွေထဲက စကားလုံးတွေကို ကျွန်တော်ဟာ ရူးပါတယ်။ဘယ်လိုရူးသလဲဆိုရင် ငယ်ငယ်က စာအုပ်တွေဖတ်တဲ့အခါ ကိုယ်ကြိုက်တဲ့ စကားလုံးတွေကို အလွတ်ရတဲ့အထိ အခါခါဖတ်မိတယ်။ အရမ်းကောင်းလို့ ဝါကျတွေဆိုလည်း  အလွတ်ရအောင် ကျက်မိခဲ့သေးရဲ့။ 
 
စကားလုံးတွေအပေါ် ရူးသွပ်တဲ့လူတစ်ယောက်အဖို့ စကားလုံးလေးတွေ သပ်သပ်ရပ်ရပ် ဖွဲ့စည်းထားတာနဲ့ စကားလုံးအသစ်တွေ ထည်ထည်ဝါဝါ ဖြစ်တည်လာတာကို မြင်ရတဲ့အခါ ခံစားမိတဲ့အရသာက အရမ်းထူးခြားတယ်။ ဒီလိုပါပဲ။ စကားလုံးတွေ ဖျက်ဆီးခံရတဲ့အခါမှာ စိတ်ထဲဝင်ရောက်လာတဲ့ ဖီလင်ကလည်း အလွန်မချမ်းမမြေ့ ဖြစ်စေပါတယ်။
 
 ဘာသာဗေဒလို့ခေါ်ခေါ် ဘာသာစကား အဆောက်အအုံလို့ပြောပြော လူတစ်ယောက်နဲ့တစ်ယောက်ကြားက ပုံစံမျိုးစုံနဲ့ ဖြစ်တည်နေတဲ့ ဆက်သွယ်မှုစနစ်မှာ နည်းလမ်းပေါင်းများစွာရှိတယ်။ဘာသာစကားတွေဟာ လူတွေ ဆက်သွယ်ဖို့၊ ဆက်ဆံဖို့ ရှိနေတာဆိုရင် ဘာသာစကားတွေရဲ့ တိုးတက်မှုဟာလည်း လူတွေရဲ့ ယဉ်ကျေးမှုပြောင်းလဲခြင်းဖြစ်စဉ်မှာ အသက်သွေးကြောဖြစ်မှာ မလွဲမသွေပဲ။
 
ဘာသာဗေဒမှာ ဘာသာစကားနဲ့ ပတ်သက်ပြီး အဆင့်အတန်းအများကြီး ခွဲခြားသတ်မှတ်လို့ ရကောင်းရမယ်။ ဒါပေမဲ့ လူတိုင်းနားလည်နိုင်တဲ့ ရှင်းလင်းချက်နဲ့ ပြောရမယ်ဆို အနီးစပ်ဆုံး သုံးမျိုးပြောရလိမ့်မယ်။ဘာသာစကားတစ်ခုနဲ့ ပတ်သက်ပြီး ကျွမ်းကျင်မှုကို ကြည့်တဲ့အခါ စကားကျိုး၊ စကားပဲ့ (Broken) အခြေအနေလောက် ပြောနိုင်ရေးနိုင်တဲ့အဆင့်၊ ဝါကျစီကုံးမှုနဲ့ ချောချော မွေ့မွေ့ ပြောဆိုရေးသားနိုင်တဲ့  (Formal Composition)  အဆင့်နဲ့ ကိုယ်ပြောချင်တဲ့ အကြောင်းအရာ၊ ကိုယ်ပေးချင်တဲ့ အဓိပ္ပာယ်တစ်ခုကို အဆင့်မြင့်ဖွဲ့နွဲ့ ရေးသားရတဲ့ (Poetry) အဆင့်ရယ်လို့ ခွဲနိုင်တာပါ။ 
 
နည်းနည်းလေး ထပ်ဖြည့်ပြောရရင် ဘာသာဗေဒဆိုင်ရာဆက်သွယ်မှုစနစ်မှာ Broken ကို နားလည်လို့ ရရုံလို့ဆိုတယ်။ Formal Composition ကိုတော့ ပြောချင်တဲ့အကြောင်းအရာကို စီကာပတ်ကုံးရေးနိုင်ပြောနိုင်တဲ့ အဆင့်လို့ ဆိုတယ်။ Formal Composition အဆင့်မှာ စကားပြောနဲ့ စကားပြေဟာ တန်ဖိုးချင်းတူလို့ရတယ်။ နှစ်မျိုးစလုံးလိုအပ်တဲ့ အဓိပ္ပာယ်တစ်ခုကို ဖွင့်ဟဖို့ စီကာပတ်ကုံးရှင်းပြရေးသားနိုင်တယ်။ ပြောပြနိုင်တယ်။ ဒါပေမဲ့ အပြောနဲ့ အရေးသဘာဝကွဲလွဲတာလေးတွေတော့ ရှိတယ်။နောက်ပြီး Composition ဟာ အပြောကိုမဆိုလိုဘူး။ အကြောင်းအရာ တစ်ခုကို လုံးစေ့ပတ်စေ့ ဖွဲ့နွဲ့ရေးသားရခြင်းသာ ဖြစ်တယ်ဆိုတဲ့ အယူအဆလည်းရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ်  Composition အဖြစ် ဖွဲ့နွဲ့ရေးသားမှုကိုအသံနဲ့ ပြန်လည်ဖော်ပြပေးရတဲ့အခါမျိုးတွေမှာ အပြောနဲ့ ချိတ်ဆက်နေမှုရှိတာကိုတော့ အားလုံးလက်ခံကြပါတယ်။ ပြီးတော့ တချို့  Public Speaker  တွေဟာ  Composition အဆင့် စကားပြောကြတာကိုလည်း တွေ့ဖူးမှာပါ။ Formal Composition အဆင့်အရ အရေးတစ်ခုတည်းမှာ စကားပြောရေးနည်းနဲ့ စကားပြေရေးနည်းရယ်လို့ အကြမ်းသဘောနှစ်မျိုးရှိနေတာကြောင့် မတူညီတဲ့ အမြင်တွေ တစ်ခါတစ်ရံ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
 
Poetry အဆင့်မှာတော့ ပြောစရာ၊ ရေးစရာအားလုံးကို  Formal Composition လို အကျယ်တဝံ့ပြောပြရေးသားနေဖို့ မလိုအပ်တော့ဘူး။ ဆိုလိုချင်တဲ့အရာဆီ ဉာဏ်ပညာနဲ့ နှလုံးသားထည့်သွင်းခံစားစေနိုင်မယ့် ရွတ်ဆိုခြင်း၊ ရေးသားခြင်းမျိုး။ Poetry ကို အဆင့်မြင့် Advanced Composition လို့ ဆိုနိုင်တယ်။  Poetry ဆိုတာက အကြောင်းအရာကိုချည်း ပြောတာမဟုတ်ဘူး။ အသံနဲ့ ဖွဲ့နွဲ့ပုံကလည်း ခံစားမှုကို သက်ရောက်စေတယ်။နိုင်ငံတကာစာပေတွေကို လေ့လာတဲ့အခါ စာပေပညာရှင်တွေရဲ့ သုံးသပ်ချက်မှာ စကားပြေကို စာပေရဲ့ ဦးနှောက်လို့ သတ်မှတ်ခံရပြီးကဗျာကိုတော့ စာပေရဲ့ အသည်းနှလုံးလို့ တင်စားကြတယ်။ ဘာသာဗေဒအသုံးပြု ခြင်းနဲ့ ပတ်သက်ပြီး ခွဲခြမ်းတဲ့ အကြမ်းဖျင်း အဆင့် သုံးဆင့်ရဲ့ အနီးကပ်ဆုံး သတ်မှတ်ချက်လေးတွေပါ။
 
ဒီပုံစံဟာ စာပေအဆင့်အတန်းနဲ့ ဘာသာဗေဒဆိုင်ရာ သီအိုရီပိုင်း ဝေဖန်ရေးတွေအရ ပညာရှင်ဆန်မှုပိုင်း အားနည်းနေနိုင်ပေမယ့် လူတိုင်းလက်ခံနိုင်တဲ့ ဘာသာစကားကျွမ်းကျင်မှု ခွဲခြမ်းရေးစနစ်ဖြစ်တယ်ဆိုတာကိုတော့ မငြင်းဆန်နိုင်ပါဘူး။ 
ကျွန်တော်ရေးနေတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ဒီနေရာမှာ အဓိကပြောချင်တဲ့ အကြောင်းအရာဟာ ဘာသာဗေဒခွဲခြမ်းဝေဖန်ရေး မဟုတ်ပါဘူးဆိုတာကိုလည်း နားလည်ခံစားမိမှာပါ။ ဒါကြောင့်မို့  သီအိုရီတွေ သွန်းလောင်းထားတဲ့ အယူအဆတွေကို အတတ်နိုင်ဆုံးချန်ရစ်ပြီး ရှင်းရှင်းလင်းလင်း ပြောပြချင်မိတာ။
 
တကယ်တော့ ဘာသာစကားကို အသံနဲ့ သယ်ဆောင်မယ်။ အက္ခရာနဲ့ သယ်ဆောင်မယ်။ အက္ခရာမရှိဘဲ ဘာသာစကားတွေ သယ်ဆောင်ခဲ့တဲ့ လူ့သမိုင်းတွေရှိခဲ့ဖူးပေမယ့်၊ ရှိနေနိုင်သေးပေမယ့် ပုံမှန်အရတော့ ဒီနည်းလမ်းနှစ်ခုဟာ ဘာသာစကား တိုးတက်ပြန့်ပွားစေရေးမှာ အဓိကအကြောင်းတွေပဲ။ ဒီတော့ ဒါတွေကို အလေးထားရမယ်။ ဒီအရာတွေကို တတ်နိုင်သမျှ မဖျက်ဆီးဖြစ်အောင် ဂရုစိုက်ကြရမယ်။
 
အသံနဲ့ ဘာသာစကားတစ်ခုကို သယ်ဆောင်တဲ့အခါ အဓိပ္ပာယ်အမှန်ကို ခံစားမိဖို့နဲ့ ရေရှည်တည်တံ့ဖို့အတွက် ထွက်သင့်တဲ့နေရာကနေ ထွက်ရမယ့်အသံဆိုတာရှိတယ်။ ထွက်ရမယ့် စကားသံကို ထွက်ရမယ့် နေရာကနေ မထွက်ရင် ဘယ်လိုပုံစံဖြစ်မလဲဆိုတော့ နိုင်ငံခြားသားတစ်ယောက် မြန်မာစကားပြောသလို ဖြစ်လိမ့်မယ်။ ထွက်ရာဌာန တိတိကျကျ ထွက်နိုင်မှ မှန်ကန်တဲ့ အသံထွက်ဖြစ်ပြီး အဓိပ္ပာယ်ကိုသာမက ခံစားမှုကိုပါ ပေးနိုင်လိမ့်မယ်။ ဒီတော့ စကားသံတွေ ထွက်တာနဲ့ ပတ်သက်ပြီး စဉ်းစားစရာတွေ ဖြစ်လာတယ်။ နေရာဒေသမတူ၊ လူမျိုးမတူတဲ့အခါ အများသုံးဘာသာစကားတစ်ခုကို နည်းစနစ်မှန်မှန်နဲ့ အသံထွက်ဖို့က လူအများစုအတွက် ဖြစ်နိုင်တဲ့ အခြေအနေမဟုတ်ဘူး။ ဒီတော့ ဘာသာစကားကို အက္ခရာနဲ့ ထိန်းသိမ်းတာ၊ သယ်ဆောင်တာဟာ ပိုပြီးသက်တမ်းရှည်ဖို့၊ ကြီးပွားတိုးတက်ဖို့ ဖြစ်နိုင်တယ်ဆိုတာကို လူတွေက လက်ခံခဲ့ကြတယ်။ 
 
အက္ခရာတွေနဲ့  သယ်ဆောင်မှုမှာတော့ ကျွန်တော်ပြောခဲ့တဲ့ “စကားလုံး” ဆိုတာတွေက အမှန်တကယ် နေရာယူကြပါတယ်။ (ပြောချင်တဲ့ အကြောင်းအရာက အခုမှစမှာ) စကားလုံးတွေပဲ ဖြစ်ဖြစ်၊ ဘာသာစကားကို အက္ခရာနဲ့ သယ်ဆောင်ရာမှာပဲဖြစ်ဖြစ် မှန်ကန်တဲ့ အဓိပ္ပာယ်၊ တိကျတဲ့ အဓိပ္ပာယ်က ိုပေးပို့သူနဲ့ လက်ခံသူနှစ်ဦးကြား လက်ခံရရှိဖို့ အရေးကြီးတဲ့အရာရှိပါတယ်။ အဲဒါကတော့ သတ်ပုံမှန်ကန်မှုပါပဲ။ သတ်ပုံတွေဟာ အရေးဘာသာစကားမှာတော့ အသက်ပါပဲ။ အဓိပ္ပာယ် အရမ်းကောင်းပေမယ့် သတ်ပုံမှားနေတဲ့ စာတစ်ကြောင်းဟာ ဂုဏ်သိက္ခာကျဆင်းရတယ်။ အဓိပ္ပာယ်အမှန်ဟာ အချိန်ကာလကြာမြင့်စွာ တည်ရှိဖို့လည်း အန္တရာယ်ထဲ ရောက်ရတယ်။ ဒါဟာ တစ်နည်းအားဖြင့် အက္ခရာနဲ့ တည်ဆောက်ထားတဲ့ ဘာသာဗေဒဖြစ်တည်မှုကို ဖျက်ဆီးခြင်းလည်း ဖြစ်ပါတယ်။ ဒီတော့ အရေးဘာသာစကားမှာ သတ်ပုံတွေကို ဂရုတစိုက်ပြုစုဖို့ သေရေးရှင်ရေးတစ်ခုလို လိုအပ်တယ်။ 
 
ဒီတော့ ဒါကိုကာကွယ်ဖို့ ဘာလုပ်ကြမလဲ။ ဘာလုပ်သင့်လဲ။ ဘာလုပ်ပါလို့ မပြောချင်ပေမယ့် မလုပ်ဖို့ တောင်းပန်ရမယ့်အရာတစ်ခုတော့ ရှိနေတယ်။ အဲဒါကတော့ နောင်တစ်ချိန်မှာ အရေးဘာသာစကားကို ထိခိုက်စေမယ့် အပြောင်အပြက်ရေးတာလေးတွေ လျှော့ကြပါ လို့။ နောင်လာနောက်သားတွေအတွက် သတ်ပုံတွေမှာ အငြင်းပွားဖွယ်တွေ တိုးလာမှာစိုးလို့။ 
 
“အာ့လာကျောဒါ၊ ကျော်ကကို့ ပိတ်သက်ပါ၊ ကျောတဲရေး၊ ဟျောင့်တားရီး”အဲလိုမျိုးတွေ သိပ်မလုပ်ကြပါနဲ့။(ပြောချင်တာ ဒါလေးပါပဲ) ခေတ်အဆက်ဆက် ဗန်းစကားဆိုတာရှိတယ်။ အခုလည်းရှိတယ်။သူတို့က သီးသန့် ရပ်တည်တယ်။ ဒါပေမဲ့ နေ့စဉ်သုံး စကားတွေကို သတ်ပုံဖျက်ဆီးရေးသားခြင်းမျိုးကတော့ စာပေတိုးတက်ရေးနဲ့ ရေရှည်တည်တံ့ရေးမှာ မဟာရန်သူကြီးဖြစ်ပါရဲ့။
 
အဲ ဒါလေးကိုပြောချင်လို့ ဘာသာဗေဒဖြစ်တည်မှုနဲ့ ပတ်သက်ပြီး ဒီလောက်ရေးမိလိုက်တာ။ သတ်ပုံတွေကို မသတ်ပါနဲ့ မိတ်ဆွေ…။