ကာကွယ်ပေးရမည့် အနာဂတ် (သို့မဟုတ်) တန်ဖိုးသင့်နေ့လည်စာ

ကာကွယ်ပေးရမည့် အနာဂတ် (သို့မဟုတ်) တန်ဖိုးသင့်နေ့လည်စာ
Published 8 June 2015
နန္ဒဝင်း (ဆေး-၁)

ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် စာရေးသူတစ်ယောက် ဆိုသည်ထက် အတွေးတင်ပြသူလို့ သတ်မှတ်ရတာကို ပိုသဘောကျမိပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဟာ လပေါင်းများစွာ မပျက်မစီးအောင် ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ရင်သွေးငယ်ကို အချိန်ကာလတန်တဲ့ အချိန်ကျရင် မနေထိုင်နိုင်တော့ဘဲ မွေးထုတ်လိုက်ရသလို တချို့သော ကျွန်တော့်စိတ်ကူးတွေဟာ အချိန်ပေါင်းများစွာ စိတ်နှလုံးထဲမှာ အပြန်ပြန်အလှန်လှန် သုံးသပ်ဆက်စပ်နေခဲ့ပြီး အချိန်ကာလတစ်ခု ရောက်တဲ့အခါ စိတ်တံခါးဝက ရေတွေသွန်လိုက်သလို ဥဒါန်းကျူးရင့်လိုက်သလို အတွေးစာလုံးတွေအဖြစ် စာဖတ်သူတွေရှိရာကို တင်ပြနိုင်ခဲ့ပါတယ်။မကြာသေးခင်က ကျွန်တော့် စိတ်ကူးရင်သွေး အတွေးတင်ပြချက်ကလေးဖြစ်တဲ့ တန်ဖိုးသင့်ညစာဆိုတဲ့ အတွေးကလေးကို စာဖတ်သူတွေကို တင်ပြနိုင်ခဲ့တဲ့အပြင် လက်တွေ့နယ်ပယ်မှာလည်း အောင်မြင်အောင် စိတ်ကူးမှသည် လက်တွေ့ဆီသို့ ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ညနေတိုင်းညနေတိုင်း တစ်နေကုန် အလုပ်နှင့်လက်နှင့် မပြတ်အောင် နေပူမရှောင် မိုးရွာမရှောင် ပင်ပန်းကြီးစွာ ရုန်းကန်ခဲ့ရတဲ့ ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေဆီကို သင့်တင့်တဲ့ဈေးနှုန်းနှင့် ထမင်းတွေဟင်းတွေ လိုက်ရောင်းပေးတဲ့ လုပ်ငန်းပါပဲ။ (နောက်နောင်ဆို ဆင်းရဲနွမ်းပါး မိသားစုဆိုတာထက် လိုအပ်ချက်ရှိနေသေးသော မိသားစုများလို့ စကားလုံးပြောင်းလဲ သုံးစွဲခွင့်ပြုပါ) ထမင်းတွေဟင်းတွေ အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေးလိုက်တဲ့ အခါမှာလည်း အမြတ်အစွန်းအတွက် ထည့်သွင်းစဉ်းစားမှု မရှိခြင်း စေတနာရှင် လုပ်အားပေးများကိုသာ အကူအညီတောင်းခဲ့ခြင်း ဖြစ်သောကြောင့် လုပ်အားခကို ငဲ့ကွက်ရန်မလိုခြင်း စတဲ့အချက်တွေကြောင့် ရောင်းချတဲ့အခါ ဈေးနှုန်းတွေကို သင့်တင့်ရုံမက အသက်သာဆုံးဖြစ်အောင် စီမံထားတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချပေးနိုင်ခဲ့ပါတယ်။ထမင်းနှင့် သီးစုံပဲဟင်း စားမယ်ဆို နှစ်ရာ၊ ဝက်သားနှင့်ထမင်းနဲ့ဆို သုံးရာ၊ ကြက်သားနှင့်ထမင်းနဲ့ဆို ငါးရာဈေးနှုန်းတွေနှင့် ထမင်းအိုး ဟင်းအိုးတွေကို ဆိုက်ကားတစ်စီးပေါ်တင် လိုအပ်ချက်ရှိနေသေးတဲ့ အိမ်ခြေတစ်ရာကို အခြေပြုရောင်းပေးခဲ့သလို အတွေးကိုလည်း စာစုကလေးအဖြစ် တင်ပြနိုင်ခဲ့ပါတယ်။ (ကျွန်တော့်ဖောက်သည်တွေပြောတဲ့ စကားအရဆိုရရင် ထင်းဖိုးသာသာရှိတဲ့ တန်ကြေးနှင့် ဝယ်စားခွင့် ရတာပေါ့) အားပေးသူ အင်မတန် များပြားခဲ့တာကြောင့် ရက်ပိုင်းအတွင်းမှာပဲ ဆိုက်ကားအသစ် နောက်ထပ်သုံးစီး ထပ်တိုးချဲ့ရသလို ကားငယ်လေး တစ်စီးပါ ဝယ်ခဲ့ပြီး နီးစပ်ရာ ရွာကြီးသုံးရွာအထိကို ဟင်းတွေပို့ဆောင် အရင်းမပျက် ရောင်းချပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်ကလည်း ကျွန်တော်နှစ်ပေါင်းများစွာ စိတ်ကူးလေးအဖြစ်နှင့် ရှိခဲ့ပြီး ခုအောင်မြင်လာခဲ့တဲ့ စိတ်ကူးလေး (Brainchild) တန်ဖိုးသင့်ညစာလေးကို မည်သူမဆို လိုက်လုပ်လို့ရပါတယ်။ ကျွန်တော်တွေ့ကြုံခဲ့တဲ့ အားနည်းချက် အားသာချက်များကိုပါ တစ်ပါတည်း တင်ပြပေးပါရစေ။ ကူညီပါရစေ။ ကျွန်တော့်အတွေးတော့ မွေးစားကြပါလို့ လူအများလိုက်ပါ လုပ်ဆောင်နိုင်ရန် တိုက်တွန်းခဲ့ပါတယ်။လိုက်ပါလုပ်ဆောင်လိုသူတွေလည်း နိုင်ငံတစ်ဝန်းလုံးလို့ ဆိုရလောက်အောင် ကျွန်တော့်ဆီကို ဆက်သွယ်ကာ မေးမြန်းလာခဲ့ပြီး နေရာအနှံ့မှာ တန်ဖိုးသင့်ညစာ လုပ်ငန်းလေးတွေ အလျှိုလျှို ပေါ်ပေါက်လာပါတော့တယ်။ ပရဟိတဆိုတာ နိုင်ငံတိုးတက်ရေးအတွက် ဆုံမှတ်ပါပဲလို့ ဆိုရလောက်အောင် လိုက်ပါလုပ်ဆောင်သူ အသီးသီးဟာ နိုင်ငံရေးရည်ရွယ်ချက် မတူသူတွေ ကွဲပြားသူတွေ ဖြစ်နေတတ်ကြပေမယ့် သူတို့အားလုံး တန်ဖိုးသင့်ညစာကို လုပ်ဆောင်ခဲ့ခြင်းကတော့ ပြည်သူအားလုံး အာဟာရပြည့်ဝသော အစားအစာများကို ဈေးနှုန်းသက်သာစွာနှင့် သန့်သန့်ရှင်းရှင်း စားသောက်နိုင်ရေးဆိုတဲ့ ရည်ရွယ်ချက်ကြောင့်ပဲ ဖြစ်ပါတယ်။ကျွန်တော့်အတွေး မွေးစားကြသူတွေထဲမှာ ရန်ကုန်မြို့ အထက်တန်းကျောင်းတစ်ကျောင်းက ကျောင်းအုပ်ဆရာမကြီး တစ်ယောက်လည်း ပါဝင်လာပါတယ်။ သူတာဝန်ကျရာ ကျောင်းကလေးဟာ ရန်ကုန်မြို့ပေါ်ကကျောင်း ဆိုပေမယ့် လာရောက်ကျောင်းတက်နေကြတဲ့ ကျောင်းသားကျောင်းသူများကတော့ လိုအပ်ချက် ရှိနေသေးတဲ့ မိသားစုဝင်ထဲက ကလေးတွေ များပါတယ်။ မုန့်ဖိုးကလေး သုံးလေးရာသာ ရတတ်တဲ့ ကလေးတွေဟာ ကျောင်းပတ်ဝန်းကျင်က ဆိုင်တွေမှာ အရန်သင့်ဝယ်ယူလို့ရတဲ့ ပုံပန်းသဏ္ဌာန်အားဖြင့် ဆွဲဆောင်မှု ရှိသော်လည်း အာဟာရစံညွှန်း မကိုက်ညီတဲ့ မုန့်ထုပ်တွေကိုသာ အာသာပြေ စားနေရပါတယ်တဲ့။ ဒါကြောင့်လည်း ဆရာမကြီးက သူ့ရဲ့ ဆရာ ဆရာမ မိသားစုတွေနဲ့ တိုင်ပင်ပြီး သီးစုံပဲဟင်းနဲ့ ထမင်းဆို နှစ်ရာ ကြက်ဥတစ်လုံးပါ ထပ်ထည့်ချင်ရင် နောက်တစ်ရာ ထပ်ပေါင်းသုံးရာ သတ်မှတ်ကာ တန်ဖိုးသင့်နေ့လယ်စာ ဇွန်လကျောင်းဖွင့်ရက်နှင့် တစ်ပြေးညီ ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ ကျွန်တော့်ဆီက အကြံဉာဏ်တောင် သိပ်တောင်းစရာ မလိုဘဲ ဆရာမကြီးဟာ တန်ဖိုးသင့် နေ့လယ်စာလုပ်ငန်းကို အောင်မြင်အောင် စွမ်းဆောင်သွားနိုင်ခဲ့ပါတယ်။လောဘကြီးတတ်တဲ့ ကျွန်တော်ကတော့ ဆရာမကြီးကို တန်ဖိုးသင့်နေ့လယ်စာ ရောင်းချသောကျောင်း ဖြစ်ရုံသာမက Junk Food Free School အဖြစ်ပါ ကြေညာနိုင်အောင် ဆက်လက်လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ကယ်လိုရီတွေ အများအပြား ပါဝင်ပေမယ့် အခြားသော အာဟာရတန်ဖိုးတွေ မပါသလောက်နည်းတဲ့ အမှိုက်စာ Junk Food တွေဟာ လှပခြင်း၊ မြန်ဆန်ခြင်း၊ ကြာရှည်ခံခြင်း အမြတ်အစွန်းကြီးခြင်းဆိုတဲ့ အပေါ်ယံ ဆွဲဆောင်မှုတွေနှင့် ကမ္ဘာတစ်လွှားမှာ နေရာအနှံ့ ဖြစ်နေခဲ့ပါပြီ။ အဲဒီ အမှိုက်စာတွေကို စွဲစွဲမက်မက် စားသုံးတဲ့ ကလေးတွေမှာ အဝလွန်ခြင်း၊ စိတ်ကျရောဂါ ဖြစ်စေခြင်းတွေဖြစ်ဖို့ အခွင့်အရေးတွေ များတယ်လို့ ဆိုကြပါတယ်။ တာရှည်ခံအောင် စီမံထားတဲ့ အစားအသောက်တွေထက် သန့်ရှင်းလတ်ဆတ် သဘာဝဖြစ်တဲ့ အစားအစာတွေဟာ ပိုမိုအစာကြေလွယ်ရုံမက ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့ ဓာတ်ကြွင်းကျန်ရှိမှုမှာလည်း တာရှည်ခံတဲ့ အစားအသောက်တွေလို မဖြစ်စေပါဘူး။ တာရှည်ခံ လှပအောင် စီမံထားတဲ့ အမှိုက်စာတွေမှာ ပါဝင်တဲ့ ကြာရှည်ခံထိန်းဆေး ဓာတုဗေဒ ပစ္စည်းတွေဟာ တစ်ခါတလေ စားသုံးရင် မသိသာပေမယ့် စွဲစွဲမြဲမြဲ ကြိမ်ဖန်များစွာ စားသုံးသူတွေအတွက် အန္တရာယ် (အဆိပ်) တွေပါပဲ။ တချို့အစားအစာတွေမှာဆို ကင်ဆာဖြစ်စေတဲ့ ဒိုင်အောက်ဆိုဒ်ဓာတ်တွေ ပါဝင်တာကို တွေ့ရပါတယ်။ ခဲပတ်စက္ကူဘူးထဲက နာမည်ကြီး နိုင်ငံခြားကလာတဲ့ နွားနို့ကို သောက်တာထက် ကိုယ့်ရပ်ကိုယ့်ရွာက ညှစ်ရောင်းတဲ့ လတ်ဆတ်တဲ့နွားနို့ကို သေချာစွာကျိုချက် သောက်လိုက်တာက ပိုလို့ကျန်းမာစေမှာပါ။ နိုင်ငံခြားကဖြစ်ဖြစ် ပြည်တွင်းကဖြစ်ဖြစ် အလှအပတရားနှင့် အမြတ်အစွန်းရဖို့ အဓိက စီမံထားတဲ့ မုန့်ထုပ်တွေထက် အမြတ်အစွန်းကို အလေးမထားတဲ့ အာဟာရစံညွှန်းပြည့်ဝတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ သီးစုံပဲဟင်းတစ်ခွက်ဟာ အများကြီးသာပါတယ်။ဆိုခဲ့တဲ့ ဆရာမကြီးလိုပဲ ကျန်သော မြန်မာပြည်အနှံ့က ကျောင်းတွေမှာ မိဘဆရာအသင်းတွေ ကျောင်းသားဟောင်းအသင်းတွေ ကျောင်းအကျိုးတော်ဆောင်တွေက ဦးဆောင်ပြီး Junk Food တွေကို ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချခြင်းက နေကန့်ကွက်ပြီး တန်ဖိုးသင့်နေ့လည်စာလေးတွေ ကျောင်းသားတွေအတွက် စီမံပေးမယ်ဆိုရင် ကြွက်သားဖုထစ် ထုထုဖြစ်ခရာချင်စရာကွယ် ထွားကျိုင်းတဲ့ မြန်မာလူငယ်ဆိုတဲ့ သီချင်းကလေးက ပြန်လည်ခေတ်စားလာတော့မှာပါ။ အဲဒီလို လုပ်ဆောင်ခြင်းအားဖြင့် ကျောင်းကျန်းမာရေးကဏ္ဍ ကျန်းမာရေးအဆင့်မြင့်ကျောင်း ဖြစ်ပေါ်လာရေး စီမံချက်မှာလည်း အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းလုပ်ဆောင်မှု ပြည့်စုံသွားမှာ ဖြစ်ပါတယ်။ အတန်းကြီး ကျောင်းသားကျောင်းသူများကိုပါ ချက်ပြုတ်ခြင်း လုပ်ငန်းစဉ်မှာ ပါဝင်စေခြင်းအားဖြင့် မှန်ကန်တဲ့ ကျန်းမာရေးအရ ပြည့်စုံတဲ့ ချက်ပြုတ်နည်းတွေကို ကလေးမှသည် လူကြီးဆီသို့ သတင်းပေးပို့ရာရောက်မှာ ဖြစ်ပါတယ်။ (ဥပမာ အချိုမှုန့် အသုံးမပြုခြင်းဆီကို အလွန်အကျွံ မသုံးစွဲစေခြင်း စသည်)အစားအသောက် စားသုံးခြင်းဟာ လူတစ်ယောက်ရဲ့ နေ့စဉ်မလုပ်မဖြစ် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ကျန်းမာရေးကို ကောင်းသွားတတ်အောင် လုပ်နိုင်သလို ဆိုးသွားအောင်လည်း လုပ်နိုင်ပါတယ်။ အရွယ်ရောက်ပြီး အသိဉာဏ်ရင့်ကျက်တဲ့ လူကြီးဘဝမှာ မသိသားဆိုးရွားစွာ မှားမှားယွင်းယွင်း နေတတ်တဲ့သူတွေကို ပညာရေးရမှာ ဖြစ်သလို ငယ်ရွယ်နုနယ်လှတဲ့ ကျွန်တော်တို့ရဲ့ အနာဂတ် ကလေးတွေကိုလည်း မှန်ကန်စွာ စားသုံးတတ်အောင် လမ်းညွှန်ပြသ ကာကွယ်ပေးဖို့လည်း လိုအပ်ပါတယ်။ ကလေးဆိုတာ ကျွန်တော်တို့ရဲ့ အနာဂတ်ပါ။ မျှော်လင့်ချက်ပါ။ အဲသည့်ကလေးတွေရဲ့ ကျန်းမာရေးအတွက် လိုအပ်ရင် အန္တရာယ်ရှိတဲ့ အစားအသောက်တွေ (Junk Food) တွေကို ဥပဒေထုတ် တားမြစ်ဖို့ လုပ်သင့်ရင် လုပ်ရပါလိမ့်မယ်။ Junk Food Free School Campaign လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ရပါလိမ့်မယ်။ ဒါတွေမဖြစ်ခင် အချိန်မှာတော့ စွမ်းဆောင်နိုင်တဲ့ စာသင်ကျောင်းတွေမှာ တစ်ပိုင်တစ်နိုင် တန်ဖိုးသင့် နေ့လည်စာ အစီအစဉ်လေးတွေ လိုက်ပါလုပ်ဆောင်ကြပါလို့ တိုက်တွန်းနှိုးဆော်ပါရစေ ခင်ဗျာ။စွမ်းဆောင်နိုင်သူများအတွက် မပြီးမြောက်သော အရာကား မရှိပေ။