သွေးဆိုတဲ့အရာ

သွေးဆိုတဲ့အရာ
Published 7 June 2015
ဒေါက်တာအောင်စိုး (ခ) အောင်ကျော်မိုး (အငြိမ်းစားပြည်နယ်ဆေးရုံအုပ်ကြီး)

ကျွန်တော်တို့နေထိုင်တဲ့ အရှေ့တောင်အာရှဒေသမှာ နေ့စဉ် သွေးယူနစ်ပေါင်း ၃၈၀၀၀ ကျော်လိုအပ်တယ်လို့ သိရပါတယ်။ နေ့စဉ်နေ့တိုင်း ဆေးရုံတက်ရောက်ကုသမှုခံယူတဲ့ လူနာအမြောက်အမြားရှိကြရာ လူနာ ၁၀ ယောက်လျှင် တစ်ယောက် သွေးလိုအပ်လျက်ရှိတယ်။ ဒီဒေသမှာ နှစ်စက္ကန့်တိုင်းမှာ လူနာတစ်ဦး သွေးသွင်းနေရပါတယ်။ သွေးမခဲစေတဲ့ CPDA  ပါဝင်တဲ့သွေးအိတ်တွေကို အပူချိန် ၂ ဒီဂရီမှ ၄ ဒီဂရီစင်တီဂရိတ်အကြား ၃၅ ရက် သိုလှောင်ထားနိုင်ပေမယ့် သွေးလိုအပ်ချက်က ပိုမိုများပြားနေလို့  အလျင်မမီဘဲ ၃၅ ရက်ကြာအောင် သိုလှောင်ထားသော သွေးအိတ်ရယ်လို့ မရှိသလောက် ရှားပါးပါတယ်။
 
သွေးတစ်ယူနစ် (၄၅၀ စီစီ) ဟာ လူသားမျိုးနွယ် သုံးယောက်ကို အသက်ကယ်ဆယ်နိုင်စွမ်းရှိကြောင်း သုတေသနရလဒ်တစ်ခုမှာ ဖော်ပြထားပါတယ်။ အရှေ့တောင်အာရှဒေသမှာ သွေးလှူရှင်များထံက သွေးယူနစ်ပေါင်း နှစ်စဉ် ၁၅ ဒသမ ၅ သန်းရရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကိန်းဂဏန်းက ဖော်ပြနေပါတယ်။ ယာဉ်အန္တရာယ်၊ လမ်းအန္တရယ်ကြီးမားလှတဲ့ မျက်မှောက်ကာလမှာ သွေးလှူရှင်များထံက သွေးများကို ပို၍ပို၍ လိုအပ်လာပါတယ်။ လမ်းမတော်တဆမှု လူနာတစ်ယောက်တည်းအတွက် ယူနစ်ပေါင်း ၁၀၀ မျှ သွေးသွင်းကုသခဲ့ရတဲ့ သာဓကတွေလည်း မှတ်တမ်းတင်ထားတာ တွေ့ရှိရပါတယ်။
 
အသင်သည် အသက် ၁၈ နှစ်မှ အသက် ၆၀ အထိ လေးလတစ်ကြိမ် မှန်မှန်သွေးလှူ ဒါန်းပါက ၁၂၆ ကြိမ် သွေးလှူရှင်ဖြစ်နိုင်ပါတယ်။ သွေးလှူဒါန်းမှုတွေကြောင့် အသက်ပေါင်း ၅၀၀ ကျော်ကို ကယ်တင်နိုင်လို့ အကောင်းဆုံး ဇီဝိတဒါနတစ်ခုလည်းမြောက်ပါတယ်။
 
ကမ္ဘာအန့ှံ နှစ်စဉ် အမျိုးသမီးပေါင်း ၂၈၇၀၀၀ ခန့် ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးဖွားစဉ်၊ မွေးပြီးကာလတွေမှာ သေးဆုံးကြတယ်။ ၉၉ ရာခိုင်နှုန်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းတွက်ချက်ထားပါတယ်။
 
ဦးနှောက်၊ နှလုံး၊ အဆုတ်၊ ကျောက်ကပ် အသည်းကဲ့သို့ပဲ နီနီရဲရဲ တောက်တောက်ပပ သွေးသည်လည်း ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း Organ တစ်ခုဖြစ်တယ်။ လူတစ်ယောက်မှာ ၅ လီတာ၊ ၆ လီတာလောက်ရှိတဲ့ သွေးထုထည်ဟာ ခန္ဓာကိုယ်အလေးချိန်ရဲ့ ခုနစ်ရာခိုင်နှုန်းဖြစ်တယ်။ သွေးထဲမှာ ပလာစ်မာဆိုတဲ့ အရည်ကြည်အများစုပါဝင်ပြီး ထိုအထဲမှာ အဓိကအစိုင်အခဲသုံးမျိုး ပါဝင်ပါတယ်။ သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးမွှားတွေဖြစ်ကြတယ်။ ခန္ဓာကိုယ်အနှံ့အပြားမှာရှိကြတဲ့ ကလာပ်စည်းတွေ စဉ်ဆက်မပြတ် လိုအပ်နေတဲ့ ပရိုတင်း၊ အဆီ၊ သကြား၊ အင်ဇိုင်း၊ ဟော်မုန်းစတဲ့ အရာများနဲ့ အာဟာရဓာတ်တွေကို ပို့ဆောင်ပေးလျက်ရှိတယ်။ သွေးနီဥတွေက အဆုတ်မှ အောက်ဆီဂျင်ဓာတ်ကို အနှံ့အပြား ပို့ဆောင်ပေးသလို ကာဗွန်ဒိုင်အောက်ဆိုက်စတဲ့ စွန့်ပစ်အညစ်အကြေးတွေကို ခန္ဓာကိုယ်ပြင်ပ ပြန်လည်ထုတ်ပယ်ပေးလျက်ရှိတယ်။ သွေးဖြူဥတွေက ကိုယ်ခံအားစနစ်ကို မှန်ကန်စေတယ်။ သွေးမွှားတွေ က သွေးယိုစီးမှုနဲ့သွေးခဲစေမှုစနစ်တွေကို အထောက်အကူပြု  ဆောင်ရွက်ပေးလျက်ရှိတယ်။
 
သွေးဟာ အာဟာရ၊ အောက်ဆီဂျင်တွေကို သယ်ဆောင်ပေးတဲ့ ကောင်းကျိုးတွေကို ဆောင်ရွက်ပေးသလို ရောဂါပိုးတွေ၊ အဆိပ်အတောက်တွေ သွေးထဲရောက်လာရင်လည်း မဟန့်တားနိုင်တဲ့အဆုံး၊ ခန္ဓာကိုယ်အနှံ့အပြားကို ပျံ့နှံ့စေတဲ့ ဆိုးကျိုးကိုလည်းပေးနိုင်တယ်။ အဲဒါကြောင့် ရောဂါပိုးရှိနိုင်ခြေရှိတဲ့ ကြေးစားသွေးရောင်းစားသူတွေထံက သွေးကိုမယူဘဲ ကိုယ်ကျင့်တရားကောင်းတဲ့ လိင်ကိစ္စဆင်ခြင်တဲ့ မူူးယစ်သောက်စားကင်းရှင်းတဲ့ ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက်တဲ့ စေတနာသွေးလှူရှင်တွေထံက သွေးကိုလက်ခံသင့်ပါတယ်။ စေတနာသွေးလှူရှင်တွေထံကသွေးကို ဖောက်မယူခင် HIV၊ အသည်းရောင်အသားဝါ ဘီ၊ စီ၊ ငှက်ဖျား၊ တခြားဖျားနာ၊ ဆင်ခြေထောက်ပိုး ရှိ၊ မရှိစစ်ဆေးရွေးချယ်ရပါတယ်။ 
အက်စပရင်၊ သွေးတိုးကျ ဆေး၊ ဆီးချိုသွေးချိုကျဆေး၊ ဟော်မုန်းဆေးတစ်ခုခု၊ စတီးရွိုက်စတဲ့ ဆေးဝါးမှီဝဲနေရင် သွေးလှူဒါန်းဖို့ မသင့်လျော်ပါ။
 
သွေးလှူဒါန်းခြင်းဟာ အလွန်မွန်မြတ်တဲ့ ဒါနဖြစ်လို့ သွေးလှူရှင်ကို အတိုင်းမသိ ပီတိဖြစ်ထွန်းစေတယ်။ သွေးဟာ လူမျိုးဘာသာအရောင်အဆင်း ဆင်းရဲချမ်းသာ အနိမ့်အမြင့် မခွဲခြားလို့၊ လူသားအတွက် ချစ်ခင်မှု၊  စာနာမှု၊ လှူဒါန်းမှု၊ ကယ်တင်မှု စတာတွေကို ဖန်တီးပေးတယ်လို့ တင်ပြလိုက်ပါတယ်။
အကိုးအကား
 
SEA-HILM-418
searolibrary@who.int