ဒီခွင်က အရမ်းကြီးပါတယ် သမ္မတကြီးခင်ဗျာ ...

ဒီခွင်က အရမ်းကြီးပါတယ် သမ္မတကြီးခင်ဗျာ ...
Published 19 May 2015
နေထွန်းနိုင်၊ မာန်သူရှိန်

ပြန်ကြားရေးဝန်ကြီးဌာန အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ရောင်းချခြင်း၊ ငှားရမ်းခြင်းလုပ်ငန်းကော်မတီက ခေါ်ယူခဲ့တဲ့ တင်ဒါကြော်ငြာတစ်ခုကို မေ ၁၅ ရက်ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။ 
 
ဒါကတော့ ပြန်ကြားရေးဝန်ကြီးဌာန၊  မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ ရေကူးအသံလွှင့်စက်ရုံဝင်းနေရာမှာ မီဒီယာနဲ့ပတ်သက်တဲ့ အဆောက်အအုံတွေ ဆောက်လုပ်ခြင်း၊ လက်ရှိ အသံလွှင့်စက်ပစ္စည်းများကို  ပြောင်းရွှေ့တည်ဆောက်ရေး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ဖို့ ခေါ်ယူတဲ့တင်ဒါ ဖြစ်ပါတယ်။ 
 
သူတို့ ခေါ်ယူထားတဲ့ အစိုးရသတင်းစာတင်ဒါကြော်ငြာထဲမှာ မြေဧက ၈၀ ကျော်  ဖြစ်တယ်လို့ ဖော်ပြထားပြီး လုပ်ငန်း လုပ်ကိုင်ခွင့်ရသူဟာ စက်ရုံဝင်းအတွင်းမှာ မီဒီယာဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်ခွင့်ရမယ်လို့ ဆိုထားပါတယ်။ 
 
မေ ၁၅ ရက် အစိုးရသတင်းစာမှာဖော်ပြတဲ့ တင်ဒါကြော်ငြာကို ဆက်ပြီး စုံစမ်းတဲ့အခါ ဒီတင်ဒါဟာ မီဒီယာလုပ်ငန်းဖွံ့ဖြိုးဖို့ထက် လုပ်ပိုင်ခွင့်ရမယ့်သူ ပိုထောမယ့် ဂွင် (ခွင်) မျိုးဖြစ်နေပါတယ်။ 
 
ကျပ် ၁၀ သိန်းတန် လျှောက်လွှာ
 
ပုံမှန်အားဖြင့် ကြည့်ရင် သူတို့ ခေါ်ယူတဲ့ တင်ဒါပုံစံက ဘာမှမဟုတ်သလိုပါပဲ။
 
 ဒါပေမဲ့ တင်ဒါပုံစံ(လျှောက်လွှာ)ကို ငွေကျပ် ၁၀ သိန်းနဲ့ ရောင်းခဲ့တယ်။ ငွေကျပ် ၁၀သိန်းပေးဝယ်မှ တင်ဒါစည်းကမ်းမှာ ဘယ်လိုအချက်တွေ ပါလဲဆိုတာ သိနိုင်မှာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် တင်ဒါစည်းကမ်းတွေကို အများပြည်သူနဲ့ မီဒီယာတွေ အလွယ်တကူ မသိနိုင်အောင် လုပ်ထားတဲ့ သဘောဖြစ်နေပါတယ်။  
 
ပြောရရင်တော့ သူတို့ခေါ်ထားတဲ့ တင်ဒါအကြောင်းရေးတဲ့ ဒီဆောင်းပါးက ကျပ် ၁၀ သိန်း တန်ပါတယ်။ 
 
တင်ဒါစည်းကမ်းချက်တွေမှာ အချက် ၁၇ ချက်ကို ထည့်သွင်းထားတယ်။ ဒါပေမဲ့ ရှေ့ပိုင်းအချက်တွေကို ကြည့်ရုံနဲ့ ဒီတင်ဒါ ဟာ ဘယ်သူတွေအတွက်ဆိုတာ ထင်ရှားစေပါတယ်။ ဒီစည်းကမ်းချက်တွေကို ဘယ်သူတွေက ဦးဆောင်ရေးဆွဲခဲ့သလဲ မသိပါဘူး။ 
 

 
တင်ဒါခေါ်ယူထားသည့် ရေကူးအသံလွှင့်စက်ရုံဝင်းအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
 
ရွှေသံလွင်လား၊ Forever လား 
 
တင်ဒါစည်းကမ်း ပထမအချက်မှာတင် ဒီတင်ဒါဟာ မီဒီယာလုပ်ငန်း လုပ်ကိုင်လိုသူ အားလုံးအတွက် မဟုတ်ပါဘူး။ 
 
“တင်ဒါတင်သွင်းလိုသူသည် မီဒီယာလုပ်ငန်းကို အနည်းဆုံး လွန်ခဲ့သော သုံးနှစ်ကစပြီး ယခုတိုင် ထိတွေ့လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီဖြစ်ရမည်။ အထူးသဖြင့် ရုပ်သံမီဒီယာလုပ်ငန်း အတွေ့အကြုံ ရှိသူ ဦးစားပေးဆောင်ရွက်ခွင့်ပြုမည်။ 
စည်းကမ်းလိုက်နာမှုနှင့် အရည်အချင်းပြည့်မီမှု (တောင်းဆိုသည့် အချက်အလက်များ ပြည့်စုံမှု၊ လက်မှတ်ရ စာရင်းစစ်မှ စစ်ဆေးထားသော အများပြည်သူသို့ ထုတ်ပြန်သည့်  နှစ်ပတ်လည် ဘဏ္ဍာရေးရှင်းတမ်း၊ ကုမ္ပဏီမှတ်ပုံတင်မိတ္တူ၊ ဆက်သွယ်ရန်လိပ်စာ)၊ ဘဏ္ဍာရေးဆိုင်ရာ ခိုင်မာမှု (လုပ်ငန်းလည်ပတ်မှုနှင့် အခြားရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ပြီး ငွေပိုပမာဏ၊ လက်ငင်းရပိုင်ခွင့်နှင့် ပေးရန်ရှိ တာဝန်အချိုး)၊ နည်းပညာဆိုင်ရာ အတွေ့အကြုံရှိမှုနှင့် အဆိုပြုလုပ်ငန်း ပုံစံကောင်းမွန်မှု (ဆောက်လုပ်ရေးလုပ်ငန်း အတွေ့အကြုံရှိမှု၊ ရုပ်သံလွှင့်ခြင်းဆိုင်ရာ လုပ်ငန်းကျွမ်းကျင်သူများ ပါဝင်ဖွဲ့စည်းမှု) စ သည်တို့ ပြည့်စုံစွာပါရှိရမည်” လို့ တင်ဒါစည်းကမ်း ပထမအချက်မှာ ဖော်ပြထားပါတယ်။ 
 
ဒါကို ကြည့်ခြင်းအားဖြင့် သတ်မှတ်စည်းကမ်းချက်နဲ့ ကိုက်ညီတဲ့ (မီဒီယာလုပ်ငန်းကို လွန်ခဲ့တဲ့ သုံးနှစ်ကစပြီး  အခုထိ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီ၊ ရုပ်သံမီဒီယာလုပ်ငန်း အတွေ့အကြုံရှိသူ ဦးစားပေးဆောင်ရွက်ခွင့်ပြုမယ်ဆိုတဲ့ အချက်များအရ) ပြည်တွင်းလုပ်ငန်းရှင် လောလောဆယ် နှစ်ဦးပဲရှိ နိုင်ပါတယ်။ ဒါက Forever နဲ့ ရွှေသံလွင် ဖြစ်ပါတယ်။ 
 
ဒီကုမ္ပဏီနှစ်ခုကို ထပ်ပြီးခွဲခြားတဲ့အခါ တင်ဒါစည်းကမ်းချက်မှာပါတဲ့ “ဆောက်လုပ်ရေးလုပ်ငန်းအတွေ့အကြုံရှိမှု” အချက်နဲ့ ချိန်ထိုးရင်း Forever ကုမ္ပဏီအတွက် အခက်အခဲရှိနိုင်ပါတယ်။ ရွှေသံလွင်ကုမ္ပဏီအတွက် မခက်ခဲပါဘူး။ 
 
ဒါပေမဲ့ Forever ကုမ္ပဏီက တင်ဒါကြေညာထားတဲ့ ရေကူးအသံလွှင့်စက်ရုံဝင်းထဲမှာပဲ မြေဧကနှစ်ဧကအတွက် တစ်လငှားရမ်းခ ကျပ်သိန်း ၁၀၀ နဲ့ ငါးနှစ်ငှားရမ်းမှုအတွက် လုပ်ပိုင်ခွင့် ရထားပါတယ်။ ၂၀၁၃ ခုနှစ်မှာ ရရှိထားခဲ့တဲ့ အဲဒီလုပ်ပိုင်ခွင့်က ၂၀၁၈ နောက်ပိုင်းအထိ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ သူလည်း ပြန်ကြားရေးဝန်ကြီးဌာနဆီကနေ အခွင့်အရေးရတဲ့ ရုပ်သံမီဒီယာပါပဲ။
 
ရွှေသံလွင်မီဒီယာအနေနဲ့ကတော့ ရုပ်သံလိုင်းထောင်ခွင့်အပြင် ဘယ်သူမှမရတဲ့ သုံးနှစ်ဆက်တိုက် အခွန်အခကင်းလွတ်ခွင့်၊ ပြည်လမ်းမပေါ်က မြန်မာ့အသံဝင်းနေရာကို မြေငှားရမ်းခပေးစရာမလိုဘဲ အသုံးပြုခွင့်တွေ ရထားတဲ့အထိ အခွင့်အရေးအများဆုံးရတဲ့ မီဒီယာပါ။ ရွှေသံလွင်ဟာ မီဒီယာလုပ်ငန်းအပြင် အခြားလုပ်ငန်းပေါင်းများစွာကို လုပ်ကိုင်ခွင့်ရထားပါသေးတယ်။  ဒီတော့ အခုတင်ဒါခေါ်တဲ့ စည်းကမ်းချက်တွေနဲ့ ကိုက်ညီမှု အရှိဆုံးဖြစ်နေတာ ရွှေသံလွင်ပါပဲ။
 
သတင်းစာကြော်ငြာမှာ ဧက ၈၀ ကျော်၊ တကယ်ပေးတော့ ဧက ၉၀ 
 
အများပြည်သူ သိအောင် တရားဝင်ထုတ်ပြန်ထားတဲ့ အစိုးရသတင်းစာ ကြော်ငြာမှာ လုပ်ငန်းလုပ်ကိုင်ခွင့်ရသူဟာ မြေဧရိယာ ဧက ၈၀ ကျော်ရမယ့်သဘော ရေးထားပါတယ်။ 
 
တင်ဒါစည်းကမ်းမှာ ဖော်ပြထားချက်အရတော့ တင်ဒါခေါ်ထားတဲ့ စက်ရုံဟောင်း မြေဧရိယာဟာ ၁၂၀ ဧကခန့် ရှိနေတယ်။ ဒီအထဲ ဧက ၃၀ ကို မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားအတွက် ထုတ်နုတ်ပြီး ကျန်မြေ ဧ က ၉၀ ခန့်ကို တင်ဒါရရှိသူအား အပြီးအပိုင်လွှဲပြောင်းပေးအပ်မယ်လို့ ဆိုထားပါတယ်။  
 
ဒါကိုကြည့်ခြင်းအားဖြင့် တစ်ချိန်မှာ ရန်ကုန်မြို့ရဲ့ အချက်အချာဖြစ်လာနိုင်တဲ့ နေရာ၊ ယာဉ်ကြောပိတ်ဆို့ ကင်းရှင်းတဲ့ အဓိကနေရာတစ်ခုမှာ ဧက ၉၀ ခန့် တစ်ဆက်တစ်စပ်တည်း မြေနေရာကို တင်ဒါအောင်မြင်သူက ရရှိသွားမှာပါ။ 
 
တင်ဒါစည်းကမ်းတွေအရ တင်ဒါရရှိခဲ့သူဟာ အစိုးရကို ပြန်လုပ်ပေးရမှာတွေ ရှိပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာပဲ တစ်ဆက်တစ်စပ်တည်းရှိပြီး ပြန့်ပြူးတဲ့ မြေဧ ၁၅၀ ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအတွက် အစားပြန်ပေးရမယ်၊ စက်ရုံသစ်ကို  စက်ပစ္စည်းတွေသာမက ဝန်ထမ်းအိမ်ရာတွေကိုလည်း တည်ဆောက်ပေးရမယ်၊ စက်ရုံဟောင်း မြေနေရာမှာ ချန်ထားပေးရမယ့် မြေဧက ၃၀ ထဲက ၁၅ ဧကမှာ လက်ရှိ အဆောက်အအုံဟောင်းဖြစ်တဲ့ အသံလွှင့်စက်ရုံနှစ်ရုံ၊ စတူဒီယိုသုံးရုံကို ဆက်ထားပြီး အသုံးပြုမယ်၊ ကျန်တဲ့ မြေ ၁၅ ဧက နေရာမှာ ပြန်ကြားရေးဝန်ကြီးဌာနက ဝန်ထမ်းမိသားစု ၃၀၀ နေထိုင်နိုင်တဲ့ ဝန်ထမ်းအိမ်ရာ ဆောက်ပေးရမယ်လို့ ဆိုထားပါတယ်။ 
 
ဒါ့အပြင် တင်ဒါရခဲ့သူဟာ သူရရှိမယ့် မြေဧက ၉၀ ပေါ်မှာ ရုပ်သံထုတ်လွှင့်မှုဆိုင်ရာ အဆောက်အအုံတွေ၊ စတူဒီယိုတွေ၊ ပရိသတ် တစ်သောင်းခွဲဆံ့တဲ့ မိုးလုံလေလုံဇာတ်ရုံ၊ ပရိသတ်ငါးသောင်းဆံ့တဲ့ အမိုးဖွင့်ဇာတ်ရုံ၊   Multi-Media တက္ကသိုလ် ကျောင်း၊ အပန်းဖြေရိပ်သာ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ အဆောက်အအုံတွေကိုလည်း ဆောက်လုပ်ပေးရမယ်လို့ စည်းကမ်းသတ်မှတ်ထားပါတယ်။ 
 
မီဒီယာလုပ်ငန်းဖွံ့ဖြိုးဖို့ဆိုတဲ့ ခေါင်းစဉ်တပ်ထားပေမယ့် ဟိုတယ်၊ တည်းခိုခန်း၊ အပန်းဖြေရိပ်သာ၊ ဘဏ်ရုံးခွဲလို အဆောက်အအုံတွေဖြစ်တဲ့ စီးပွားဖြစ်လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ခွင့် ပေးထားပါတယ်။ 
 
ဒီနေရာမှာ အပိုင်းနှစ်ပိုင်းရှိပါတယ်။ ပထမအပိုင်းအနေနဲ့ အစိုးရကို ပြန်လုပ်ပေးရမယ့် နေရာသစ်ပေးမှု၊ စက်ရုံပစ္စည်း တပ်ဆင်ပေးမှုတွေက ရွှေသံလွင်ကုမ္ပဏီဆိုရင် ခက်ခဲမှုမရှိနိုင်ပါဘူး။ မြေနေရာသစ်အတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ သူတို့ဆီမှာ ရှိထားပြီး ဖြစ်တဲ့အပြင် စက်ပစ္စည်းပိုင်းဆိုင်ရာ တပ်ဆင်ပေးမှုကလည်း သူတို့အတွက် များပြားတဲ့ ငွေကြေးမဖြစ်နိုင်ပါဘူး။ 
 
ဒုတိယတစ်ပိုင်းဖြစ်တဲ့ မြေဧက ၉၀ ပေါ်မှာ ဆောက်လုပ်ရမယ်ဆိုတဲ့ အရာတွေ က သကာလောင်း၊ မက်လုံးပေးပြီး အများပြည်သူ အမြင်တင့်အောင်လုပ်ထားတဲ့ သဘောမျိုးပါပဲ။  
 

 
တင်ဒါခေါ်ယူထားသည့် ရေကူးအသံလွှင့်စက်ရုံဝင်းအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
 
ပြိုင်ဘက်မထားတဲ့ နံပါတ် ၁၂ အချက် 
 
တင်ဒါစည်းကမ်း ၁၇ ချက်မှာ နံပါတ် ၁၂ အချက်က တင်ဒါအတွက် ပြိုင်ဘက်မထားဘဲ ပေးချင်သူကိုပေးမယ်ဆိုတဲ့ သဘော  သက်ရောက်နေပါတယ်။ 
 
တင်ဒါစည်းကမ်းချက် ၁၂ မှာ “တင်ဒါတင်သွင်းသူများ၏ အဆိုပြုလွှာများကို တင်ဒါစိစစ်ရေးအဖွဲ့မှ စိစစ်ရာတွင် ဈေးနှုန်းတစ်ခုတည်းကို အခြေခံ၍ အဆုံးအဖြတ်ပြုမည်မဟုတ်ဘဲ တင်ဒါတင်သွင်းသူ၏ လုပ်ငန်းအတွေ့အကြုံနှင့် အရည်အသွေး၊ တည်ဆောက်ပေးနိုင်သည့် စီမံကိန်းအရည်အသွေးတို့ကိုလည်း ထည့်သွင်းစဉ်းစားပြီး မီဒီယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူအပြုနိုင်ဆုံး တင်ဒါကိုသာ စိစစ်ရွေးချယ်မည်ဖြစ်ပါသည်”လို့ ဆိုထားပါတယ်။ 
 
တစ်နည်းအားဖြင့် ဈေးသက်သာသည် ဖြစ်စေ၊ မသက်သာသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ တင်ဒါတင်ထားသူများ အောင်မြင်မှု၊ မအောင်မြင်မှုဟာ တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့ရဲ့ လက်ထဲမှာ ရှိနေတယ်လို့ အသိပေးတဲ့ အချက်ပါပဲ။ 
 
ကျပ်ဘီလျံ ၂၀၀ ကနေ ၄၀၀ အထိ နစ်နာမယ်  
 
ဝေဇယန္တာလမ်းမပေါ်က ရေကူးအသံလွှင့်စက်ရုံဝင်းဟောင်းဟာ အခုချိန်မှာ နေရာကောင်းဖြစ်ပြီး ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ နေရာမှာ ရှိပါတယ်။ မြောက်ဒဂုံမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်စတဲ့ မြို့နယ်သုံးခုနဲ့ စပ်ဆက်နေတဲ့ ဗဟိုချက်အနီးမှာ ရှိပါတယ်။ 
 
ဒါ့အပြင် မြို့ပြင်ထွက်ဖို့ အမှတ်(၃) လမ်းမကြီးနဲ့ မဝေးသလို မြို့ထဲကိုလည်း  ကမ္ဘာအေးဘုရားလမ်းက တစ်ဆင့် အလွယ်တကူသွားနိုင်တဲ့ နေရာကောင်းမှာ ရှိနေပါတယ်။ ဝေဇယန္တာလမ်းဆိုတာကလည်း ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ လမ်းမကြီးတစ်ခုပါပဲ။ 
 
အဲဒီနေရာဟာ မီဒီယာလုပ်ငန်းပဲ လုပ်ရမယ်ဆိုပြီး အတင်းထိုးရောင်းဆိုရင်တောင် တစ်ပေပတ်လည် အနိမ့်ဆုံးဈေး ကျပ် ၈၀,၀၀၀ လောက်ရပါမယ်။ ဧက ၉၀ အတွက် ဆို ကျပ်ဘီလျံပေါင်း ၃၀၀ ကျော် (အမေရိကန် ဒေါ်လာ သန်း ၃၀၀ ကျော်)အထိ တန်ကြေးရှိပါတယ်။
 
ကာလပေါက်ဈေးနဲ့ဆိုရင် တစ်ပေပတ်လည် ကျပ် ၁၅၀,၀၀၀ ပေါက်ဈေးရှိပါတယ်။ ဧက ၉၀ ဆိုရင် ကျပ်ဘီလျံပေါင်း ၅၀၀ ကျော်(အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်အထိ) တန်ကြေး ရှိပါတယ်။ 
 
အချက်အချာကျပြီး နေရာကောင်းမှာ ရှိနေတာဖြစ်လို့ နောက်ပိုင်း ဒီထက်ဈေးပိုရဖို့ပဲ ရှိတဲ့နေရာပါ။ 
 
တင်ဒါပုံစံမှာပါတဲ့အတိုင်းဆိုရင် လုပ်ကိုင်ခွင့်ရသူက စက်ရုံသစ်အတွက် မြေဧက ၁၅၀ အစားပြန်ရှာပေးရပါမယ်။ ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း၊ မြန်မာ့အသံက လက်ခံတဲ့နေရာလို့ပဲ ပါတဲ့အတွက် ထောက်ကြန့်အစွန်ဘက်က မြေအစားပေးလည်း ရပါတယ်။ လမ်းမကြီးပေါ်လို့မပါဘဲ လမ်းမကြီးအနီးဆိုတဲ့အတွက် လမ်းမကြီးပေါ်မဟုတ်ဘဲ အတွင်းဘက်က လယ်မြေ အလွတ်တွေ ရှာပေးရင်လည်း ဖြစ်နိုင်တာပါပဲ။
 
အစွန်ဘက်က လယ်မြေဆိုရင် တစ်ဧက သိန်း ၁၀၀ နဲ့ ၂၀၀ ကြားဆိုရင် ရနေပါပြီ။ ဧက ၁၅၀ ဆို တော့ ကျပ် ၁ ဒသမ ၅ ဘီလျံက နေ ကျပ် ၃ ဘီလျံလောက်ဆို ရနေပါပြီ။ ဝန်ထမ်းအိမ်ရာနဲ့ အသံလွှင့်ရုံသစ် ပြန်ဆောက်ပေးတာကလည်း ကျပ်ဘီလျံ ၃၀၊ ၄၀(ဒေါ်လာ သန်း ၃၀၊ ၄၀) ဆိုရလောက်မှာပါ။
 
ရန်ကုန်မြို့ရဲ့ နေရာကောင်းဖြစ်ပြီး အချက်အချာကျတဲ့အပြင်  ကျပ်ဘီလျံ ၃၀၀ ကျော် ကနေ ၅၀၀ ကျော်အထိ တန်ကြေးရှိတဲ့ မြေဧက ၉၀ ရသွားမယ့်သူဟာ ကျပ်ဘီလျံ ၂၀၀ ကနေ ၄၀၀ အထိ အကျိုးအမြတ်ရှိသွားမှာ ဖြစ်သလို အခုအတိုင်းသာ ပေးလိုက်မယ်ဆိုရင် နိုင်ငံတော်အနေနဲ့ ကျပ်ဘီလျံ ၂၀၀ ကနေ ၄၀၀ လောက်အထိ နစ်နာသွားနိုင်ပါတယ်။
   
ရွှေသံလွင်ဆိုလို့
 
ဒီတင်ဒါမှာ ရနိုင်ခြေအများဆုံးရှိတာက ရွှေသံလွင်ကုမ္ပဏီပါ။ 
 
ရွှေသံလွင်ကုမ္ပဏီမှာ ဆက်စပ်ပတ်သက်တဲ့ ကုမ္ပဏီပေါင်း ၂၀ ကျော်လောက် ရှိပါတယ်။ ဒါပေမဲ့၂၀၁၂-၂၀၁၃ စည်းကြပ်နှစ်ကဆို ရင် ထိပ်တန်းအခွန်ထမ်း ၅၀၀ ဦးစာရင်းထဲမှာ ရွှေသံလွင်အမည်နဲ့တောင် ပါမလာဘဲ ဆက်စပ်တဲ့ကုမ္ပဏီတစ်ခုပဲ ပါလာပါတယ်။
 
၂၀၁၃-၂၀၁၄ စည်းကြပ်နှစ်ရောက်တော့လည်း ရွှေသံလွင်အပါ အဝင် ကုမ္ပဏီသုံးခုပဲ ထိပ်တန်းအခွန်ထမ်းစာရင်းမှာ ပါလာပါတယ်။
 
ဒါပေမဲ့ ရွှေသံလွင်ကုမ္ပဏီဟာ ဘဏ်တည်ထောင်ခွင့်ကိုပါ ရရှိထားပြီး ကျပ် ၁၀ ဘီလျံအထိ မ,တည်ထားတယ်။ ရလမ်းပြနိုင်တဲ့ ငွေနဲ့ပဲ ဘဏ်တည်ထောင်ကြရတာပါ။ ဒီတော့ နှစ်တိုင်း ထိပ်တန်းအခွန်ထမ်းစာရင်းမှာ ပါမလာဘဲ အခုတစ်နှစ်လောက်မှာပဲ ပါလာတဲ့ ရွှေသံလွင်ကုမ္ပဏီနဲ့ ဆက်စပ်ကုမ္ပဏီတွေရဲ့ အခွန်ဆောင်မှုနဲ့ ရလမ်းပြနိုင်တဲ့ ငွေပမာဏကလည်း ကိုက်ညီမှု ရှိ မရှိ မေးခွန်းထုတ်စရာ ကောင်းပါတယ်။
 
တကယ်လို့ ရွှေသံလွင်ကုမ္ပဏီက တင်ဒါတင်ခဲ့ပြီဆိုရင် သူတို့ရဲ့ ဘဏ္ဍာရေးရှင်းတမ်းကို အခုထက်ပိုမိုပွင့်လင်းမြင်သာတဲ့  စိစစ်မှုတွေနဲ့ တင်ဖို့လိုပါတယ်။ 
 
တင်ဒါကို ဘာကြောင့် အမြန်ခေါ်သလဲ  
 
အခုခေါ်ယူတဲ့ တင်ဒါပုံစံကို ကြည့်ခြင်းအားဖြင့် မြို့ပြနှင့် ရုပ်သံမီဒီယာဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန်လို့ ခေါင်းစဉ်တင်ထားပေမယ့် မီဒီယာလုပ်ငန်း လုပ်ကိုင်လိုသူတိုင်း ဝင်ပြိုင်နိုင်တဲ့ အခြေအနေမရှိပါဘူး။ ဒီလိုမရှိအောင်လည်း တင်ဒါပုံစံ စည်းကမ်းတွေနဲ့ ကန့်သတ်ထားပါတယ်။ 
 
ဒါ့အပြင် မီဒီယာခေါင်းစဉ်တင်ပြီး စီးပွားရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ခွင့်ပေးထားတယ်။ 
 
ဒီကိစ္စမှာ အဓိကကျနေတာက လုပ်ငန်းအမျိုးအစားထက် မြေတန်ဖိုးပါပဲ။ ရန်ကုန်မှာ အခုလိုအချက်အချာကျပြီး တစ်ဆက်တစ်စပ်တည်းရှိနေတဲ့ မြေပမာဏ မရှိတော့ပါဘူး။ ဒီမြေကို ဘာကြောင့် ရောင်းလိုတာလဲ။ 
 
သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့အတွက် အချိန်လည်း သိပ်မကျန်တော့ပါဘူး။ အချိန် ငါးလကျော်လောက်ပဲ ရှိပါတော့တယ်။ ဒီအသံလွှင့်ရုံ တင်ဒါကိစ္စကို နောက်အစိုးရ လက်ထက်ရောက်မှလုပ်ရင် ရနိုင်ပါလျက် အခုချိန်မှာ ဘာလို့ ထလုပ်ရတာလဲ။ အခုလို တင်ဒါပုံစံမျိုးနဲ့ မြန်မာနိုင်ငံအနှံ့ မြေကွက်တွေ၊ စက်ရုံတွေကို ဘယ်လောက်တောင် လွှဲပြောင်းပြီးနေပြီလဲ။ 
 
နောက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားအနေနဲ့ စက်ရုံဟောင်းတစ်ခုကို ဘာကြောင့် အလျင်စလို ရွှေ့ပြောင်းလိုတာလဲ။ နေပြည်တော်မှာလည်း စက်ရုံသစ်ကြီးတွေ ရှိနေပြီပဲ။ နောက်ထပ ်စက်ရုံသစ်တစ်ခု ကောက်ကာငင်ကာ ဘာကြောင့်လိုတာလဲ။ ဒီနောက်ကွယ်မှာ မေးစရာတွေ အများကြီးရှိပါတယ်။
 
ဒီကိစ္စကို မေးခွန်းထုတ်ရပါမယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရော၊ မီဒီယာတွေရော၊ လွှတ်တော်ရော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရော၊ နိုင်ငံရေးသမားတွေပါ ဒါကိုမေးကြရပါမယ်။ 
 
မေးခွန်းက သုံးခုပဲ ရှိပါတယ်။ 
 
(၁) ဘာကြောင့် ဒီမြေကွက်ကို အလောတကြီး ရောင်းထုတ်ချင်ရတာလဲ။ 
 
(၂) တင်ဒါစည်းကမ်းတွေကို ဘယ်သူတွေက ရေးဆွဲတာလဲ။ 
 
(၃) ဒီတင်ဒါခေါ်ယူဖို့ ဘယ်သူက စေခိုင်းတာလဲ။ သမ္မတဦးသိန်းစိန်လား၊ ဒုတိယသမ္မတတွေဖြစ်တဲ့ ဒေါက်တာ စိုင်းမောက်ခမ်း လား၊ ဦးဉာဏ်ထွန်းလား၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း အပါအဝင် သမ္မတရုံး ပြည်ထောင်စုဝန်ကြီးတွေလား၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်လား၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးလား၊ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်က ညွှန်ကြားရေးမှူးချုပ်တွေလား၊ ဒုတိယညွှန်ကြားရေးမှူးချုပ် တွေလား။
 
ဦးရဲထွဋ်ကို အတုယူပါ
 
အခုချိန်မှာ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်တွေ ကိုယ့်ရဲ့ ပိုင်ဆိုင်မှုကို ထုတ်ပြထားဖို့ လိုပါပြီ။ 
 
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကတော့ လူမှုကွန်ရက် စာမျက်နှာ Facebook  ကတစ်ဆင့် သူ့ရဲ့ ပိုင်ဆိုင်မှုတွေကို ထုတ်ပြောထားပြီးပါပြီ။ 
 
၂၀၁၄ ခုနှစ်တုန်းက ဦးရဲထွဋ်ရဲ့ ပိုင်ဆိုင်မှုတွေအပေါ် မေးခွန်းထုတ်မှုတွေ ရှိခဲ့ပါတယ်။ သူရတဲ့ လစာငွေနဲ့ သူ့ပိုင်ဆိုင်မှုတွေကို မေးခဲ့ကြတာပါ။ 
 
ဒါတွေကို ပြန်ဖြေတဲ့အခါ ဦးရဲထွဋ်က သူညွှန်ချုပ်ဘဝက ဆောက်ခဲ့ဖူးသည့် အိမ်သေးသေးတစ်လုံးရှိဖူးကြောင်း၊  ဇနီးသည် နာမကျန်းဖြစ်စဉ်မှာ ကုန်ကျခဲ့တဲ့ ငွေကျပ် သိန်း ၂၀၀ အတွက် စက်မှုဝန်ကြီးဌာနကို လျှောက်ထားပြီးရခဲ့တဲ့ ဆူဇူကီး R+ ရောင်းရတဲ့ ငွေကို အသုံးပြုခဲ့ကြောင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် မြေကွက်တစ်ကွက် ဝယ်ခဲ့ဖူးကြောင်း၊ အဲဒီမြေကွက် ရောင်းရငွေနဲ့ လက်ရှိမှာ တိုက်ခန်းဝယ်ယူကြောင်းသဘောဆောင်တဲ့ ဖြေကြားမှုတွေကို ဦးရဲထွဋ်က ပြောထားပါသေးတယ်။ 
 
ကျွန်တော်တို့ရဲ့ စုံစမ်းမှုအရလည်း ဦးရဲထွဋ် အမျိုးသမီးက တိုက်ခန်းတွေကို ကြိုပွိုင့်ဝယ်ထားတယ်၊ ပြီးသွားတဲ့ တိုက်ခန်းတွေကို အတွင်းပိုင်း ပြင်ဆင်မှုတွေ လုပ်ခဲ့တယ်၊ ကြိုပွိုင့်တိုက်ခန်းအတွက်လည်း အရစ်ကျကျန်တဲ့ငွေတွေကို ထပ်သွင်းနေတယ်။ ဒါတွေဟာ မြေကွက်ရောင်းရတဲ့ ငွေကတစ်ဆင့် လုပ်တာ ဖြစ်နိုင်ပါတယ်။ 
 
အဲဒီတော့ ဦးရဲထွဋ်မှာ ငွေကျပ် သိန်း ၃၀၀၀ ဝန်းကျင်လောက် တန်ဖိုးရှိတဲ့ တိုက်ခန်းနှစ်ခန်းလောက်ပဲ ပိုင်ဆိုင်မှုရှိတဲ့ သဘောပါပဲ။ သူရတဲ့လစာနဲ့ ချိန်ထိုးရင် ဒီထက်လည်း ပိုမရှိနိုင်ပါဘူး။  လက်ခံနိုင်တဲ့ ပမာဏပါပဲ။ 
 
အလောတကြီး မလိုအပ်ဘဲ ရေကူးအသံလွှင့်စက်ရုံ တင်ဒါကိုမရပ်ဘဲ ဆက်ခေါ်နေ မယ်ဆိုရင် ကျန်တဲ့သမ္မတအစ၊ ပြည်ထောင်စုဝန်ကြီးတွေ အလယ် နေပြည်တော်မှာ ဘီယာဆိုင်တွေဖွင့်ထားတဲ့ MD အဆုံး ဦးရဲထွဋ်လို ပိုင်ဆိုင်မှုတွေ ထုတ်ပြထားဖို့ လိုပါတယ်။ 
ဒီတော့မှ တင်ဒါခေါ်ပြီး နောက်ပိုင်းအနားယူသွားတဲ့အခါ မိမိတို့ ပြောတဲ့ ပိုင်ဆိုင်မှုထက် ပို၊ မပို သိရမှာပါ။ 
 
ပိုနေပြီဆိုရင်တော့ ဒီတင်ဒါကိစ္စမှာ  မသမာမှုတွေ ရှိနေပြီပေါ့။ လောလောဆယ်တော့ ဦးရဲထွဋ်ကို အတုယူပြီး ပိုင်ဆိုင်မှုတွေ ထုတ်ပြထားဖို့ လိုပါတယ်။
 
ဘယ်သူတွေက ကြိုသိနေလဲ 
 
နောက်ပြီး တင်ဒါစည်းကမ်းမှာ ဖော်ပြထားတဲ့ သတ်မှတ်ချက်တွေအတိုင်း အဆောက်အအုံတွေ၊ ဟိုတယ်တွေ၊ အပန်းဖြေရိပ်သာတွေနဲ့ အခြားစီးပွားရေးဆိုင်ရာ အဆောက်အအုံတွေပါဝင်တဲ့ လုပ်ငန်းစီမံကိန်းပေါင်း ၃၀ ကျော်ပါဝင်တဲ့ အဆိုပြုလုပ်ငန်းပုံစံကို အသေအချာလုပ်မယ်ဆိုရင် အချိန်တစ်လအတွင်း ဘယ်လိုလုပ်ကြမလဲ။  
 
စီမံကိန်းလုပ်ငန်းရပ် တစ်ခုချင်းစီအလိုက် ဒီဇိုင်း၊ အခန်းဖွဲ့စည်းမှု၊ ဧရိယာ၊ ကုန်ကျစရိတ်၊ ကြာမြင့်ချိန်တွေကို တစ်ရက်မှာ စီမံကိန်းတစ်ခုနှုန်းအမြန်လုပ်ရင်တောင်  သတ်မှတ်ချိန်အတွင်း တင်နိုင်ဖို့ မလွယ်ပါဘူး။ 
 
ဒါပေမဲ့ တင်ဒါကြော်ငြာကို မေ ၁၅ ရက် အစိုးရသတင်းစာမှာ ထည့်တယ်။  တင်ဒါပုံစံတွေကို မေ ၁၈ ရက်မှာ စတင်ဝယ်ယူခွင့်ပြုတယ်။ ဇွန် ၁၉ ရက် နောက်ဆုံးထားပြီး တင်သွင်းရမယ်ဆိုတော့ အချိန်တစ်လပဲ ပေးထားတာပါ။ 
 
ဒါကို ကြိုမသိထားသူတွေအတွက် ပေးထားတဲ့ အချိန်တစ်လအတွင်း ပြီးပြည့်စုံတဲ့ တင်ဒါပုံစံတင်ဖို့ မဖြစ်နိုင်ပါဘူး။ ကြိုသိထားတဲ့သူဆိုရင် အဆင်ပြေနိုင်တာပေါ့။ 
 
ဒါကြောင့် ဒီသတင်းကို ဘယ်သူတွေ ကြိုသိထားသလဲ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ တင်ဒါကိစ္စတွေနဲ့ ပတ်သက်လာရင် သတင်းကြိုပေါက်တာ၊ လုပ်ငန်းရှင်နဲ့ လက်ဝါးချင်းရိုက်ပြီးမှ ခေါ်ဖူးတဲ့သာဓကတွေလည်း ရှိခဲ့ဖူးပါတယ်။ 
 
ဥပမာ-7 Day ဂျာနယ်မှာ ဖော်ပြဖူးတဲ့ “ထူးမခြားနား လေလံပွဲများ”ဆာင်းပါးမှာဆိုရင် “တင်ဒါမခေါ်ပေမယ့် လုပ်ငန်းရှင်ကို ကြိုပြောထားတယ်။ လိုအပ်တဲ့ ဒီဇိုင်း လိုဂိုပုံစံတွေ အားလုံးကြိုလုပ်ခိုင်းထားတယ်။ ပြီးတော့မှ တင်ဒါခေါ်တယ်”ဆိုပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်ကိုယ်တိုင် ပြောထားတယ်။ နောက်ထပ်ပြီးတော့လည်း “မေးခွန်းကြို ပေါက်တဲ့ကိစ္စကလည်း တရားမျှတမှု မရှိဘူး”ဆိုပြီး လေလံခဏခဏဆွဲတဲ့လုပ်ငန်းရှင် ကိုယ်တိုင်ပြောထားဖူးတယ်။
 
အခုချိန်မှာတော့ ရေကူးအသံလွှင့်စက်ရုံးဟောင်းနေရာ တင်ဒါစည်းကမ်းတွေက မေးခွန်းထုတ်စရာတွေ အများကြီးရှိနေပါ တယ်။ လုပ်နိုင်တာချင်း တူလာရင်တောင် ကိုယ်ပေးချင်တဲ့သူကို ပေးလို့ရတဲ့အနေအထားမျိုးပါပဲ။နောက်ပြီး ဒါက ပြည်သူအတွက် အရေးတကြီးလိုအပ်တဲ့အရာ၊ အရေးတကြီး လုပ်ဆောင်ရမယ့်အရာလည်း မဟုတ်ပါဘူး။  တင်ဒါမှာပါနေတဲ့ ဟိုတယ်တို့၊ လူသောင်းချီဆံ့တဲ့ ကဇာတ်ရုံတို့ဆိုတဲ့ မက်လုံးတွေကလည်း ပြည်သူလူထုအတွက် မဖြစ်မနေ လိုနေတာတွေ မဟုတ်ပါဘူး။ 
 
ဒါနဲ့ ဆက်စပ်ပြီးပြောရင် နိုင်ငံပိုင်တွေကို ပုဂ္ဂလိကပိုင် လွှဲပြောင်းခဲ့တဲ့ တင်ဒါတွေကို ပြန်စိစစ်ဖို့ ကောင်းပါတယ်။ ဒါဟာ အခုတွေ့လိုက်ရတဲ့ တင်ဒါစည်းကမ်းတွေကို ကြည့်ပြီး ပြောတာပါ။ ကျွန်တော်တို့လည်း အရင်ကလုပ်ခဲ့တဲ့ တင်ဒါ စည်းကမ်းတွေကို အသေးစိတ် လေ့လာနိုင်ခွင့် မရှိခဲ့ပါဘူး။ အခုချိန် လေ့လာတဲ့အခါ တင်ဒါစည်းကမ်းတွေကို ပြန်စိစစ်ဖို့လိုတယ်ဆိုတာ တွေ့လာပါတယ်။ ဒီလိုပဲ ကျန်နေတဲ့သူတွေလည်း တင်ဒါစည်းကမ်းတွေကို အလွယ်တကူ သိကြမှာမဟုတ်ပါဘူး။ (ဒါကြောင့် ရေကူးအသံလွှင့်စက်ရုံဟောင်းနေရာ တင်ဒါစည်းကမ်းတွေကို Eleven Media Group  ရဲ့ Facebook နဲ့ Website ကတစ်ဆင့် အများပြည်သူသိနိုင်အောင် အပြည့်အစုံဖော်ပြထားပါတယ်။ အဲဒီတင်ဒါစည်းကမ်းတွေကိုကြည့်ပြီး ကျွန်တော်တို့ မှန်သလား၊ မှားသလားဆိုတာ အများပြည်သူတွေ ဝင်ရောက်ဖတ်ရှုဆုံးဖြတ်နိုင်ပါတယ်) 
 
သမ္မတကြီး ဖြေရှင်းပေးပါ 
 
နောက်ပြီး အခုတင်ဒါကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူတွေ ထင်ယောင်ထင်မှားမဖြစ်အောင် ရှင်းလင်းဖို့ လိုလာပါတယ်။ 
 
ဘာကြောင့်လဲဆိုရင် အခုတင်ဒါခေါ်ယူမှုမှာ အောင်မြင်နိုင်ခြေအရှိဆုံးက ရွှေသံလွင်ကုမ္ပဏီ ဖြစ်ပါတယ်။ ပြီးတော့ ရွှေသံလွင်ကုမ္ပဏီမှာ ဦးသန်းရွှေရဲ့ မိသားစုတွေ ရှယ်ယာပါတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ပြန်ကြားရေးဝန်ကြီး အဆက်ဆက်နဲ့လည်း မကင်းဘူးဆိုတဲ့ သတင်းတွေရှိခဲ့ပါတယ်။ အခုလည်း သမ္မတကြီးနဲ့ နီးစပ်မှုအများဆုံး ဒီကုမ္ပဏီဖြစ်တယ်ဆိုပြီး ပြည်သူတွေ ကြားထဲမှာ ထင်ယောင်ထင်မှား ဖြစ်နေပါတယ်။  အခုနောက်ပိုင်းဆို ဘဏ်ထောင်ခွင့်အပါအဝင် ယမကာစက်ရုံလုပ်ငန်းတွေကို ရွှေသံလွင်က အစိုးရသစ်လက်ထက်မှာ လုပ်ပိုင်ခွင့်ရတာတွေ ကြည့်ပြီးပြည်သူတွေ ထင်ယောင်ထင်မှား ဖြစ်နေတာပါ။ 
 
ဒါကြောင့် သမ္မတကြီးဟာ ရွှေသံလွင် နဲ့ ကင်းရှင်းကြောင်း သက်သေပြဖို့ အရေးကြီးသလို သမ္မတကြီးဟာ အရင်လိုပဲ ရိုးသားကြောင်း ရှင်းလင်းဖို့ အရေးကြီးပါတယ်။ ဒါမှသာလျှင် ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်နေမှု ပပျောက်သွားမှာပါ။ 
 
ဒီတင်ဒါကိစ္စမှာအတွက် ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ။ သမ္မတကြီးက ရှင်းလင်းပေးပါ။ ပြည်သူတွေက ဆုံးဖြတ်ပါလိမ့်မယ်။
 
နောက်တစ်ချက် အခုပုံစံအတိုင်း တင်ဒါရွေးချယ်မယ်ဆိုရင် နိုင်ငံတော် ဘဏ္ဍာငွေ ကျပ်ဘီလျံ ၂၀၀ ကျော်ကနေ ၄၀၀ လောက် နစ်နာမှာ သေချာပါတယ်။ 
သမ္မတကြီးခင်ဗျာ။ အစိုးရအဖွဲ့ သက်တမ်းမကုန်ခင် သိပ်မလိုတော့တဲ့ လေး ငါး ခြောက်လအတွင်းမှာ ဂွင် (ခွင်) ရှာနေကြတာကို စုံစမ်းကြည့်ပါဦး။ အဲဒီခွင်တွေထဲမှာတော့ ဒီခွင်က အရမ်းကြီးပါတယ်။
 
 

(အောက်ပါ Link တွင် ရေကူးအသံလွှင့်စက်ရုံဟောင်းနေရာ တင်ဒါစည်းကမ်းချက်များ PDF)
http://www.mediafire.com/downlo…/z2f8196bxous7ef/MOI+PDF.pdf