ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံတမန်များ ရန်ကုန်မြို့၌တွေ့ဆုံ၍ ဘင်္ဂါလီရွှေ့ပြောင်း ဒုက္ခသည်များအရေး ဆွေးနွေး

ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံတမန်များ ရန်ကုန်မြို့၌တွေ့ဆုံ၍ ဘင်္ဂါလီရွှေ့ပြောင်း ဒုက္ခသည်များအရေး ဆွေးနွေး
Published 18 May 2015
အောင်ဇော်ထွန်း

ပြည်ထောင်စု ဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံတမန်များသည် မေ ၁၈ ရက် နံနက်က ရန်ကုန်မြို့ရှိ Myanmar Peace Center ၌ တွေ့ဆုံ၍ ပင်လယ်ပြင်တွင် ဒုက္ခရောက်နေသူများ အရေးကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတ ရုံးဝန်ကြီးများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင်တို့ ပါဝင်သည့် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ အခြေစိုက်သံရုံးများမှ သံအမတ်ကြီး ၄၁ ဦး၊ UN သံကိုယ်စားလှယ်များ အပါအဝင် ကိုယ်စားလှယ် ၈၈ ဦးတို့ တက်ရောက်ခဲ့ကြောင်း Myanmar Peace Center မှ သိရသည်။
ဆွေးနွေးပွဲတွင် အစိုးရ တာဝန်ရှိသူများက ရွေးကောက်ပွဲကိစ္စ၊ ငြိမ်းချမ်းရေးဖြစ်စဉ် ဖြစ်ထွန်းတိုးတက်မှု အခြေအနေများနှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ အမေရိကန်၊ မလေးရှား၊ ဗြိတိန်၊ ဘင်္ဂလားဒေ့ရှ်၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ ထိုင်း၊ အိန္ဒိယ၊ တရုတ်၊ ဒိန်းမတ်နိုင်ငံများမှ သံတမန်များကလည်း ရွှေ့ပြောင်းဒုက္ခသည်များ အရေးနှင့် ပတ်သက်ပြီး ၎င်းတို့၏ သဘောထားများ၊ မူဝါဒများကို ရှင်းပြဆွေးနွေးခဲ့ပြီး မေးခွန်းများ မေးမြန်းခဲ့ကြောင်း သတင်းရရှိသည်။
ထို့ပြင် သံတမန်များက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး အခြေအနေ၊ White Card ကိစ္စ၊ ဘင်္ဂါလီရွှေ့ပြောင်း ဒုက္ခသည်များအရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များအပေါ် မေးခွန်းမေးမြန်းမှုများ၊ မှတ်ချက်ပေးမှုများ ပြုလုပ်ခဲ့သည်ဟု Myanmar Peace Center ၏ သတင်းဖော်ပြချက်အရ သိရသည်။
ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ တစ်ဦးက “ပြည်ထောင်စုဝန်ကြီးတွေနဲ့ သံတမန်တွေနဲ့ တွေ့ကြ တယ်။ တွေ့ပြီးတော့ ရွေးကောက်ပွဲကိစ္စတို့၊ ငြိမ်းချမ်းရေးကိစ္စတို့ ရှင်းပြတာပေါ့။ ဒါပေမဲ့ ဆွေးနွေးပွဲက ပင်လယ်ထဲမှာ သောင်တင်နေတယ်ဆိုတဲ့ ဒုက္ခသည်တွေရဲ့အကြောင်းဆီ ရောက်သွားတာပေါ့။ အဲဒါ ရောက်သွားတော့ ဒီကိစ္စတွေကို ဒေသတွင်းမှာ ပူးပေါင်းဆောင်ရွက်ပြီးတော့ ဖြေရှင်းသင့်တယ်။ အပြုသဘောဆောင်ပြီးတော့ ဖြေရှင်းသင့်တယ်။ တစ်ယောက်နဲ့ တစ်ယောက် လက်ညှိုးထိုးပြီးတော့ မဖြေရှင်းသင့်ဘူးဆိုတဲ့ အနေအထားတွေကို သံတမန်တွေက ပြောပြတာပေါ့။ အဲဒါကို အစိုးရကလည်း ပူးပေါင်းဆောင်ရွက်ဖို့။ ပင်လယ်ပြင်မှာ ဒုက္ခရောက်နေတယ်ဆိုရင် ပင်လယ်ပြင်ဥပဒေအရ ဘယ်လိုပဲဖြစ်ဖြစ် ကူညီရမယ်။ နောက်မှ ဘယ်နိုင်ငံသားပါ ဆိုတာ ဆုံးဖြတ်မေးကြည့်။ အဲဒီလိုလုပ်ရတယ် ဆိုပြီးတော့ အစိုးရဘက်က လုပ်မယ့်ဟာတွေ ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေ၊ အားလုံးက အဲဒီဟာပဲ နောက်ဆုံးပြောဖြစ် သွားကြတယ်။ အခြေအနေတွေကို အပြန်အလှန် ဆွေးနွေးကြဖလှယ်ကြ၊ ရှင်းပြကြတာ။ အမေရိကန်၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ် စသဖြင့်ပေါ့ သူတို့ရဲ့မူဝါဒလေးတွေ ရှင်းပြကြတာပေါ့” ဟု ပြောကြားသည်။
“ပင်လယ်ပြင်မှာ သွားလာနေတဲ့သူတွေအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်မှုကို နားလည်ပါတယ်။ ဒီပြဿနာတွေ အကုန်လုံးအတွက် မြန်မာနိုင်ငံကို အပြစ်တင်နေမယ့်အစား ဒေသတွင်း ပါတနာတွေ ပူးပေါင်းဖြေရှင်း သင့်ပါတယ်” ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၏ ပြောကြားချက်ကို ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။
အဆိုပါ ပြည်ထောင်စု အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံတမန်များ၏ တွေ့ဆုံမှုကို ပုံမှန်ပြုလုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။