မအောင်မြင်တာ ပြဿနာ မဟုတ်ဘူး … ရည်မှန်းချက် နိမ့်ကျတာ ပြဿနာ

မအောင်မြင်တာ ပြဿနာ မဟုတ်ဘူး … ရည်မှန်းချက် နိမ့်ကျတာ ပြဿနာ
Published 17 May 2015
အေသင်ဇော်ဇော်

ဒါကို ဖတ်ခဲ့တာ တော်တော်ကြာပြီ။ ဟိုငယ်စဉ် ကလေးဘဝတည်းက။ အဲတုန်းက အဓိပ္ပါယ်ကို ခြေခြေမြစ်မြစ် မခံစားမိဘဲ ကြိုက်နှစ်သက်ခဲ့တာ။ ဒါပေမဲ့ အသက်တွေ ရလာတော့ ပိုပြီး နားလည်လာတယ်။ အသက်ကြောင့် သက်သက်တော့ မဟုတ်ပါဘူး။ ဘဝအတွေ့အကြုံတွေကြောင့်လည်း ပါတယ်။ တချို့အရာတွေက သေသေချာချာ နားလည်ဖို့ ဘဝပါ ပေးလိုက်ရသလိုမျိုးလေ။ရည်မှန်းချက်ဆိုတာ ငယ်ငယ်တုန်းကတော့ သိပ်ပြောလို့ကောင်း၊ သိပ်ဆိုလို့ကောင်းတယ်။ ကျောင်းပွဲတွေမှာဆို “ကျွန်တော် ရည်မှန်းချက် တွေးလျှက်နဲ့ ပျော်သည် ပျော်သည်” လို့ အလယ်တန်းကျောင်းသားဘဝက ဂုဏ်ယူပြီး ဆိုခဲ့ဖူးတယ်။တကယ်တော့ ရည်မှန်းချက်ဆိုတာ ကျွန်တော်တို့ ထင်သလို မဟုတ်ဘူးဗျ။ သူက ဆရာဝန်လည်း မဟုတ်ဘူး။ အင်ဂျင်နီယာလည်း မဟုတ်ဘူး။ မင်းသားလည်း မဟုတ်ဘူး။ အဆိုတော်လည်း မဟုတ်ဘူး။ အဲလို ဟိုဟာဖြစ်ချင်၊ ဒီဟာဖြစ်ချင်ဆိုတာက ရည်မှန်းချက်မဟုတ်ဘူး။ ကလေးတွေ ငယ်ငယ်က တရုတ်ကား၊ ကိုရီးယား ကြည့်တော့ ကျန်ကျောင်းဖြစ်ချင်တာ၊ ပိုးမင်းသားဖြစ်ချင်တာ၊ ဂျူမုံဖြစ်ချင်တာလောက်ပဲ။ အဲဒီစိတ်လေး တွယ်ကပ်နေသလောက် ဖြစ်တယ်။ အချိန်ကြာတော့ မဖြစ်ချင်တော့ပါဘူး။ သူတို့ ဖြစ်ချင်ပြန်တဲ့ နောက်မင်းသားတွေ၊ ဇာတ်ကောင်တွေ ထပ်လာရော။ရည်မှန်းချက်ဆိုတာ အဲဒါမျိုး မဟုတ်ဘူးဗျ။ လူက တစ်ခုပြီး တစ်ခုလိုချင်တဲ့ ညာဉ်လေး ရှိတယ်လေ။ ဒီတော့ ငယ်ငယ်တည်းက တစ်စုံတစ်ရာကို တစ်သက်လုံး ရည်မှန်းချက်ထားရမယ်ဆို ဘယ်ဟုတ်လိမ့်မလဲ။ အဲဒီနိယာမက မှားတာပေါ့။ ဒီတော့ ရည်မှန်းချက်ကို ကိုယ်တဒင်္ဂဖြစ်ချင်တာနဲ့ တိုင်းမယ်။ ပရော်ဖက်ရှင်နယ်တစ်ခုနဲ့ တိုင်းမယ်ဆို မှားတယ်လို့ ကျွန်တော်က စွပ်စွဲချင်တယ်။ တကယ်တော့ ကျွန်တော်တို့က ရည်မှန်းချက်နဲ့ စိတ်ကစားတာနဲ့ မကွဲတာ။ ဟိုဟာဖြစ်ချင်၊ ဒီဟာ ဖြစ်ချင်က စိတ်ကစားတာ။ ရည်မှန်းချက်ဆိုတာက အဲဒီဖြစ်ချင်တဲ့အရာအပေါ်မှာထားတဲ့ သဘောထားကို ပြောတာ။မသေမချင်း ရည်မှန်းချက်တွေ ထားလို့ရတယ်လို့လည်း ပြောကြပြန်တယ်။ အဲမှာ ထပ်မှားပြန်တယ်။ ဘာမှ မလုပ်ဘဲ ဘာဖြစ်ရမယ်လို့ ရည်မှန်းလို့ မရပါဘူး။ ရည်မှန်းချက်ဆိုတာက ကိုယ်ရွှေးချယ်တဲ့လမ်းမှာ ကိုယ်ဘယ်အတိုင်းအတာ ရောက်ရမယ်ဆိုတဲ့ ကိုယ့်ကိုယ်ကို ပြန်အသိပေးလှုပ်ဆော်မှုပါ။ ဘယ်သူ၊ ဘယ်အလုပ်၊ ဘာဆိုတာက အရေးမကြီးပါဘူး။ တကယ်လို့ အဲလို ပြန်လည်တွန်းအားပေးဖို့ မေ့လျှော့နေခဲ့တယ်ဆိုရင်တော့ ကိုယ်နဲ့ စပ်ဆက်နေတဲ့ ကိုယ့်ပတ်ဝန်းကျင်မှာ လူတွေ အားကိုးလို့ရတဲ့သူ မဖြစ်နိုင်ပါဘူး။ ဒါက ပညာရပ်ကို လေ့လာမှုနဲ့ ရည်မှန်းချက်ထားရှိမှုတို့ကြားက ခြားနားမှုပါ။ ဒါကို ခွဲခြားမြင်နိုင်မှ ကိုယ့်ရည်မှန်းချက်ဟာ မြင့်မားနေလား၊ နိမ့်ကျနေလားဆိုတာကို ပြန်အဖြေရှာလို့ ရနိုင်လိမ့်မယ်။“ဘာလုပ်တယ်ဆိုတာ အရေးမကြီးဘူး။ ဘယ်လိုလုပ်တယ်ဆိုတာ အရေးကြီးတယ်” ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ အဲဒီစကားဟာ ရည်မှန်းချက်ဆိုတဲ့ ပေတံကို ဘယ်လောက် မြင့်မြင့်တိုင်းသလဲဆိုတာကို မေးခွန်းထုတ်ထားတဲ့ စကားပါ။ ဘဝတွေက မတူဘူးလေ။ ကျွန်တော်လည်း တချို့ဖြစ်ချင်တာတွေ ဖြစ်လို့ မရဘူး။ ကိုယ်အနေအထား ရှိသလောက်၊ ကိုယ့်ဖြစ်ခွင့် ရသလောက်ပေါ်မှာ အကောင်းဆုံးဖြစ်ဖို့ ဆုံးဖြတ်ကြရတာပဲ မဟုတ်လား။ ဒါပေမဲ့ ကိုယ်ဖြစ်တည်နေတဲ့အရာပေါ်၊ ကိုယ့်ရပ်တည်မှုအပေါ်မှာ ကိုယ်ဘယ်လို ရပ်တည်ထားတယ်ဆိုတာကတော့ ကိုယ့်ရည်မှန်းချက်ရဲ့ ယောင်ပြန်ဟပ်မှုပါ။သေချာအောင်ပြန်ပြောမယ်။ ဆရာဝန်တစ်ယောက်ဖြစ်နေတာဟာ ရည်မှန်းချက် မဟုတ်ဘူး။ ဖြစ်ဖို့ အခြေအနေရှိလို့ ဖြစ်လာတာ။ ဒါပေမဲ့ ဘယ်လိုဆရာဝန်ဆိုတာကတော့ သူ့ရဲ့ ရည်မှန်းချက်ပဲ။ ဘယ်လိုလုပ်နေတယ်ဆိုတာကသာ ရည်မှန်းချက်။ သန့်ရှင်းရေးဝန်ထမ်းဖြစ်နေရတာဟာလည်း ရည်မှန်းချက်မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီအခြေအနေမှာ သန့်ရှင်းရေးကို ဘယ်လို လုပ်ဆောင်တယ်ဆိုတာကတော့ သူရဲ့ ရည်မှန်းချက်ဖြစ်သွားပါပြီ။ ဒါကို မသဲကွဲဘဲနဲ့ ရည်မှန်းချက်တွေအကြောင်း ပြောနေမယ်ဆိုရင် ဟာသပဲဖြစ်မယ်။ကျွန်တော်လည်း ဘဝမှာ ဖြစ်ချင်တဲ့စိတ်နဲ့ ရည်မှန်းချက် မကွဲလို့ ခဏခဏ လဲကျခဲ့ဖူးတယ်။ စိတ်ဓာတ်တွေ ဖရိုဖရဲ ဆန်ကွဲကြဲဖူးတယ်။ တကယ်တော့ သတ်မှတ်ချက်တစ်ချို့ရှိနေတဲ့ ကမ္ဘာမှာ ဖြစ်ချင်တာဆီ သွားနေချိန် ဖြစ်သင့်တာတွေလုပ်ရင်း အသက်ဆက်ရတဲ့အခါ ကိုယ်လုပ်ရတဲ့ အရာတွေအပေါ် ဘယ်လို သဘောထားလဲ။ ဘယ်လို ရည်မှန်းချက်ထားလဲ။ ဒါကို နားလည်ရင် လုပ်နေရတဲ့ အရာတွေက ကိုယ့်ကို စိတ်ပျက်အားငယ်မှု မရှိစေတော့ဘူး။ အကောင်းဆုံးလုပ်ဖို့ တွေးနေတာဟာ ရည်မှန်းချက် မြင့်မားတာပါ။ ဖြစ်သလိုလုပ်လိုက်တာဟာ ရည်မှန်းချက် နိမ့်ကျတာပါ။ ဒီတော့ မူလတန်းကျောင်းဆရာလေးဟာလည်း ရည်မှန်းချက်မြင့်မားနေနိုင်တယ်။ တက္ကသိုလ်ပါမောက္ခကြီးလည်း ရည်မှန်းချက် နိမ့်ကျနေနိုင်တယ်။လူတချို့ ယုံကြည်လက်ခံထားတဲ့ အောင်မြင်မှုဆိုတာ အမှန်တရား မဟုတ်ဘူး။ မျှတမှု ရှိချင်မှ ရှိလိမ့်မယ်။ သတ်မှတ်သူတွေရဲ့ အမြင်နဲ့ ဆိုင်တယ်။ တောနယ်က ဆင်းရဲတဲ့ လယ်သမားသားသမီးတစ်ယောက် သာမန်တက္ကသိုလ်က ဘွဲ့တစ်ခုရတဲ့အခါ သတ်မှတ်ကြတဲ့ အောင်မြင်မှုနဲ့ သူဌေးသားသမီးတစ်ယောက် အမေရိကသွားပြီး ပါရဂူဘွဲ့ ရရှိခဲ့တဲ့အခါ သတ်မှတ်ကြတဲ့ အောင်မြင်မှု။ ဘယ်အရာက ပိုပြောလို့ ကောင်းသလဲ။ လူတွေ အမြင်ထဲက သတ်မှတ်တဲ့ အောင်မြင်မှုဟာ အရမ်းကို အပေါအပဲဆန်တယ်။ သူတို့က ပါရဂူဘွဲ့ ရတာကို အောင်မြင်မှု ကြီးတယ်ထင်မယ်။ တကယ်တော့ အခြေအနေတစ်ရပ်ချင်းစီမှာ သူတို့ ဖြစ်ခွင့်ရတဲ့အရာကို ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ကြတာပဲ မဟုတ်လား။ မိသားစုကို လုပ်ကျွေးရမှာမို့ ကျောင်းဆက်တတ်ဖို့ မဖြစ်နိုင်တော့တဲ့ လူငယ်တစ်ယောက်ရဲ့ အခြေအနေကို မအောင်မြင်မှုလို့ သတ်မှတ်ကြမယ်လေ။ ဒီတော့ လူတွေ ပြောမယ့် မအောင်မြင်မှုဆိုတာဟာလည်း ပြဿနာ မဟုတ်တော့ပါဘူး။ရည်မှန်းချက်မြင့်မြင့်နဲ့လုပ်တယ်ဆိုတာ အောင်မြင်ဖို့ချည်း ဦးတည်တာမဟုတ်ဘူး။ ကျွန်တော်တို့ဆီမှာ လေးစားစရာ ပညာရှင် တွေရှိခဲ့တယ်။ ဒါပေမဲ့ အရင်ကော အခုကော ရည်မှန်းချက်မြင့်မြင့် လုပ်ဆောင်တဲ့သူတွေတော့ လက်ချိုးရေလို့ ရတယ်။ ကွယ်လွန်သွား ကြတယ်။ နာမည်တွေ ကျန်ရစ်ခဲ့သူတွေရှိ တယ်။ သက်ရှိကျန်ရစ်နေသေးတာတွေလည်း ရှိတယ်။ သူတို့က နာမည်ကြီးချင်မှကြီးမယ်။ ဒါပေမဲ့ ဘယ်လို ဖြစ်ဖြစ် သူတို့အလုပ်ကို  သူတို့က အဆင့်ရှိရှိလုပ်တယ်။ ကျွန်တော်တို့ လေးစားကြရတယ်။ဒီလိုအခြေအနေရဲ့ တခြားတစ်ဖက်မှာတော့ အဆိုးတွေရှိနိုင်တယ်။ တချို့သူတွေ ရည်မှန်းချက် နိမ့်ကျနေတာဟာ သူတို့ရဲ့ လုပ်ဆောင်မှုကို အရိပ်ထင်စေတယ်။ အရိပ်တွေ ထင်ခဲ့ဖူးတယ်။ အရိပ်တွေ ထင်နေတုန်းပဲ။ ဘာမှ ပြန်ပြလို့ အနှစ်သာရ မရှိတာတွေနဲ့ အဆုံးသတ်ကြတယ်။ ဒီတော့ ကိုယ့်လုပ်ဆောင်မှုအပေါ် ရည်မှန်းချက် နိမ့်ကျတာကတော့ ပြဿနာဖြစ်တယ်။အောင်မြင်မှု၊ မအောင်မြင်မှုဟာ အခြေ အနေနဲ့ သက်ဆိုင်တယ်။ ဘဝမှာ ကိုယ်လိုချင်၊ ကိုယ်ဖြစ်ချင်တဲ့အရာကိုချည်း ရရှိပိုင်ခွင့် မရှိပါဘူး။ အောင်မြင်မှုဆိုတာဘာလဲ။ အောင်မြင်မှုကို ဘာနဲ့တိုင်းတာကြမလဲ။ ဒါတွေ မသေချာပေမယ့် အမှန်တရားတစ်ခုက ထွန်းလင်းနေတယ်။ ပန်းကန်ဆေးနေချိန်လေးမှာတောင် ကိုယ့်ရည်မှန်းချက်ကို မြင့်မြင့်ထားနိုင်ပါသတဲ့ …….. ။