ပရဟိတ အသင်းအဖွဲ့များနှင့် လိုင်စင်မဲ့ကား

ပရဟိတ အသင်းအဖွဲ့များနှင့် လိုင်စင်မဲ့ကား
Published 14 May 2015
သစ်ထွဋ်

လသားအရွယ် ကလေးငယ်ကို ဆေးရုံပို့ဖို့ တင်ဆောင်လာတဲ့ ပရဟိတအဖွဲ့တစ်ဖွဲ့မှ လူနာတင်ယာဉ်တစ်စီးကို ယာဉ်လိုင်စင် မရှိဘူးဆိုပြီး သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် နာရေးကူညီမှုအသင်း (ရန်ကုန်) မှာ ပြီးခဲ့တဲ့ဧပြီလအတွင်း ပြုလုပ်ခဲ့ပါတယ်။
အဲဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဧပြီ၂၃ ရက် နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ပဲခူးမြို့မှ ရန်ကုန်မြို့ဆေးရုံကြီးကို ပို့ဆောင်မယ့် လေးလသားအရွယ် ကလေးငယ်တစ်ဦးကို Star-Light Family ပရဟိတအဖွဲ့မှ လူနာတင်ယာဉ်နဲ့ သယ်ဆောင်လာစဉ် အမှတ်(၃)လမ်းမကြီးပေါ်မှာ ယာဉ်ကို ဖမ်းဆီးခြင်းခံခဲ့ရတာ ဖြစ်ကြောင်း ပရဟိတအဖွဲ့မှ တာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အဲဒီလို သယ်ဆောင်လာခဲ့တဲ့ ကလေးငယ်ဟာ ပါးချောင်မှာ အနာပေါက်နေပြီး ပဲခူးဆေးရုံကြီးမှာ ကလေးငယ်ကို မေ့ဆေးပေးဖို့ အခက်အခဲ ရှိတဲ့အတွက် ရန်ကုန်မြို့ ကလေးဆေးရုံမှာ ပြသနိုင်ဖို့အတွက် လူနာတင်ယာဉ်နဲ့ သယ်ဆောင်လာစဉ် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ယာဉ်နဲ့ယာဉ်မောင်းဟာ ထိန်းသိမ်းခြင်းခံခဲ့ရတာ ဖြစ်တယ်လို့ ပရဟိတအဖွဲ့က ပြောကြောင်း သတင်းတွေက ဆိုပါတယ်။ ထိန်းသိမ်းခံထားရတဲ့ မော်တော်ယာဉ်ကို ပရဟိတ လုပ်ငန်းတွေလုပ်ဖို့ ကျပ်ငါးဆယ်၊ တစ်ရာ စသဖြင့် အများစုပေါင်း ဝယ်ယူထားတာဖြစ်ပြီး လိုင်စင်ရှိတဲ့ ကားကိုဝယ်ဖို့ လက်လှမ်းမမီတဲ့အတွက် လိုင်စင်မရှိတဲ့ကားကိုသာ ဝယ်ယူနိုင်တာဖြစ်ကြောင်း ပရဟိတအဖွဲ့မှ သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်နဲ့ယာဉ်မောင်းကို ထိန်းသိမ်းတရားစွဲဆိုထားပြီး နောက်ဆက်တွဲအဖြစ် ပဲခူးမြို့မှ ပရဟိတအသင်းအချို့က ရန်ကုန်မြို့ကို လူနာတင်ယာဉ်နဲ့ လူနာတင်ပို့ဖို့ ယာယီရပ်ဆိုင်းထားတယ်လို့လည်း သတင်းမီဒီယာအချို့ ဖော်ပြခဲ့ကြပါတယ်။ ပရဟိတအဖွဲ့တွေက ယာဉ်အချို့ဟာ လိုင်စင်မဲ့ယာဉ်နဲ့ နိဗ္ဗာန်ယာဉ် လိုင်စင်များသာ ဖြစ်တာကြောင့် နယ်ကျော်ခွင့်မရှိတဲ့ နိဗ္ဗာန်ယာဉ်လိုင်စင်နဲ့ ကားတွေဟာလည်း အခက်အခဲတွေ ရှိနေတယ်လို့ သတင်းတွေမှာ ဖတ်လိုက်ရပါတယ်။
လိုင်စင်မဲ့ယာဉ်ပြဿနာ
တကယ်တော့ တစ်ပိုင်တစ်နိုင် ပရဟိတ အဖွဲ့လေးတွေရဲ့ လူနာတင်ယာဉ်များ၊ နိဗ္ဗာန်ယာဉ်များကို ယာဉ်လိုင်စင် မရှိလို့ဆိုပြီး အရေးယူတဲ့ပြဿနာဟာ မကြာခဏဖြစ်ပေါ်ခဲ့တဲ့ အကြောင်းအရာ တစ်ခုဖြစ်ပါတယ်။ ဒီကိစ္စတွေကိုပြန်ကြည့်ရင် ယခုနောက်ပိုင်း ဒေသအသီးသီးမှာ သာရေး၊ နာရေးနဲ့လူမှုရေးရာ ကိစ္စများအတွက် ပရဟိတအသင်း အဖွဲ့လေးတွေ တစ်ပိုင်တစ်နိုင် ဖွဲ့စည်းကြပြီး တတ်နိုင်သလောက် ကူညီထောက်ပံ့မှုတွေ ရှိလာခဲ့တာ တွေ့ရပါတယ်။ အဲဒီအသင်းအဖွဲ့လေးတွေဟာ အများက တစ်ပိုင်တစ်နိုင် ငွေကြေးထည့်ဝင်မှုတွေနဲ့ ရပ်တည်ကြပြီး မိမိဒေသမှာ နေထိုင်သူတွေကို ကူညီထောက်ပံ့ပေးနိုင်မယ့် လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်လေးတွေကို ဝယ်ယူပြီး ကူညီစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးနေကြတာ ဖြစ်ပါတယ်။ ဒေသခံတွေကလည်း ပရဟိတအဖွဲ့တွေရဲ့ လူနာတင်ယာဉ်ကဲ့သို့ ယာဉ်တွေကို အသုံးပြုရတဲ့အတွက် များစွာအကျိုးရှိ နေကြပါတယ်။ သို့ပေမယ့်လည်း ပရဟိတအသင်းအဖွဲ့ငယ် အများစုဟာ ငွေကြေးပိုင်းအရ မတောင့်တင်းကြတော့ ဝယ်ယူရာမှာ ဈေးသက်သာတဲ့ လိုင်စင်မဲ့ယာဉ်တွေကို ဝယ်ယူတတ်ကြပါတယ်။ စုမိသလောက်ငွေနဲ့ လိုင်စင်မရှိတဲ့ယာဉ်ကို ဝယ်မိတဲ့နောက်တော့ အထက်မှာ ဖော်ပြခဲ့သလိုပဲ လိုင်စင်မဲ့ယာဉ် မောင်းနှင်မှုပြဿနာတွေကို ပရဟိတအသင်း အဖွဲ့ငယ်လေးတွေ မကြာခဏ ရင်ဆိုင်ကြရတာ တွေ့ရပါတယ်။ စံနှုန်းမီတဲ့ လူနာတင်ယာဉ်လိုင်စင်နဲ့ တင်သွင်းမယ်ဆိုရင် ဈေးမတတ်နိုင်တာကြောင့် ဒေသခံများအတွက် အလုပ်ဖြစ်ရေး လိုင်စင်မဲ့ယာဉ် ဝယ်ယူမိတဲ့ ပရဟိတလုပ်ငန်း လုပ်ဆောင်သူတွေဟာ အခက်အခဲများနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒီလိုပရဟိတ လုပ်ဆောင်သူတွေမှာ လိုင်စင်မဲ့ယာဉ် ပြဿနာတွေ ရှိနေတာကို ကူညီဖြေရှင်းပေးဖို့ ပရဟိတလုပ်ငန်း လုပ်ဆောင်နေသူတွေက ထောက်ပြ ပြောဆိုမှုတွေ မကြာခဏ ရှိခဲ့ပေမယ့်လည်း ကူညီထောက်ပံ့ ဖြေရှင်းပေးတဲ့ လုပ်ရပ်တွေကိုတော့ မတွေ့ခဲ့ရပါဘူး။
ငြိမ်းချမ်းရေးကားပါမစ်
ပရဟိတ အဖွဲ့တွေအနေနဲ့ လိုင်စင်မဲ့ယာဉ်များနဲ့ ပတ်သက်ပြီး အခက်အခဲများ ရှိနေတာနဲ့ ဆက်စပ်ပြီး တိုင်းရင်းသား လက်နက်ကိုင်များကို မော်တော်ယာဉ်တင်သွင်းမှုနဲ့ ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေ လုပ်ဆောင်ပေးခဲ့တာတွေကို ပြန်သတိရမိပါတယ်။ အဲဒါကတော့ ပြီးခဲ့တဲ့၂၀၁၄ ခုနှစ်အတွင်း မီဒီယာတွေမှာ ဖော်ထုတ်ရေးသားခဲ့တဲ့ ငြိမ်းချမ်းရေးကားပါမစ်လို့ အမည်တွင်ခဲ့တဲ့ဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို အခွန်ပေးဆောင်စရာ မလိုတဲ့ ကားပါမစ်တွေချထား ပေးခဲ့တဲ့ဖြစ်စဉ်ပါ။ အဲဒီကားပါမစ်တွေဟာ လိုင်စင်မဲ့ကားတွေကို တရားဝင်မှတ်ပုံတင်ပေးတာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုနေပေမယ့် အဲဒီခွင့်ပြုပါမစ်များကို တစ်စောင်လျှင် ကျပ်သိန်း ၅၀၀ မှ သိန်း ၁၅၀၀ အထိ ဈေးများဖြင့် ကြားပွဲစားများက ဝယ်ရောင်းလုပ်ကာ တန်ဖိုးကြီး ဇိမ်ခံကားသစ်များကို အခွန်လွတ်ဖြင့် တင်သွင်းလာခဲ့ကြတယ်လို့ မီဒီယာတွေမှာ ထုတ်ဖော်ရေးသားမှုတွေ ရှိခဲ့ပါတယ်။ ဒီလိုတန်ဖိုးကြီးမားလှတဲ့ ဇိမ်ခံကားကြီးတွေကို အခွန်လွတ်ဖြင့် တင်သွင်းခွင့်ပြုခဲ့တာကြောင့် နိုင်ငံတော်ကရရှိမယ့် အခွန်ငွေ ကျပ်သိန်းပေါင်းများစွာ နစ်နာခဲ့ရတယ်လို့လည်း သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။ အထူးသဖြင့် လိုင်စင်မဲ့ကားများကို လိုင်စင်ပေးခြင်းလို့သာ ဆိုပေမယ့် အဲဒီပါမစ်နဲ့ ဒေါ်လာသိန်းနဲ့ချီပြီး ပေါက်ဈေးရှိတဲ့ ကားတွေကို တင်သွင်းခဲ့တာကြောင့် ကားတစ်စီးကို အခွန်ငွေ ကျပ်သိန်းထောင်နဲ့ချီပြီး အခွန်ကင်းလွတ်ခွင့် ပေးခဲ့တာကြောင့် ငြိမ်းချမ်းရေး ကားပါမစ်များအပေါ် ဘဝင်မကျမှုများ ရှိခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးကို အကြောင်းပြုပြီး အငြင်းပွားဖွယ်ရာ ကားပါမစ်ကိစ္စတွေ ရှိခဲ့ပေမယ့် အများသူငှာနဲ့ဆိုင်တဲ့ ပရဟိတ လုပ်ငန်းတွေမှာတော့ လိုင်စင်မဲ့ကားသုံးစွဲလို့ အရေးယူနေတဲ့ ပြဿနာကို ဒီနေ့အထိ ရင်ဆိုင်နေရဆဲဆိုတာ အထက်မှာ ဖော်ပြခဲ့တဲ့ လူနာတင်ယာဉ်ကို ဖမ်းဆီးခဲ့တဲ့ဖြစ်ရပ်က ညွှန်ပြနေပါတယ်။
လျှော့ပေါ့သက်သာခွင့်
မီဒီယာတွေမှာ ဖော်ပြချက်အရတော့ ငြိမ်းချမ်းရေး ကားပါမစ်တွေမှာ လုံးဝအခွန်ကင်းလွတ်ခွင့်ဖြင့် ကားစီးရေ ၃၇၀၊ ရာခိုင်နှုန်း ၆၀ သာ အခွန်ပေးဆောင်ခွင့်ဖြင့် ကားအစီးရေ ၇၄၀ စုစုပေါင်း ကားအစီးရေ ၁၁၀၀ အတွက် ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။ ဒီလို ကားစီးရေ ထောင်ကျော်ကို လျှော့ပေါ့သက်သာခွင့်တွေ ပြုခဲ့ပေမယ့် အများသူငှာ အကျိုးအတွက် ဆောင်ရွက်နေတဲ့ ပရဟိတလုပ်ငန်းတွေမှာ ငွေကြေးမတတ်နိုင်မှုကြောင့် လိုင်စင်မဲ့ယာဉ်တွေကို ဝယ်သုံးနေရသူတွေအတွက် လျှော့ပေါ့သက်သာခွင့်တွေ မလုပ်ပေးပဲ ဖမ်းဆီးနေတာကိုတော့ နားမလည်နိုင်ပါဘူး။ လိုင်စင်မဲ့ကားသုံးတဲ့အတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ အရေးယူတာကို ဘာမှမပြောလိုပေမယ့် ငြိမ်းချမ်းရေးကားပါမစ်တော့ ခွင့်ပြုပြီး ပရဟိတ အသင်းအဖွဲ့တွေရဲ့ ကားတွေကိုတော့ အခွန်သက်သာခွင့်ကဲ့သို့ လျှော့ပေါ့ခွင့်တွေ မပေးဘဲ ဖမ်းဆီးအရေးယူနေတာ ဘယ်လိုကြောင့်လဲလို့ မေးစရာ ရှိလာပါတယ်။ ဖြစ်သင့်တာက ပရဟိတလုပ်ငန်း တကယ်လုပ်ဆောင်တဲ့  အသင်းအဖွဲ့ကားတွေကို စိစစ်ပြီး လိုင်စင်မရှိရင် လိုင်စင်ရှိအောင် ဘယ်လိုသက်သာခွင့်တွေပေးမလဲ (အခွန်လွတ်ပေးမလား၊ ရာခိုင်နှုန်းတစ်ခုအထိ အခွန်လျှော့ပေးမလား)၊ ပရဟိတလုပ်ငန်းတွေမှာသုံးဖို့ လူနာတင်ယာဉ်တွေကို အခွန်အထူးသက်သာခွင့်နဲ့ တင်သွင်းခွင့်ပြုမလားဆိုတဲ့ ပရဟိတလုပ်ငန်း လုပ်ဆောင်သူတွေအတွက် တစ်နည်းအားဖြင့် အဲဒီပရဟိတလုပ်ငန်းက ထောက်ပံ့ကူညီမှုကို လိုနေသူ အများပြည်သူတွေအတွက် မူဝါဒတွေချမှတ် ဆောင်ရွက်ပေးသင့်ပါတယ်။ ဒီအတွက် တာဝန်တွေရှိနေကြသူများ အနေနဲ့ ပရဟိတလုပ်ငန်းနဲ့လိုင်စင်မဲ့ကားပြဿနာကို မျက်နှာလွှဲမထားဘဲ ကူညီအဖြေရှာပေးကြဖို့ တိုက်တွန်းလိုပါတယ်။
ဒါမှလည်း ပရဟိတလုပ်ငန်းတွေရဲ့ ကူညီထောက်ပံ့ပေးမှုတွေကို လိုအပ်နေတဲ့ မြန်မာပြည်အနှံ့အပြားက အများပြည်သူတွေအတွက် အကျိုးများမှာဖြစ်သလို အများအကျိုးမျှော်ပြီး ကူညီထောက်ပံ့နေကြတဲ့ ပရဟိတအကျိုး ဆောင်ရွက်နေသူများကိုလည်း ထောက်ပံ့ကူညီပေးရာရောက်မှာ ဖြစ်ပါတယ်။ ဒီနေ့ အများသူငှာ တောင့်တနေကြတဲ့ ဒီမိုကရေစီ နိုင်ငံတော်ဖြစ်လာဖို့ဆိုရာမှာ အရေးကြီးတဲ့ အချက်က အရပ်ဘက် အဖွဲ့အစည်းတွေ အားကောင်းဖို့ လိုပါတယ်။ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည်တွေဟာ ဒီမိုကရေစီစံနစ်ကို အားကောင်းမောင်းသန်ဖြစ်စေဖို့ အထောက်အကူ ပြုစေပါတယ်။ အထူးသဖြင့် နိုင်ငံသားအများစုက ဆင်းရဲမွဲတေမှုထဲက ရုန်းမထွက်နိုင်တဲ့ အခြေအနေမှာ ပရဟိတ လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်မှုတွေဟာ များစွာအထောက်အပံ့ ဖြစ်နိုင်တာမို့ အစိုးရအနေနဲ့ပရဟိတ အဖွဲ့တွေကို ထောက်ပံ့ကူညီမှုတွေပိုပြီး လုပ်ဆောင်သင့်ပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းဖြင့် အရပ်ဘက်အဖွဲ့အစည်းတွေ စွမ်းဆောင်ရည် အားကောင်းလာတာနဲ့အမျှ ဒီမိုကရေစီ ရှင်သန်ကြီးထွားမှုကိုလည်း ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါကြောင်း ပရဟိတလုပ်ရင်း အခက်ကြုံနေကြသူများ ကိုယ်စား ရေးသားတင်ပြ လိုက်ရပါတယ်။