အဟောင်းတွေ မစားချင်ဘူး … အသစ်တွေ ကျွေးပါ

အဟောင်းတွေ မစားချင်ဘူး … အသစ်တွေ ကျွေးပါ
Published 13 May 2015
အေသင်ဇော်ဇော်

ညဟာ ညကို ပြန်ဝါးမျိုလိုက်တယ်။ တကယ်တော့ ဒီလိုညဉ့်နက်နက်ထဲမှာ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ မရေရာ မသေချာမှုတွေနဲ့ အသက်ရှူနေခဲ့ရတယ်။ စနစ်တကျ ဖျက်ဆီးခြင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဒီနိုင်ငံဟာ ခံခဲ့ရပြီး အခုထိ အဟောင်းစားသူတွေရဲ့ အတိတ်က နောက်ယောင်ခံလိုက် လွှမ်းမိုးထားဆဲပါပဲ။အသစ်လို့ အမည်တပ်ထားတဲ့ ပြယုဂ်တွေဟာလည်း တစ်ရံတစ်ခါက အဟောင်းတွေကို ပြန်အသက်သွင်းထားတာဖြစ်လို့ ကျွန်တော်တို့လက်ထဲ ရောက်လာတဲ့အခါ အဟောင်းအတိုင်းသာ အသုံးဝင် အကျိုးပေးပါတယ်။ ဒီလိုနဲ့ အကောင်းတွေဟာ မရှိ။ အဟောင်းတွေသာ ပြန်ပြန်သုံးနေရတော့ တရားစီရင်ရေးအဟောင်း၊ အုပ်ချုပ်မှုအဟောင်း၊ ဥပဒေပြုရေးအဟောင်း၊ ပညာရေးအဟောင်း၊ ကျန်းမာရေးအဟောင်း၊ စီးပွားရေးအဟောင်းတွေနဲ့ အားလုံးက လုံးပါးပါးနေရတယ်။  အဲဒီလို ဟောင်းနွမ်းတဲ့ အတွေးအခေါ်တွေ၊ အဟောင်းစားသူတွေ နေရာယူထားတဲ့ အဟောင်းစားရတဲ့ ကမ္ဘာကြီးကို မုန်းမိပါရဲ့ ………. ။မနက်ဖြန်ကျရင်တော့ အဆင်ပြေမှာပါ။ မနက်ဖြန်တွေ ရောက်လာမှာပါ။ မနက်ဖြန်ကတော့ ငါတို့ရဲ့ မျှော်လင့်ချက်ပဲ။ မနက်ဖြန်တွေ ရှိနေဦးမယ့် မနက်ဖြန်မှာ ကျွန်တော်ဟာ မနက်ဖြန်အတွက် ရင်ခုန်စောင့်စားနေလိမ့်ဦးမယ်။ မယုံကြည်နိုင်လောက်တဲ့ အခြေအနေတွေ အကြိမ်ကြိမ် စားသောက်ခဲ့ရပြီးတဲ့ ဘဝမှာတောင် အသက်တွေထဲမှာ ယုံကြည်ချက်တွေ စီးဆင်းနေသေးတာ လူတွေရဲ့ ဆန်းကြယ်မှုလို့ ပြောရမလား။ အဟောင်းစားတဲ့ သူတွေကို မကြိုက်ဘူး။ သူတို့လုပ်တာတွေဟာ မမျှတဘူး။ အသစ်ကို မွေးဖွားမယ့်သူ လိုတယ်။မနက်ဖြန်ဆိုတဲ့ ယုံကြည်ချက်နဲ့ စောင့်ကြတယ်။ အတိတ်က အဖြစ်အပျက်တွေ မမေ့မပျောက်နိုင်ဘဲ စောင့်နေကြတယ်။ အတိတ်က ယုံကြည်ချက်ကို အခုထိ လက်စွဲကိုင်ရင်း စောင့်တယ်။ ဘဝက ခါးနေပါစေ။ မျှော်လင့်ချက်တွေ မပျက်သုဉ်းသေးရင် ရုပ်ဆိုးဆိုးနဲ့ လှပနေဦးမှာပဲ။ ကျွန်တော်တို့လိုချင်တဲ့ အသစ်ကို အမြန်ပေးစေချင်စမ်းပါရဲ့။ ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေ ပိုမိုလတ်ဆတ်ချင်မိပါရဲ့။ နေစရာအသစ် ပေးပါ။ စားစရာအသစ် ပေးပါ။ ပညာရေးအသစ် ပေးပါ။ အဟောင်းစားရတဲ့ ကမ္ဘာကြီးကို မုန်းလို့ .................. ။အမြင့်ကကြည့်ရင် ပိုခြုံမြင်ရပါတယ်။ ဖြူစင်ချိန်ရောက်ရင် အစွန်းတွေ တွေ့ရလိမ့်မယ်။ ဒါပေမဲ့ ဖြူစင်ချိန်ဆီ ဘယ်တော့မှ မရောက်နိုင်ခဲ့တဲ့ နေရာဟာ အစွန်းတွေရဲ့ အုပ်စိုးခြင်းနဲ့ နှစ်ပါးသွားခဲ့ရပါတယ်။ အသိဉာဏ်ကို မပြင်ရင်၊ စရိုက်လက္ခဏာကို မပြင်ရင်၊ စိတ်စေတနာကို မပြင်ရင် ဖြူစင်ချိန်ဆီရောက်ဖို့ လမ်းပျောက်နေဦးမှာပါပဲ။ ‘ဘဝဟာ ခဏပါ ငါသိတယ် အချစ်ရယ်’ လို့ ဆိုပြီး အသစ်ရှာကြမလား။ အဟောင်းကိုဆက်ပြီး စားသောက်ကြမလား။လမ်းမှားရောက်မှ တွေ့ခွင့်ရမယ့် အမှန်တရားဟာ ပေးဆပ်ရတဲ့ တန်ဖိုးကြီးလွန်းတယ်။ မီးပျက်တဲ့ညတွေမှာ လရောင်အားကိုး ရှင်သန်ရသလိုမျိုးနဲ့ အမှန်တရား ရှာရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ အမြင်အာရုံတွေ ထိခိုက်နစ်နာလွန်းပါတယ်။ ရရှိဖို့အတွက် ပေးဆပ်ရခြင်းတန်ဖိုး မျှတမှုရှိရင် ဘဝဟာ နေပျော်ပါလိမ့်မယ်။အရာရာဟာ သစ်သွားခဲ့ပြီ။ အဟောင်းတွေနဲ့ အိပ်စက်နေရတာ နောက်ကောက်ကျလွန်းပါတယ်။ နိုင်ငံကို နောက်ကောက်မကျစေချင်ဘူး။ ကျွန်တော်တို့တွေ နောက်ကောက်မကျချင်ဘူး။ အဟောင်းတွေ ထပ်မစားချင်ဘူး။ အသစ်စားတဲ့သူတွေကို သွားရည်ကျ ကြည့်မနေချင်ဘူး။ပထမကမ္ဘာစစ်အပြီး စစ်လျော်ကြေးတွေ ပတ်လည်ဝိုင်းရင်း စီးပွားရေး ချို့ယွင်းခဲ့တဲ့ ဂျာမနီ။ ၁၉၇၁ ခုနှစ်က ဗီယက်နမ်နဲ့ စစ်ဖြစ်လို့ ငွေကြေးလိုအပ်မှု ပြဿနာ အကြီးစားနဲ့ အကျပ်အတည်း ရင်ဆိုင်ခဲ့ရတဲ့ အမေရိကန်။ ၁၉၉၇ ခုနှစ်က စီးပွားပျက်ကပ်ဆိုက်လို့ စီးပွားရေးအသက်ရှူ ပေါက် ပိတ်ခဲ့တဲ့ အာရှရဲ့ စီးပွားရေးထိပ်သီး နိုင်ငံတွေ။ သူတို့နဲ့ ပုံစံတူ အဲလိုအဲလိုမျိုး အဟောင်းတွေကို ကျွန်တော်တို့ အခါမလင့် မျိုချနေခဲ့ရရင်း လက်ရှိ သူတို့ သုံးဆောင်နေရတဲ့ အသစ်တွေ စားသောက်ခွင့် မရနိုင်သေးတဲ့၊ ရဖို့လည်း အနာဂတ် ေ၀ဝါးနေသေးတဲ့ အဟောင်းစားရတဲ့ ကမ္ဘာကြီးကို မုန်းတယ် .......... ။ကိုယ်တိုင် ပတ်သက်ဖူးခဲ့ကြတော့လည်း အတိတ်လို့ ရဲရဲတင်းတင်း သုံးစွဲကြတာပေါ့။ သွေးထွက်သံယို၊ မျက်ရည်စို၊ နာနာကျင်ကျင် အော်ဟစ်၊ မေ့မရတဲ့ အတိတ်တွေပေါ့။ ကြည်နူးဆွတ်ပျံ့ လွမ်းမောရတဲ့ အတိတ်တွေ ဘယ်ဆီမှာ ခိုနားခဲ့ကြလဲ။ အဲလို အဟောင်းစားခဲ့ရတဲ့ အထဲမှာ အဆိုးဆုံးကတော့ အကျည်းတန် အတိတ်တွေကို အတုယူသုံးစွဲနေတဲ့ အယူအဆ၊ အတွေးအခေါ်တွေပါ။ အဲဒီအရာတွေကို အခုထိတိုင် အမှန်တရားရယ်လို့ မှတ်ယူထားတဲ့ နှလုံးအိမ်တွေက ကျွန်တော်တို့နိုင်ငံကို အစာသစ်ကျွေး၊ အားသစ်လောင်းဖို့ စေတနာမှန် များများစားစား မထွက်ကျနိုင်ခဲ့တာဟာ အံ့သြစရာ မဟုတ်ပါ။ ဒါပေမဲ့ အနာဂတ်တွေကို မမေ့ထားသင့်ဘူး။ မြင်တဲ့အရာဟာ အနာဂတ်ဖြစ်ပါရဲ့။ ကျွန်တော်တို့ ဘာတွေမြင်နိုင်မလဲ။ ဘာတွေ လေ့လာထားလဲ။ မြင်သလောက် အနာဂတ်မျိုး အားလုံးခံစားရနိုင်ပါလိမ့်မယ်။ အဟောင်းစားချင်သူတွေကြောင့် ရချင်မှလည်း ရပါလိမ့်မယ်။ သေချာတာကတော့ ကိုယ်မမြင်တဲ့ အနာဂတ်ကောင်းဟာ ကိုယ့်အတွက် မိုးကျရွှေကိုယ်ဖြစ်ခွင့် မရှိခြင်းရယ်ပါ။ဒီဘဝကို ကျော်ဖြတ်ရမယ်။ ဒီအခြေအနေကို ကျော်ဖြတ်ရမယ်။ မဆုံးနိုင်အောင် ကျော်ဖြတ်ရမယ်။ ‘ငါ့ဒိန်ခဲ ဘယ်သူရွှေ့တာလဲ’ စာအုပ်ထဲကလို အသစ်တွေ စားနေရတာတောင် ကျော်ဖြတ်ဖို့ အားထုတ်နေရမယ်ဆိုတဲ့အသိ ရှိသင့်သေးရင် အဟောင်းတွေနဲ့ လုံးလည်ချာလည်လိုက်နေရတဲ့ ကျွန်တော်တို့ဘဝမှာ အသစ်တွေစားရဖို့ တစ်ကြိမ်ကစလို့ အကြိမ်ကြိမ် ကြိုးစားသင့်ပါတယ်။အဟောင်းပေးရတာ ကြိုက်သူတွေ အဟောင်းတွေ ထပ်မပေးစေဖို့၊ အသစ်ပေးမယ့်သူတွေ လမ်းဖွင့်ကြိုဖို့ ကျွန်တော်တို့ မျက်စိတွေဖွင့်၊ နားတွေစွင့်ကြပါစို့။ ကျွန်တော်တို့ အဘိုးအဘွားတွေ စားခဲ့ရတဲ့ အဟောင်းတွေ၊ အဖေ အမေတွေ စားခဲ့ရတဲ့ အဟောင်းတွေ၊ ကျွန်တော်တို့ကိုယ်တိုင် စားခဲ့ရတဲ့ အဟောင်းတွေ၊ ကျွန်တော်တို့ သားသမီးတွေ စားခဲ့ရတဲ့ အဟောင်းတွေ။ အားလုံးဟာ ကြောက်စိတ်တွေနဲ့ မစားဘဲနေရင် သေသွားမယ်ဆိုတဲ့ အသိကိုင်စွဲပြီး သိုးနေတဲ့ ထမင်းလုတ်တွေ ပါးစပ်ထဲ ထည့်နေရသလိုမျိုးပါ။ မျက်ရည်တွေနဲ့ မမျိုချချင်တော့ဘူး။ အဟောင်းစားရတဲ့ ကမ္ဘာကြီးကို မုန်းတယ် ........... ။အဟောင်းတွေ မပေးပါတော့နဲ့။ အဟောင်းတွေ မကျွေးပါတော့နဲ့။ အဟောင်းတွေ မစားချင်ဘူး။ အသစ်တွေ ပေးပါ။ အသစ်တွေ ကျွေးပါ ............ ။