မလေးရှား အာဆီယံထိပ်သီး ဆွေးနွေးပွဲ ပထမနေ့၌ တောင်တရုတ်ပင်လယ်အရေးသာ လွှမ်းမိုးခဲ့

မလေးရှား အာဆီယံထိပ်သီး ဆွေးနွေးပွဲ ပထမနေ့၌ တောင်တရုတ်ပင်လယ်အရေးသာ လွှမ်းမိုးခဲ့
Published 27 April 2015

(၂၆) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများအတွက် ပထမနေ့ရက်ဖြစ်သော ဧပြီ ၂၆ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ၏ တောင်းဆိုမှု၊ မလေးရှားနိုင်ငံ၏ ရပ်တည်ချက်နှင့် တောင်တရုတ်ပင်လယ်အရေးသာ လွှမ်းမိုးမှုရှိသော အကြောင်းအရာများ ဖြစ်ခဲ့သည်။ဧပြီ ၂၆ ရက် ညနေပိုင်းက ပြုလုပ်သော မလေးရှားနိုင်ငံခြားရေးဝန်ကြီး အာနီဖာအာမင်၏ သတင်းစာရှင်းလင်းပွဲတွင်လည်း တောင်တရုတ်ပင်လယ် အရေးကိုသာ သတင်းထောက်များက မေးမြန်းခဲ့ကြသည်။“မလေးရှားနိုင်ငံ အနေနဲ့ ထိပ်တိုက်တွေ့မှုများကို မလိုလားဘဲ ညှိနှိုင်းမှုတွေနဲ့သာ ဒီပြဿနာကို ကိုင်တွယ်သွားပါမယ်” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုပါသည်။ ထို့အပြင် ဖိလစ်ပိုင်နိုင်ငံ၏ စိုးရိမ်မှုကို နားလည်ကြောင်း၊ ယခုပြဿနာတွင် ပါဝင်ပတ်သက်နေသော နိုင်ငံများအချင်းချင်း ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့် နည်းလမ်းကိုသာ ရှာဖွေနေကြောင်း ၎င်းက ပြောကြားသည်။“တရုတ်က သန္တာကျောက်တန်းတွေမှာ ကျွန်းတည်ဆောက်ဖို့ ကြိုးစားနေတယ်၊ လေယာဉ်ပြေးလမ်း တည်ဆောက်နေတယ် စတဲ့သတင်းတွေ ထွက်နေပေမဲ့ လူနေဖို့အတွက်လား၊ စစ်ရေးပြင်ဆင်မှုလားဆိုတာ တစ်ထစ်ချ မပြောနိုင်သေးပါဘူး။ DOC၊ COC ကို အပြီးမသတ်နိုင်ခင် မီးမွှေးသလို အခြေအနေမျိုး မဖန်တီးဖို့ လိုပါတယ်” ဟု မလေးရှားနိုင်ငံခြားရေး ဝန်ကြီးအာနီဖာအာမင်က ပြောကြားပါသည်။ယင်းကိစ္စနှင့် ပတ်သက်၍ အာဆီယံ အနေဖြင့် တရုတ်နိုင်ငံအား ဖိအားပေးတားဆီးရမည့် အခြေအနေထိ ဖြစ်လာမည်ဟု မယူဆကြောင်း၊ တရုတ်နှင့် အာဆီယံသည် စီးပွားရေး မဟာဗျူဟာများအတွက် အပြန်အလှန် အရေးပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ဘင်္ဂါလီရိုဟင်ဂျာအရေးအတွက် သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ပြန်ဖြေရာ၌ မြန်မာနိုင်ငံရှိ ဘင်္ဂါလီရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဖြေရှင်းမှုပြုလုပ်ရန် မြန်မာအစိုးရအား တိုက်တွန်းထားကြောင်း၊ မလေးရှားသာမကဘဲ အင်ဒိုနီးရှားနိုင်ငံ အနေဖြင့်လည်း မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ဒုက္ခသည်များကို လက်ခံထားရသဖြင့် ထပ်တူထပ်မျှ  စိုးရိမ်မှု ရှိနေမည်ဟု ယုံကြည်ကြောင်း၊ မြန်မာ့အချုပ်အခြာအာဏာကို စွက်ဖက်ခြင်းမပြုဘဲ ပြဿနာကို ဖြေရှင်းနိုင်မည်ဟုထင်ကြောင်း ပြောကြားခဲ့သည်။မလေးရှား အာဆီယံထိပ်သီး ဆွေးနွေးပွဲ ပထမနေ့တွင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံစီးပွားရေး ကောင်စီနှင့် ဥရောပသမဂ္ဂ အစည်းအဝေး၊ အာဆီယံ စီးပွားရေးအသိုက်အဝန်းကောင်စီ အစည်းအဝေး၊ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး၊ အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကောင်စီ အစည်းအဝေးများ ပြုလုပ်ခဲ့သည်။