နှစ် ၃၀ အတွင်း ပထမဆုံးမဟာဗျူဟာအဖြစ် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အရ ဒေါ်လာ သန်း ၁၆၀၀ ကို နှစ်ရှည်အတိုးမဲ့ချေးငွေ ထောက်ပံ့မည်

နှစ် ၃၀ အတွင်း ပထမဆုံးမဟာဗျူဟာအဖြစ် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အရ ဒေါ်လာ သန်း ၁၆၀၀ ကို နှစ်ရှည်အတိုးမဲ့ချေးငွေ ထောက်ပံ့မည်
Published 24 April 2015
အငယ်ထွေး၊ နီလာ

၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွက် အတည်ပြုလိုက်သည့် မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင် (CPF) အရ  ဒေါ်လာ သန်း ၁၆၀၀ အထိရှိမည့်  နှစ်ရှည် အတိုးမဲ့ချေးငွေနှင့် ထောက်ပံ့ငွေများကို ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအသင်း (IDA) က မြန်မာနိုင်ငံကို ကူညီသွားမည်ဖြစ်ကြောင်း ဧပြီ ၂၃ ရက်စွဲဖြင့် ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။
 
ယင်းအစီအစဉ်သည် နှစ်ပေါင်း ၃၀ အတွင်း ပထမဦးဆုံးဖြစ်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တစ်ခုဖြစ်ကြောင်း၊ ယင်းအစီအစဉ်အောက်တွင် လာမည့် သုံးနှစ်အတွင်း မြန်မာနိုင်ငံရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ် သုံးသန်းတို့၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်လာရန်လည်း ရည်မှန်းထားကြောင်း၊ အလားတူ လူဦးရေေ ခြောက်သန်းခန့်အတွက် လျှပ်စစ်မီးနှင့် အခြားအခြေခံပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများ၏ အကျိုးကျေးဇူးကို ခံစားနိုင်ရန် ရည်ရွယ်ထားကြောင်းလည်း ထုတ်ပြန်ထားသည်။
 
မြန်မာနိုင်ငံသည် ကမ္ဘာ့ဘဏ်၏ ပုဂ္ဂလိကကဏ္ဍအဖွဲ့တစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) ထံမှ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး စုစုပေါင်း ဒေါ်လာ သန်း၁၀၀၀ နှင့် နည်းပညာအကူအညီအတွက် ဒေါ်လာ သန်း၂၀ ကို လက်ခံရရှိမည်ဖြစ်ကြောင်း သိရသည်။ 
 
“ဒီမူဘောင်က ကျေးလက် ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်ဖို့၊ အခြေခံကျတဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ဖို့၊ပုဂ္ဂလိကစီးပွားရေးကဏ္ဍမှာ လူတိုင်းပါဝင်နိုင်ပြီး ပိုမိုဖွံ့ဖြိုးလာနိုင်ဖို့ ရည်ရွယ်ရေးဆွဲထားခြင်း ဖြစ်ပါတယ်။ ဒါမှသာ ဆင်းရဲနွမ်းပါးသူတွေနဲ့ ဒုက္ခရောက်လွယ်တဲ့သူတွေက လက်ရှိပြု ပြင်ပြောင်းလဲမှုရဲ့ အကျိုးကျေးဇူးကို ခံစားနိုင်မှာဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့  အကျိုးစီးပွားတွေ ဖြစ်ထွန်းဖို့အတွက် ကျွနု်ပ်တို့အနေနဲ့ နိုင်ငံတော်အစိုးရ၊ ရင်းနှီးမြှုပ်နှံသူတွေအပါအဝင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ပါ အတူတကွ ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု ကမ္ဘာ့ဘဏ်၏ အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး့ူ Ulrich Zachau က ပြောကြားသည်။
 
လက်ရှိအတည်ပြုလိုက်သော ၂၀၁၅- ၂၀၁၇ ခုနှစ်အတွက် မြန်မာနိုင်ငံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင်သည် ၁၉၈၄ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံအတွက် ကမ္ဘာ့ဘဏ်၏ ပထမဦးဆုံးသော ပြီးပြည့်စုံ မဟာဗျူဟာတစ်ခုဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
 
ထို့အတူ ကမ္ဘာ့ဘဏ်အနေဖြင့် ဆင်းရဲနွမ်းပါးသူဦးရေ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းရှိနေသော ကျေးလက်ဒေသများတွင် ဆင်းရဲနွမ်းပါးမှုကို လျှော့ချသွားရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ စီးပွားရေးအုပ်ချုပ်ရေးကဏ္ဍများတွင်လည်း ဆင်းရဲနွမ်းပါးသော ကျေးလက်နေပြည်သူများ ပါဝင်စွမ်းဆောင်နိုင်ခွင့်ရှိလာစေရန် ကူညီသွားမည်ဖြစ်ကြောင်း၊ လာမည့်သုံးနှစ်အတွင်း အဆိုပါအစီအစဉ်ဖြင့် လူဦးရေ ၃ ဒသမ ၅ သန်းခန့် လျှပ်စစ်မီး သုံးစွဲလာနိုင်မည်ဖြစ်ပြီး နောက်ထပ်လူဦးရေ ၂ ဒသမ ၅ သန်းမှာလည်း ကျေးလက်အခြေခံဖွံ့ဖြိုးမှုများနှင့် အများသုံးပြည်သူ့ဝန်ဆောင်မှုများမှ အကျိုးကျေးဇူးရရှိမည် ဖြစ်ကြောင်း၊ ဒုတိယကဏ္ဍမှာ ကျန်းမာရေးစောင့်ရှောက်မှုနှင့်   ပညာရေးကဏ္ဍ တိုးမြင့်ရေးအတွက် ဆောင်ရွက်မည့်ကဏ္ဍဖြစ်ကြောင်း၊ တတိယအနေဖြင့်မူ စီးပွားရေးနှင့်သက်ဆိုင်ပြီး အသေးစားလုပ်ငန်းများ၊ တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းများ၊ အိုင်တီနည်းပညာတိုးတက်ရေးလုပ်ငန်းများနှင့် ပြည်ပကုန်သွယ်မှု တိုးချဲ့ခြင်းလုပ်ငန်းများအတွက် အကူအညီပေးသွားမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများအနေဖြင့်မူ ဘဏ်နှင့်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအား ကောင်းလာစေရန်လည်း ရည်ရွယ်ထားကြောင်း၊ စီးပွားရေးအခြေအနေများ ဖန်တီးပေးနိုင်ရန် မြန်မာနိုင်ငံအစိုးရကို ကူညီခြင်းဖြင့် ပုဂ္ဂလိကကဏ္ဍတွင် ဒေါ်လာ သန်း၁၅၀၊ ရင်းနှီးမြှုပ်နှံလုပ်ကိုင်စေရန်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
 

Most Read

Most Recent