နိုင်ငံသူနိုင်ငံသားအကျိုး တာဝန်ကျေစွာ ထမ်းဆောင်ပါက မည်သည့်အဖွဲ့မှ ငှားရမ်းရန်မလိုကြောင်း မြန်မာအစိုးရက Podesta Group အဖွဲ့ကို ငှားရမ်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် ဝေဖန်

နိုင်ငံသူနိုင်ငံသားအကျိုး တာဝန်ကျေစွာ ထမ်းဆောင်ပါက မည်သည့်အဖွဲ့မှ ငှားရမ်းရန်မလိုကြောင်း မြန်မာအစိုးရက Podesta Group အဖွဲ့ကို ငှားရမ်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည် ဝေဖန်
Published 23 April 2015
ကျော်ဇင်ဝင်း

နိုင်ငံသူနိုင်ငံသားအကျိုး တာဝန်ကျေစွာ ထမ်းဆောင်ပါက မည်သည့်အဖွဲ့မှ ငှားရမ်းရန်မလိုကြောင်း မြန်မာအစိုးရက အမေရိကန်အစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအား စည်းရုံးပြောကြားပေးမည့်အဖွဲ့ ငှားရမ်းမှုအပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားသည်။
လွတ်လပ်တဲ့အာရှအသံ (RFA) သတင်းဌာန၏ အပတ်စဉ်ကဏ္ဍ တစ်ခုဖြစ်သော “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်အတွက် ဧပြီ ၂၂ ရက်က ဆက်သွယ်မေးမြန်းမှုတွင် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ရှိ Podesta Group အဖွဲ့အား မြန်မာအစိုးရက ၎င်းတို့ကိုယ်စား အမေရိကန် အစိုးရနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို စည်းရုံးပြောကြားပေးရန် အမေရိကန်ဒေါ်လာ ၈၄၀,၀၀၀ ဖြင့် တစ်နှစ်အတွက် ငှားရမ်းခဲ့မှုအပေါ် သူမ၏ သဘောထားအား မေးမြန်းရာတွင် ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။
“အဲဒါဘာအတွက် ငှားရမ်းတာလဲဆိုတာ စိတ်ဝင်စားတယ်။ သူတို့အတွက် လော်ဘီလုပ်ပေးဖို့ဆိုတာ ဘာအတွက် လော်ဘီလုပ်ပေးဖို့လဲ။ တကယ်တော့ အစိုးရတစ်ခုရဲ့ တာဝန်ဟာ နိုင်ငံသူနိုင်ငံသားတွေကောင်းဖို့ ဆောင်ရွက်ဖို့ပဲ။ အဲဒီတာဝန်ကျေနေပြီဆိုရင် ဒီလိုအဖွဲ့တွေ ဘာသွားငှားဖို့လိုလဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့ပြင် မြန်မာပြည်တွင်းရေးတွင် အခြားနိုင်ငံများ၊ အဖွဲ့အစည်းများပါဝင် စွက်ဖက်ခြင်းကို လက်မခံနိုင်ကြောင်း မြန်မာအစိုးရက အစဉ်တစိုက် ပြောကြားခဲ့ဖူးပြီး အမေရိကန် အစိုးရနှင့် ဆက်ဆံရေး တိုးတက်ရန်အတွက် ယခုကဲ့သို့ ကြိုးစားဆောင်ရွက်နေခြင်းသည် မည်သည့်အတွက်ကြောင့် ဖြစ်နိုင်သည် ပြောကြားနိုင်ပါသလားဟူသော မေးမြန်းမှုအား ဒေါ်အောင်ဆန်းစုကြည်က “အဲဒါကတော့ အရှေ့အနောက်မညီတာပေါ့။ သူများလုပ်လို့ရှိရင် ပြည်ပအားကိုး စသည်ဖြင့် စသည်ဖြင့်ပေါ့။ ကိုယ်လုပ်လို့ရှိရင် တစ်မျိုးပေါ့။ အဲဒီလိုလုပ်တာတွေက မလုပ်သင့်တဲ့ကိစ္စပါ” ဟု ပြောကြားသည်။
ထို့အတူ တရုတ်နိုင်ငံ၏ အင်အားကြီးမားလာမှုကို ထိန်းချုပ်ရန်အတွက် အမေရိကန်အစိုးရမှ အာရှတိုက်ဆိုင်ရာ မူဝါဒအပြောင်းအလဲများ ပြုလုပ်နေသဖြင့် အဆိုပါကိစ္စအား မြန်မာအစိုးရက သတိထားမိသည့်အတွက် လိုက်လျောညီထွေဖြစ်ရန် ကြိုးစားနေခြင်း ဖြစ်နိုင်၊ မဖြစ်နိုင် မေးမြန်းမှုအား ဒေါ်အောင်ဆန်းစုကြည်က ယင်းကိစ္စသည်လည်း မဖြစ်နိုင်ဘူးဟု ပြော၍မရကြောင်း၊ အစိုးရအနေဖြင့် မည်သို့ စဉ်းစားသည်ကို အပြင်မှသုံးသပ်ရန် မလွယ်ကြောင်း ပြောကြားသည်။
“ဒါပေမဲ့ ဘယ်လိုပဲပြောပြော ခုနကပြောတဲ့ကိစ္စပဲ ပြန်ပြောရမှာပဲ။ တကယ်ပဲ နိုင်ငံသူနိုင်ငံသားတွေ အကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်နေတယ်ဆိုရင် ဒီလိုအဖွဲ့အစည်းတွေကို ငှားရမ်းဖို့ လုံးဝလိုမှာ မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
သို့ရာတွင် ယခုကဲ့သို့နားချသည့် ပွဲစားများကြောင့် အမေရိကန်အစိုးရနှင့် လွှတ်တော်အသိုင်းအဝန်းက မြန်မာအစိုးရအပေါ် ရှုမြင်ပုံ သဘောထားများ ထူးထူးခြားခြားပြောင်းလဲနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းမှုအပေါ် ပြောင်းလဲနိုင်မည် မထင်ကြောင်း၊ အစိုးရတိုင်းတွင် မူဝါဒများ ချမှတ်ထားကြောင်း၊ သို့ရာတွင် အတိုင်းအတာ တစ်ခုထိသာ ထိရောက်မှုရှိနိုင်ကြောင်း၊ အတိုင်းအတာ တစ်ခုဆိုရာတွင် အချို့ပုဂ္ဂိုလ်များကို စည်းရုံးပေး၍ ရနိုင်သော်လည်း နောက်ဆုံးတွင် နိုင်ငံသူနိုင်ငံသား အကျိုးကို မထမ်းဆောင်နိုင်ပါက မည်သည့်အဖွဲ့အစည်းကိုမဆို သုံးသည်ဖြစ်စေ အမှန်တကယ် စည်းရုံး၍ရမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
Podesta Group အဖွဲ့နှင့် မြန်မာအစိုးရကြား စာချုပ်ကို သံရုံးတွင် နှစ်ဖက်ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ခဲ့ကြောင်းနှင့် မြန်မာအစိုးရအနေဖြင့် အဆိုပါအဖွဲ့ကို သုံးလတစ်ကြိမ် အမေရိကန်ဒေါ်လာ ၂၁၀,၀၀၀ ပေးရမည်ဖြစ်ကြောင်း The Hill သတင်းဝက်ဘ်ဆိုက်တွင် ဧပြီ ၁၆ ရက်က ဖော်ပြချက်အရ သိရသည်။
ပြီးခဲ့သည့် စစ်အစိုးရလက်ထက်ကလည်း အလားတူ စည်းရုံးပြောကြားပေးမည့် အဖွဲ့ကို ငှားရမ်းခဲ့ဖူးကြောင်း သိရသည်။
၁၉၄၇ ခုနှစ်က စတင်ခဲ့သည့် မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့၏ နှစ်နိုင်ငံဆက်ဆံမှုသည် ၁၉၉၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့သည့် နိုင်ငံရေးအခြေအနေများနှင့် ရွေးကောက်ပွဲအနိုင်ရသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီအား စစ်အစိုးရက အသိအမှတ်ပြု အာဏာလွှဲပြောင်းရန် ငြင်းဆန်သောကြောင့် သံတမန်ဆက်ဆံရေး လျှော့ချခဲ့သည်မှတစ်ဆင့် နောက်ပိုင်းတွင် အကူအညီပေးမှုများ ရပ်ဆိုင်းခဲ့သလို စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများလည်း ပြုလုပ်ခဲ့သည်။
သို့သော် ၂၀၀၉ ခုနှစ်၌ သမ္မတ ဘားရက်အိုဘားမား အာဏာရလာသည့်နောက် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ထားရှိသည့် ဆက်ဆံရေးမူဝါဒများ ပြောင်းလဲလာခဲ့ကာ အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ပိုမိုထိတွေ့သော သံတမန်ဆက်ဆံရေးတစ်ရပ် ထူထောင်လာခဲ့ပြီး အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် လာရောက်ခဲ့သည်။
 

Most Read

Most Recent