ဖမ်းဆီးခံကျောင်းသားများနှင့် ပြည်သူများ အမြန်ဆုံး လွတ်မြောက်ရေးအတွက် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ဗကသကျောင်းသားများ သွေးဆေးကန်တွင် ဇီဝိတဒါန ငါးလွှတ်ကုသိုလ်ပြု

ဖမ်းဆီးခံကျောင်းသားများနှင့် ပြည်သူများ အမြန်ဆုံး လွတ်မြောက်ရေးအတွက် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ဗကသကျောင်းသားများ သွေးဆေးကန်တွင် ဇီဝိတဒါန ငါးလွှတ်ကုသိုလ်ပြု
Published 20 April 2015
သက်မင်း၊ ဝေလင်းအောင်

သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသော ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသား ကျောင်းသူများနှင့် ဝန်းရံပြည်သူများ အမြန်ဆုံး လွတ်မြောက်ရေးအတွက် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ဗကသကျောင်းသားများက သွေးဆေးကန်တွင် ဇီဝိတဒါန ငါးလွှတ်ကာ ကုသိုလ်ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဇိဝိတဒါနငါးလွှတ်မှုကို ရွှေတိဂုံဘုရား မြောက်ဘက်မုခ်ရှိ သွေးဆေးကန်၌ ဧပြီ ၂၀ ရက် ညနေ ၄ နာရီက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လှော်ကားငါးသားပေါက်ရေး စခန်းမှ ငါးအကောင်ရေ တစ်ထောင်ကျော်ကို ဘေးမဲ့လွှတ်ပေး ခဲ့ကြခြင်းဖြစ်သည်။
“ကျွန်တော်တို့ ငါးလွှတ်ပွဲလေးလုပ်ရတဲ့ ရည်ရွယ်ချက်က သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေ၊ ပြည်သူတွေ အမြန်ဆုံး လွတ်မြောက်အောင်လို့ ဖြစ်ပါတယ်။ ငါးလွှတ်ရတဲ့ အကြောင်းရင်းကလည်း အခုလွှတ်တဲ့ ငါးတွေနဲ့ အဖမ်းဆီးခံ ကျောင်းသားတွေရဲ့ ဘဝတွေက တူညီလို့ပါ။ ဘာလို့လဲဆိုရင် ဒီငါးလေးတွေက ကြီးလာရင်စားသုံးဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ မွေးခံထားရတယ်။ အခုကျောင်းသားတွေကလည်း ရည်ရွယ်ချက်ရှိရှိနဲ့ သာယာဝတီ အကျဉ်းထောင်မှာ အကျဉ်းချအဖမ်းခံ ထားရတာပါပဲ။ မြန်မာလူမျိုးတွေရဲ့ ဘာသာရေးယဉ်ကျေးမှု ထုံးစံအရ နှစ်သစ်မှာ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်တဲ့ အကျိုးကို အဖမ်းဆီးခံကျောင်းသားတွေနဲ့ ပြည်သူတွေ စံစားရပါစေလို့ ဆုတောင်းပါတယ်” ဟု CSO Forum အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုကျော်လွင်က The Daily Eleven သတင်းစာသို့ ဧပြီ ၂၀ ရက်တွင် ပြောကြားသည်။
ပြီးခဲ့သည့် မတ်လအတွင်းက လက်ပံတန်းမြို့တွင် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး သပိတ်မှောက် တောင်းဆိုခဲ့ကြသည့် ဒီမိုကရေစီပညာရေး ပင်မသပိတ်မှောက် စစ်ကြောင်းအဖွဲ့ဝင် ကျောင်းသားကျောင်းသူများနှင့် ဝန်းရံပြည်သူများအား ရဲတပ်ဖွဲ့ဝင်များက အင်အားသုံး အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး သာယာဝတီ အကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ယင်းအနက် ကျောင်းသားကျောင်းသူနှင့် ဝန်းရံပြည်သူ စုစုပေါင်း ၇၀ ကို ပုဒ်မ-၁၄၃၊ ပုဒ်မ-၁၄၅၊ ပုဒ်မ-၁၄၇၊ ပုဒ်မ-၃၃၂၊ ပုဒ်မ-၅၀၅(ခ) တို့ဖြင့် တရားစွဲဆိုထားပြီး လွတ်မြောက်နေသည့် ကိုကျော်ကိုကို၊ ရဲရင့်ကျော်နှင့် မြတ်သူတို့အား တရားခံပြေးအဖြစ် ကြေညာထားသည်။
 

Most Read

Most Recent