ရန်ကုန်မြို့တော်ခန်းမရှေ့၌ ကျောင်းသားများအား အကြမ်းဖက် ဖြိုခွင်းခဲ့သည့် လက်ပတ်နီကိစ္စ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရှင်းလင်းနိုင်ခြင်း မရှိသေး

ရန်ကုန်မြို့တော်ခန်းမရှေ့၌ ကျောင်းသားများအား အကြမ်းဖက် ဖြိုခွင်းခဲ့သည့် လက်ပတ်နီကိစ္စ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရှင်းလင်းနိုင်ခြင်း မရှိသေး
Published 19 April 2015

မတ် ၅ ရက်က ရန်ကုန်မြို့တော်ခန်းမရှေ့၌ ကျောင်းသားများနှင့် ၎င်းတို့အား ထောက်ခံသူများကို လက်ပတ်နီ ဝတ်ဆင်ထားသူများက အကြမ်းဖက် ဖြိုခွင်းခဲ့သည့် ကိစ္စကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အဆိုတင်ထားခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရှင်းလင်းနိုင်ခြင်း မရှိသေးကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။ယင်းကိစ္စအပေါ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အား မေးခွန်းထုတ်သည့် အဆိုကို မတ် ၆ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ ဒေါက်တာညိုညိုသင်းက တင်သွင်းထားခဲ့ကြောင်း၊ သို့သော် ဧပြီ ၁ ရက်မှ ၉ ရက်အထိ ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးတွင် ယင်းကိစ္စအပေါ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရှင်းလင်းနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။“မတ် ၅ ရက်မှာဖြစ်ခဲ့တဲ့ ဖြစ်စဉ် မတ် ၆ ရက်မှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို အဆိုတင်ခဲ့တယ်။ အမှန်ဆို အနီးစပ်ဆုံးဖြစ်တဲ့ ဧပြီ ၁ ရက်မှာ လုပ်ခဲ့တဲ့ လွှတ်တော်အထူးအစည်းအဝေးမှာ ဒီကိစ္စကို ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ ရှင်းကိုရှင်းရမှာ။ ဒါပေမဲ့ လွှတ်တော်အစည်းအဝေး ပြီးသွားတဲ့အထိ ဖြေရှင်းနိုင်ခြင်း မရှိသေးဘူး။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကို ဒီကိစ္စမေးတော့လည်း မပါသေးဘူးလို့ ပြောတယ်” ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။ယင်းသို့ မြို့တော်ခန်းမရှေ့တွင် ကျောင်းသားများနှင့် ၎င်းတို့အား ထောက်ခံသူများကို လက်ပတ်နီများက အကြမ်းဖက် ဖြိုခွင်းခဲ့သည့် ဓာတ်ပုံများမှာ လူမှုကွန်ရက် စာမျက်နှာများမှတစ်ဆင့် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့ခဲ့ပြီး လက်ပတ်နီများမှာ မည်သူများဖြစ်သည်ကို လူအများစုက သိရှိလိုကြကြောင်း၊ သို့သော် အများစု သိရှိလိုသည့် အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဖြေရှင်းနိုင်မှု မရှိသေးခြင်းဖြစ်ကြောင်း ဒေါက်တာညိုညိုသင်းက ပြောကြားသည်။ယင်းကိစ္စအပေါ် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်အတွက် စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်းနှင့် ယင်းအဖွဲ့၏ စုံစမ်းစစ်ဆေးချက်များကို သမ္မတထံသို့ တင်ပြထားကြောင်း သိရသည်။ထိုသို့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်လျှင်လည်း စုံစမ်းဆဲသာ ဖြစ်သည့်အကြောင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ရှင်းလင်းသင့်သည်ဟု ၎င်းကဆိုသည်။

Most Read

Most Recent