စာပေ၊ သဘင်၊ ရုပ်ရှင်၊ ဂီတဆိုတဲ့ လူတွေဖန်တီးတဲ့ အတတ်ပညာတွေဟာ ရှုမြင်ခံစားသူတွေရဲ့စိတ်ကို အလွန်ပဲထိခိုက်အောင် စွမ်းဆောင်နိုင်တာမို့ အနုပညာလို့ ခေါ်ကြတယ်ထင်ပါတယ်။ ဒီအထဲ ပန်းချီ၊ ပန်းပု အစရှိတဲ့ မြန်မာမှုအနုသုခုမလက်ရာ ပန်း ၁ဝ မျိုးကိုပါ ထည့်သွင်းတွက်ချက်ရင် အနုပညာရဲ့ အခန်းကဏ္ဍက အလွန်ပဲ ကျယ်ပြန့်ပါတယ်။ဒီအထဲမှာ တစ်မူထူးခြားပြီး လူအများ စိတ်ဝင်စားခြင်းခံလာရတဲ့ နောက်အနုပညာတစ်မျိုးကတော့ ကာတွန်းတွေပါပဲ။ သဘာဝနဲ့လည်း မနီးစပ်၊ အလွန်အမင်းလည်း ဆန့်ကျင်တာမဟုတ်တဲ့ ရုပ်ပုံတွေဟာ ပန်းချီနဲ့ ဆက်စပ်နေပါတယ်။ သရော်သလိုလို ဆော်သလိုလို ထိထိမိမိအတွေးနဲ့ ဖတ်သူရဲ့ ဟဒယကို ရွှင်ပြုံးအောင် စွမ်းဆောင်နိုင်တဲ့ အရေးအသားတွေကလည်း စာပေနဲ့ အကျုံးဝင်ပါတယ်။ ဒါကြောင့် သူ့ကို အနုပညာပစ္စည်းတစ်ခုအဖြစ် ထည့်သွင်းတွက်ချက်ပြီး ဒီကနေ့ သတင်းစာဂျာနယ်နဲ့ မဂ္ဂဇင်းတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတာ တွေ့ရပါတယ်။ကာတွန်းတွေကို အနောက်ဥရောပနိုင်ငံတွေမှာ ၁၈၄၁ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ Punch မဂ္ဂဇင်းမှာ စတင်ဖော်ပြခဲ့တာပါ။ သတင်းစာ ကာတွန်းအဖြစ်နဲ့ကတော့ နောင်နှစ်ပေါင်း သုံးလေးဆယ်ကြာတဲ့အခါမှ (Pallmall Gagette) သတင်းစာမှာ F.C.G လို့ အတိုကောက်ဆိုင်းထိုးတဲ့ (Francis Carruthers Gould) ရဲ့ ကာတွန်းတွေကို စတင်အသုံးပြုခဲ့ကြတာပါ။မြန်မာနိုင်ငံမှာ ကာတွန်းပုံတွေကို စတင်ဖော်ပြခဲ့တဲ့ သတင်းစာကတော့ ရန်ကုန်တိုင်းမ်သတင်းစာလို့ ဆိုပါတယ်။ အဲဒီသတင်းစာမှာ သူ့ကိုယ်သူ “မျောက်” Monkey လို့ အမည်ခံယူထားတဲ့ အင်္ဂလိပ်အရာရှိတစ်ဦးက မြန်မာအမျိုးသမီးတစ်ဦး အနောက်တိုင်းစုံတွဲ ကပွဲသဘင်ကို ဝင်နွှဲနေတဲ့ပုံနဲ့ သရော်ထားတဲ့ ကာတွန်းပုံကို ရေးဆွဲဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံအနေနဲ့ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့လက်အောက်ကို ကျရောက်နေတဲ့အချိန်မို့ အနောက်တိုင်းယဉ်ကျေးမှုကို အထင်ကြီးတဲ့ မြန်မာအမျိုးသမီးတချို့ အရှက်အကြောက်ကင်းမဲ့စွာနဲ့ အနာက်တိုင်းယဉ်ကျေးမှု ကပွဲသဘင်တွေမှာ ပါဝင်ဆင်နွှဲနေတာကို ကာတွန်းဆရာက မျက်စိဆံပင်မွေးစူးပုံရတယ် ထင်ပါရဲ့။ ကာတွန်းနဲ့ သရော်လိုက်တာပါပဲ။ကာတွန်းဆိုတာ ခေတ်ကိုလည်း သရော်ပါတယ်။ စနစ်ကိုလည်း သရော်ပါတယ်။ အမြင်မတော်တာတွေတွေ့ရင် လူကိုလည်း သရော်တာပါပဲ။ သရော်တယ်ဆိုတာ အများအမြင်နဲ့ မသင့်တာ မလျော်တာကို အများကိုယ်စား ကာတွန်းဆရာက ကြားကနေပြီး သူတတ်စွမ်းတဲ့အနုပညာနဲ့ ပုံဖော်တင်ပြလိုက်တာပါပဲ။ ဒီနေရာမှာ တစ်ဦးတစ်ယောက်တည်းကို ရည်ရွယ်ပြီး နာမှနာစေတော့ရယ်လို့ ဆော်တာမျိုးကတော့ ကာတွန်းရေးဆွဲသူ တစ်ဦးတစ်ယောက်တည်းရဲ့ စေတနာ သက်သက်သာလျှင်ဖြစ်ပြီး ကာတွန်းအနုပညာရှင် အများအပြားပါဝင်နေတဲ့ ကာတွန်းလောကတစ်ခုလုံးနဲ့တော့ သက်ဆိုင်ခြင်း အလျဉ်းရှိမှာ မဟုတ်ပါဘူး။မြန်မာပြည်မှာ ပထမဆုံး ကာတွန်းရေးဆွဲခဲ့တဲ့ ကာတွန်းပညာရှင်ကတော့ ရွှေတလေးခေါ် ဦးဘကလေးပါပဲ။ ဆရာရွှေတလေးဟာ ၁၉၁၅ ခုနှစ် ရန်ကုန်ကောလိပ်မဂ္ဂဇင်းမှာ ပညာတတ်တွေ “ မြို့အုပ်ရူး ” ရူးနေကြတဲ့ပုံနဲ့ သရော်တဲ့ကာတွန်းလေး ရေးဆွဲရာကစပြီး မြန်မာ့ကာတွန်းလောကကို မျိုးစေ့ချပေးခဲ့ပါတယ်။ စာနယ်ဇင်းကာတွန်းတွေနဲ့ ပတ်သက်လို့ မြန်မာကာတွန်းကို ပထမဦးဆုံး ဖော်ပြပေးတဲ့မဂ္ဂဇင်းကတော့ ၁၉၁၇ ခုနှစ် မတ်လမှာ စတင်ထုတ်ဝေခဲ့တဲ့ “သူရိယမဂ္ဂဇင်း” လို့ ဆိုပါတယ်။ ဦးဘကလေးရဲ့ လက်ရာကာတွန်းနှစ်ပုဒ်ဖြစ်တဲ့ “အထင်အမြင်လွဲခြင်း “ နဲ့ “လူတစ်ကိုယ် ထင်တစ်လုံးရှိခြင်း” ဆိုတဲ့ ကာတွန်းနှစ်ပုဒ်ကို ဖော်ပြပေးခဲ့တာပါ။ အဲဒီလိုကာတွန်းတွေ မဂ္ဂဇင်းမှာ ဖော်ပြပေးနိုင်အောင် ဦးဆောင်ကြိုးပမ်းခဲ့သူကတော့ “ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ” ပါပဲ။အဲဒီအချိန်ကစပြီး လွတ်လပ်ရေးရပြီး ဒီဘက်ခေတ်တိုင်အောင် မြန်မာကာတွန်းတွေဟာ ကမ္ဘာနဲ့အမီ ရင်ပေါင်တန်းနိုင်ရုံသာမက အဆင့်အတန်းမြင့်မြင့်နဲ့ ထွန်းကားတာမျိုးလည်း အာရှတိုက်မှာ မရှိသေးဘူးလို့ သတင်းစာဆရာကြီး လူထုစိန်ဝင်းက သူ့ရဲ့ “သတင်းစာပညာ သောင်းပြောင်းထွေလာ” စာအုပ်ထဲမှာ ချီးမွမ်းခန်း ဖွင့်ရေးသားထားတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ မြန်မာကာတွန်းဆရာတွေ အင်မတန်ဂုဏ်ယူဖို့ ကောင်းပါတယ်။မြန်မာကာတွန်းတွေဟာ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့လက်အောက်မှာ မျိုးစေ့ကပြီး အပင်ပေါက်ခဲ့ရတာမို့ မြန်မာကာတွန်းပညာရှင်တွေဟာ သူ့နည်းသူ့ဟန်နဲ့ အမျိုးသားရေးကို အားပေးခဲ့ကြသလို ကိုလိုနီနယ်ချဲ့ကိုလည်း အန်တုဗလပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြန်မာ့ကာတွန်းဟာ မြန်မာပြည်လွတ်လပ်ရေးသမိုင်းမှာ တစ်ဖက်တစ်လမ်းက အကျိုးပြုရွက်ဆောင်နိုင်ခဲ့တယ်လို့လည်း ဆိုရပါလိမ့်မယ်။စစ်ကြိုခေတ်နဲ့ စစ်ပြီးခေတ်မှာ ထင်ရှားကျော်ကြားလာတဲ့ မြန်မာ့ကာတွန်းပညာရှင်တစ်ဦးကတော့ အလင်္ကာကျော်စွာဘွဲ့ရ ကာတွန်းဆရာကြီး ဦးဘဂျမ်းပါပဲ။ ၁၉၆၂ ခုနှစ် ကောလိပ်ကျောင်းသားဘဝနဲ့ ကောလိပ်မဂ္ဂဇင်းထဲမှာ ကာတွန်းရေးဆွဲလိုက်ရာကတစ်ဆင့် ကာတွန်းဆရာကြီး ဖြစ်လာခဲ့သူပါ။ ဆရာဦးဘဂျမ်းက သတင်းစာဖတ်၊ တိုင်းပြည်မှာ ဘာတွေဖြစ်နေသလဲဆိုတာကို အကဲဖြတ်ပြီးမှ ခေတ်ကိုသရော်တဲ့ ကာတွန်းတွေကို ရေးဆွဲခဲ့သူပါ။ တစ်ဦးတစ်ယောက်ကို ရည်ရွယ်ပြီး ပုဂ္ဂိုလ်ရေးမသရော်ဘူးလို့ ဆိုပါတယ်။မျိုးချစ်စိတ်လည်း အပြည့်ရှိသူပါ။ ငွေကြေးရလိုမှုအတွက် သက်သက်နဲ့ သူ့ကာတွန်းတွေကို ဘယ်တော့မှ ရေးဆွဲလေ့ရှိသူလည်း မဟုတ်တဲ့အပြင် အနုပညာစိတ်အပြည့်အဝရှိတဲ့ ကာတွန်းအနုပညာရှင်တစ်ယောက်ဖြစ်လို့မို့ လွတ်လပ်မှုကို အင်မတန်နှစ်ခြိုက်ပါတယ်။သူမကြိုက်ရင် ပိုက်ဆံဘယ်လောက်ပုံပေးသည်ဖြစ်စေ မဆွဲဘဲနေပါတယ်။ ယုံကြည်ချက်သက်သက်နဲ့ပဲ ရပ်တည်တဲ့ ကာတွန်းဆရာကြီးလို့ ဆိုရမလားပါပဲ။မှန်ပါတယ်။ ဘယ်အနုပညာလုပ်ငန်းမဆို ယုံကြည်ချက်ရှိရှိနဲ့ ဇွဲခပ်ပြီးလုပ်မှ အောင်မြင်နိုင်ပါတယ်။ အနုပညာရှင်တွေရဲ့ ယုံကြည်ချက်ဆိုတာကတော့ တခြားမဟုတ်ပါဘူး။ “အမှန်တရား” ပါပဲ။ ဆရာကြီး ဦးဘဂျမ်းနဲ့ ပတ်သက်လို့ ဗဂျီအောင်စိုး ဝေဖန်ထားတဲ့ စကားလေးတစ်ခွန်း ရှိပါတယ်။“လူတွေဟာ ဦးဘဂျမ်းကို ဟာသရှိတယ်လို့ပြောကြတယ်။ တကယ်က ဟာသမဟုတ်ဘူး။ အမှန်ကိုပြောတာဗျ” ဆိုတဲ့ စကားလေးပါ။ အင်မတန်တာသွားပါတယ်။ ပြောရရင် ကာတွန်းလို့ ဆိုလိုက်တာနဲ့ လူတွေ ကရယ်စရာပဲလို့ ထင်တတ်ကြပါတယ်။ ကာတွန်းဆရာတွေကိုလည်း တမင်ရယ်စရာတွေးပြီး ရေးတတ်ပလေတယ်လို့ ပြောတတ် ကြပါတယ်။ တကယ့်ခြစ်ခြစ်ခြုတ်ခြုတ် အနှစ်ထုတ်ကြည့်ရင် အဲဒီရယ်စရာတွေဆိုတာ အမှန်တရားတွေကိုသာ ပြောနေတာတွေ့ရ မှာ ဖြစ်ပါတယ်။ အမှန်တရားကို သရော်တဲ့ ရှုထောင့်ကနေပြီး မြင်တဲ့အတိုင်း ရေးထားတာမို့ ရယ်စရာဖြစ်နေတာပါ။ဒါ့အပြင် ကာတွန်းတွေထဲမှာ ခေတ်တစ်ခေတ် စနစ်တစ်ခုချင်းစီရဲ့ မတူကွဲပြားတဲ့ ပြည်သူတွေရဲ့ လူနေမှုဘဝပုံစံတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ စာပေပညာရှင် ရုပ်ရှင်၊ ဂီတနဲ့ သဘင်ပညာရှင်တွေက အဲဒီခေတ် လူနေမှုစရိုက်နဲ့ ပြည်သူတွေ တွေ့ကြုံခံစားနေရတဲ့ ဆင်းရဲဒုက္ခပြဿနာ တွေကို သူ့နည်းသူ့ဟန်နဲ့ တင်ပြကြသလို ကာတွန်းဆရာတွေကလည်း တင်ပြကြတာပါပဲ။ မတူတာက ကာတွန်းတစ်ကွက်တည်းမှာတင် ရုပ်ပုံနဲ့ စာကိုပါ ထည့်သွင်းရေးဆွဲပြီး အတိုဆုံးနဲ့ အနှစ်ချုပ်ပြီး ထိထိမိမိဖြစ်အောင် ဖော်ပြလိုက်တာပါ။ ဒါပေမဲ့ သူ့ရဲ့ တင်ပြပုံက ခံစားနေရတဲ့ဒုက္ခတွေကို ဒုက္ခပဲရယ်လို့ သိရင်တောင်မှ ပေ့ါပေါ့ပါးပါးနဲ့ ခံနိုင်အောင် ရည်ရွယ်ပြီး ရယ်စရာအဖြစ် ထွက်ပေါက်ပေးလိုက်တာပါ။အနုပညာမှန်ရင် စိတ်ရဲ့ခံစားမှုကို ရသအဖြစ် ကိုယ်တတ်စွမ်းတဲ့ အတတ်ပညာနဲ့ ပုံဖော်ကြတာချည်းပါပဲ။ ကာတွန်းဆိုတာကလည်း အနုပညာတစ်ခုပါပဲ။ သူကတော့ အမှန်တရားကို ဟာသနဲ့ ပုံဖော်တာဖြစ်လေတော့ အမှန်တရားကို မလိုလားသူတွေကတော့ ကြိုက်မှာ မဟုတ်ပါဘူး။“ဘယ်သူ့ထိပ်ကိုမှ ပိတ်ရော့လို့ မောင်မဆော်ဟုတ်တိုင်းဗျာ မှန်ရာတွေးလို့ရယ် ရေးရပါသော်နာလုံးတွေဖော်၊ အော်ခါဗျ..မည်သူဆဲရွှေတလေးမှာဖြင့် ကျေအေးတယ်ခါ မဟူပကမ္ဘာသူဓာတ်မှန်ပြသည်သို့အမှားကိုအမှန်ကျအောင် ရေးရတာပဲ”ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မြန်မာ့ကာတွန်းပညာရှင်တွေကတော့ အမှားကို အမှန်ဖြစ်အောင် သူတို့တတ်တဲ့ အနုပညာနဲ့ ပုံဖော်ရေးဆွဲနေကြဦးမှာသာ ဖြစ်ပါတယ်။
ကာတွန်း (သို့) အနုပညာ
Most Read
Most Recent
3 hours ago