မြန်မာ့အိမ်ခြံမြေဈေးကွက်ပြိုလဲခြင်းရဲ့အစလား၊ စက်မှု (၁) ဝန်ကြီးရုံးဟောင်းနေရာ၌ ဗီယက်နမ်ကုမ္ပဏီကဆောက်လုပ်နေသည့် စီမံကိန်းတွင် ဒေါ်လာသန်း ၅၅၀ မြှုပ်နှံမည့် သဘောတူညီမှုကို စင်ကာပူကုမ္ပဏီဖျက်သိမ်း

မြန်မာ့အိမ်ခြံမြေဈေးကွက်ပြိုလဲခြင်းရဲ့အစလား၊ စက်မှု (၁) ဝန်ကြီးရုံးဟောင်းနေရာ၌ ဗီယက်နမ်ကုမ္ပဏီကဆောက်လုပ်နေသည့် စီမံကိန်းတွင် ဒေါ်လာသန်း ၅၅၀ မြှုပ်နှံမည့် သဘောတူညီမှုကို စင်ကာပူကုမ္ပဏီဖျက်သိမ်း
Published 10 April 2015

ရန်ကုန်မြို့ စက်မှု(၁)လမ်းနှင့် ကမ္ဘာအေးစေတီလမ်းထောင့်ရှိ ယခင်စက်မှု(၁) ဝန်ကြီးရုံးဟောင်းနေရာတွင် ဗီယက်နမ်ကုမ္ပဏီ Hoang Anh Gia Lai Myanmar မှတည်ဆောက်နေသောစီမံကိန်း၌ ဒေါ်လာ သန်း ၅၅၀ မြှုပ်နှံရန် ယခင်သဘောတူညီထားမှုကို စင်ကာပူကုမ္ပဏီဘက်မှ ပြန်လည်ဖျက်သိမ်းလိုက်ကြောင်း Vietnam net သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ သိရသည်။ဗီယက်နမ်အခြေစိုက် HAGL ကုမ္ပဏီသည် ရန်ကုန်မြို့ စက်မှု(၁) လမ်းနှင့် ကမ္ဘာအေးစေတီလမ်းထောင့်ရှိ ၁၈ ဧကကျယ်ဝန်းသော မြေကွက်ပေါ်တွင် ဟိုတယ်၊ ရှော့ပင်းစင်တာ၊ Apartment ၊ Office Building စသည်ဖြင့် အဆိုပါအဆောက်အအုံစီမံကိန်းများကို လာရောက်မြှုပ်နှံလျက်ရှိသည့် ကုမ္ပဏီဖြစ်ပြီး HAGL Myanmar ကုမ္ပဏီအဖြစ် ယင်းစီမံကိန်းကို မြှုပ်နှံလုပ်ကိုင်ခြင်းဖြစ်သည်။စက်မှု (၁)လမ်းထောင့်၌ စီးပွားဖြစ် အဆောက်အအုံစီမံကိန်းတည်ဆောက်နေသည့် HAGL Myanmar ကုမ္ပဏီ၏ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို စင်ကာပူအခြေစိုက် Rowsley ကုမ္ပဏီကဝယ်ယူပြီး စုစုပေါင်းဒေါ်လာ သန်း ၅၅၀ မြှုပ်နှံရန် ယခင်က သဘောတူထားခြင်းဖြစ်ကြောင်း၊ ယခုအခါ အဆိုပါသဘောတူညီချက်ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဗီယက်နမ်အခြေစိုက် HAGL ကုမ္ပဏီ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ Mr.Vo Truong Son က မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံကြား အခွန်ပေးဆောင်ရမည့်နှုန်းထား မတူညီမှုများကြောင့် Rowsley ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမည့်အစီအစဉ်ကို ဖျက်သိမ်းခြင်းဖြစ်ကြောင်း၊ နှစ်ဖက်သဘောတူညီမှုအရ ယခုကဲ့သို့ဖျက်သိမ်းခြင်းဖြစ်ကြောင်း ပြောကြားထားသည်။ဗီယက်နမ်အခြေစိုက် HAGL ကုမ္ပဏီ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ Mr.Vo Truong Son က "မြန်မာနိုင်ငံရဲ့ ရင်းနှီးမတည်ငွေ အလွှဲအပြောင်းဟာ ၄၀ ရာခိုင်နှုန်းအထိ အခွန်ပေးဆောင်ရပါတယ်။ ဗီယက်နမ်နိုင်ငံမှာဆို ၂၂ ရာခိုင်နှုန်းပဲပေးဆောင်ရပါတယ်။ ဒီမြန်မာရဲ့အခွန်ပေးဆောင်ရမှုရာခိုင်နှုန်းကို စင်ကာပူကုမ္ပဏီဘက်က သဘောမတူဘူး။ ဒါကြောင့် နှစ်ဖက်ကုမ္ပဏီသဘောတူညီမှုနဲ့ စာချုပ်ကိုဖျက်သိမ်းခဲ့ရတာပါ" ဟုပြောကြားသည်။စင်ကာပူအခြေစိုက်ကုမ္ပဏီဖြစ်သည့် Rowsley ကုမ္ပဏီကမူ သဘောတူညီမှုအရ ကြိုတင်လုပ်ဆောင်ရမည့်အခြေအနေများအပေါ် ကျေနပ်မှုမရှိသည့်အတွက် ယခုကဲ့သို့ ဒေါ်လာသန်း ၅၅၀ မြှုပ်နှံရန် သဘောတူထားမှုကို ဖျက်သိမ်းရခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ဗီယက်နမ်အခြေစိုက် HAGL ကုမ္ပဏီ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ Mr.Vo Truong Son က "စင်ကာပူကုမ္ပဏီဘက်ကနေ မြန်မာနိုင်ငံမှာ တိုက်ရိုက်မြှုပ်နှံလိုတယ်။ ဗီယက်နမ်ကနေမှတစ်ဆင့် မြန်မာကိုလာမြှုပ်နှံရင် မြန်မာနိုင်ငံမှာရော ဗီယက်နမ်ဘက်မှာရော ဆုံးရှုံးမှုတွေဖြစ်လာမှာကို လိုလားပုံမရပါဘူး။ HAGL အနေနဲ့ အခုနောက်ထပ်ပူးပေါင်းမြှုပ်နှံမယ့်ကုမ္ပဏီကို ဆက်လက်ရှာဖွေနေပါတယ်။ ပူးပေါင်းလုပ်ဆောင်မယ့်ကုမ္ပဏီကလည်း ငွေကြေးအင်အားတောင့်တင်းပြီး စီမံကိန်းရေးဆွဲတဲ့နေရာမှာ ကျွန်တော်တို့ အမြင်တူတဲ့ကုမ္ပဏီဖြစ်ဖို့လိုပါတယ်။ စင်ကာပူကုမ္ပဏီထွက်သွားပေမယ့် ကျွန်တော်တို့ရဲ့ မြန်မာမှာ မြှုပ်နှံထားမှုအပေါ် သက်ရောက်မှုမရှိပါဘူး" ဟုပြောကြားသည်။လက်ရှိတွင် ရှော့ပင်းစင်တာ၊ ဟိုတယ်နှင့် Office Building တို့ကို ကနဦးတည်ဆောက်လျက်ရှိပြီး ရှော့ပင်းစင်တာအား ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင်လည်းကောင်း၊ ဟိုတယ်နှင့် Office Building  ကို ၂၀၁၅ ခုနှစ် ဇွန်လတွင်လည်းကောင်း ဖွင့်လှစ်နိုင်မည်ဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့်ရရှိထားသည့်ပမာဏမှာ ၂၀၁၅ ခုနှစ် မတ်လကုန်အထိ အမေရိကန်ဒေါ်လာ ၂၃ ဘီလျံနီးပါးရှိသော်လည်း အမှန်တကယ်လာရောက်မြှုပ်နှံသည့်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၅ ဘီလျံနီးပါးသာရှိပြီး ဒေါ်လာရှစ်ဘီလျံအထိ ဝင်ရောက်လာမှုမရှိသေးကြောင်း သိရသည်။ယင်းအပြင် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၌ နိုင်ငံတကာမှ လာရောက်မြှုပ်နှံရန် ခွင့်ပြုမိန့်ရထားသည့်ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၂ ဘီလျံနီးပါးအထိရှိသော်လည်း အမှန်တကယ်လာရောက်မြှုပ်နှံသည့်ပမာဏမှာ ၁၉ ဘီလျံနီးပါးသာရှိပြီး ဒေါ်လာသုံးဘီလျံနီးပါးမှာ ဝင်ရောက်လာမှုမရှိသေးကြောင်း သိရသည်။မြန်မာနိုင်ငံ၏ လက်ရှိအိမ်ခြံမြေကဏ္ဍမှာ ရောင်းချလိုသူသာရှိပြီး ဝယ်လိုအားမှာ မရှိသလောက်နည်းပါးလျက်ရှိသည့် အခြေအနေအထိ ထိုးဆင်းသွားခဲ့ကြောင်း စစ်တမ်းများ၊ အိမ်ခြံမြေလုပ်ငန်းရှင်များက တရားဝင်ထုတ်ပြန်ထားခဲ့သည်။အထူးသဖြင့် မြေရောင်းဝယ်မှုနှင့် တိုက်ခန်းရောင်းဝယ်မှုများ အဓိကထိုးဆင်းသွားခဲ့ကြောင်း၊ ယခင်နှစ်များအတွင်းက အမြောက်အမြား မြှုပ်နှံလေ့ရှိသည့် တရုတ်လုပ်ငန်းရှင်များ လာရောက်မှုမရှိတော့ခြင်း၊ တရုတ်နိုင်ငံဘက်မှငွေများ စီးဝင်ရန်မလွယ်ကူတော့ခြင်းသည်လည်း အိမ်ခြံမြေရောင်းဝယ်မှုကို ကျဆင်းစေသည့်အချက်များထဲတွင် ပါဝင်နေကြောင်း သိရသည်။မြန်မာ့အိမ်ခြံမြေပူးပေါင်းဈေးကွက်ကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို အဟန့်အတားဖြစ်နေကြောင်းနှင့် မဖြစ်နိုင်သည့်ဈေးများအထိထိုးတက်မှုသည် သီအိုရီအရ မဖြစ်မနေဖြစ်သင့်သည့်ဈေးသို့ သူ့အချိန်တန်သည်နှင့် ပြန်လည်ထိုးဆင်းရလေ့ရှိကြောင်း စီးပွားရေးပညာရှင်များက အကြိမ်ကြိမ်သုံးသပ်ထားခဲ့ပြီးဖြစ်သည်။လက်ရှိ မြန်မာ့အိမ်ခြံမြေဈေးမှာ မဖြစ်နိုင်သည့် အမြင့်ဆုံးအခြေအနေအထိရောက်ရှိနေပြီး ကမ္ဘာ့အိမ်ခြံမြေငှားရမ်းခ အမြင့်ဆုံးစာရင်းတွင် အဆင့်သုံးနေရာအထိမြင့်တက်လာကြောင်း၊ အရောင်းအဝယ်ဘက်တွင်မူ ဆန့်ကျင်ဘက်အနေဖြင့် ယခင်နှစ်များကဖြင့် နှိုင်းယှဉ်လျှင် ဝယ်လိုအားမရှိသလောက်ကျဆင်းနေကြောင်း၊ ထို့အတွက် အိမ်ခြံမြေပူဖောင်းမှာ ပေါက်မည့်ဘက်သို့ ဦးတည်လျက်ရှိကြောင်းကိုလည်း အိမ်ခြံမြေလုပ်ငန်းရှင်များကိုယ်တိုင် တရားဝင်ထုတ်ဖော်ပြောကြားလာခဲ့ကြသည်။စက်မှု (၁) လမ်းထောင့်၌ စီးပွားဖြစ်အဆောက်အအုံစီမံကိန်း တည်ဆောက်နေသည့် HAGL Myanmar ကုမ္ပဏီ၏ဆောက်လုပ်နေမှုသည် လက်ရှိဆောက်လုပ်ရေးစီမံကိန်းကြီးများအနက် အလျင်မြန်ဆုံးဆောက်လုပ်လျက်ရှိသော စီမံကိန်းတစ်ခုလည်းဖြစ်သည်။ သို့သော် ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက် ဖျက်သိမ်းခြင်းကြောင့် မြန်မာ့အိမ်ခြံမြေဈေးကွက်အပေါ် ရိုက်ခတ်နိုင်မှုနှင့် ပြိုလဲနိုင်ချေ ရှိ မရှိကို သုံးသပ်စောင့်ကြည့်မှုများရှိလာသည်။အစိုးရသစ်လက်ထက် သက်တမ်းလေးနှစ်တာကာလအတွင်း နိုင်ငံ၏စီးပွားရေးကဏ္ဍနှင့်ပတ်သက်သော စိုးရိမ်မှုများ၊ ဝေဖန်မှုများရှိနေသလို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သမ္မတဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်နှင့် စတင်တွေ့ဆုံစဉ်က ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်၍ အမှန်တကယ် ရိုးရိုးသားသားလုပ်ဆောင်ခဲ့သော်လည်း လက်ရှိတွင် ထိုကဲ့သို့မဟုတ်တော့ကြောင်း ပြောကြားထားသည်။"ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ ပြုပြင်ပြောင်းလဲမှုတွေကို အမှန်တကယ်ဆက်လက်လုပ်ဆောင်မယ်ဆိုရင် ကျွန်မတို့နိုင်ငံအနေနဲ့ လက်ရှိအနေအထားထက် အများကြီးပိုမိုကောင်းမွန်လာနေပါပြီ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားခြင်းဖြစ်သည်။

Most Read

Most Recent