ပြည်ပစတော့ အိတ်ချိန်းများတွင် အရောင်းအဝယ်လုပ်နိုင်ရန် ပြည်တွင်းသို့ လာရောက်ဝန်ဆောင်မှု ပေးနေခြင်းမှာ ဥပဒေနှင့်မညီသဖြင့် အဆိုပါကုမ္ပဏီများကို သတိပြုရန်လို

ပြည်ပစတော့ အိတ်ချိန်းများတွင် အရောင်းအဝယ်လုပ်နိုင်ရန် ပြည်တွင်းသို့ လာရောက်ဝန်ဆောင်မှု ပေးနေခြင်းမှာ ဥပဒေနှင့်မညီသဖြင့် အဆိုပါကုမ္ပဏီများကို သတိပြုရန်လို
Published 9 April 2015
နွဲ့ယဉ်အေး၊ သန်းထိုက်အောင်

ပြည်ပစတော့အိတ်ချိန်းများတွင် အရောင်းအဝယ်ပြုလုပ်နိုင်ရန် မြန်မာနိုင်ငံအတွင်းသို့ လာရောက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများရှိနေပြီး ထိုသို့ဝန်ဆောင်မှုပေးခြင်းမှာ ဥပဒေနှင့်မညီသဖြင့် အဆိုပါကုမ္ပဏီများကို သတိပြုရန်လိုအပ်သည်ဟု ငွေကြေးဈေးကွက်ကျွမ်းကျင်သူ ပညာရှင်များက သုံးသပ်ထားသည်။
ထိုသို့ ပြည်ပစတော့ အိတ်ချိန်းများတွင် ရွှေ၊ ငွေကြေး၊ ရေနံ၊ ကုန်စည်စသည့်ဈေးကွက် များပေါ်တွင် အရောင်းအဝယ်ပြုသည့် ဈေး ကွက်ကို Future Exchange ဈေးကွက်ဟုခေါ်ဆိုပြီး ထိုဈေးကွက်တွင် ဝင်ရောက်အရောင်းအဝယ်လုပ်နိုင်ရန် ကော်မရှင်ခယူကာ ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီပေါင်းခြောက်ခုခန့် မြန်မာနိုင်ငံ ဈေးကွက်အတွင်းသို့ ရောက်ရှိနေပြီဖြစ်သည်။
“ဟိုတုန်းကလည်း Invisible Trading ဆိုပြီး မမြင်ရတဲ့ ကုန်သွယ်မှုဆိုပြီး တစ်ခါလာဖူးတယ်။ သကြားရယ်၊ ကော်ဖီမှုန့်ရယ်၊ ဆေးရွက်ကြီးရယ် ပစ္စည်းတွေကို နိုင်ငံခြား ကနေ ဖက်စ်နဲ့ပို့လိုက်တာကို ပါးစပ်နဲ့ပဲဈေး အတက်အကျပေါ်မူတည်ပြီး ငွေတွေထည့် ခိုင်းတယ်။ အဲဒီမှာလည်း လူတွေတော်တော် များများက မသိတဲ့အခါကျတော့ ဆုံးရှုံးမှုတွေ အများကြီးရှိခဲ့တယ်။ ဒါကြောင့် အသိပညာ ပေးတဲ့လုပ်ငန်းကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဖို့လိုတယ်” ဟု ငွေကြေးဈေးကွက် ပညာရှင် ဦးငွေသိန်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် Future Exchange ဈေးကွက်လုပ်ကိုင်ခွင့် ပြုထားခြင်းမရှိသလို၊ ဥပဒေလည်း မရှိသေးဘဲ အဆိုပါကုမ္ပဏီများမှာ အကြံပေးကုမ္ပဏီ အသွင်ယူကာ လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း သိရသည်။
“ဒီမှာလာလုပ်နေတဲ့ ကုမ္ပဏီတွေမှာ ဟောင်ကောင်၊ နယူးဇီလန်၊ အင်ဒိုနီးရှား စတော့အိတ်ချိန်းတွေမှာ ဝန်ဆောင်မှုပေးတာ ရှိတယ်။ စင်ကာပူလို့ပြောတဲ့ ကုမ္ပဏီလည်းရှိတယ်။ ယုံကြည်မှုနဲ့ လုပ်နေကြတာချည်းပဲ” ဟု ရွှေ၊ ငွေကြေး၊ စတော့ရှယ်ယာ အရောင်းအဝယ် လက်တွေ့ပြုလုပ်နည်း သင်တန်းများ ပေးနေသောကုမ္ပဏီ Myanmar Golden Link မှ မန်နေဂျင်း ဒါရိုက်တာ ကိုဇော်မင်းထွန်းက ပြောကြားသည်။
“ဟိုအရင်တုန်းကလဲ အချို့ငွေကြေး ဝန်ဆောင်မှုကုမ္ပဏီတွေ တရားမဝင်လုပ်ခဲ့တယ်။ လူတွေက အသိဉာဏ် အားနည်းတဲ့အတွက် ငွေဆုံးရှုံးတာမျိုးတွေ ရှိခဲ့တယ်။ အခုလည်းပဲ ပြည်သူလူထုက ဘာမှမသိတော့ ထည့်မှာပဲ။ ရှုံးတာ မြတ်တာ သူတို့မသိဘူး။ ဒါကြောင့် စတော့ရှယ်ယာနဲ့ ပတ်သက်တဲ့ အသိပညာပေး လုပ်ငန်းကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြည်သူလူထုကို များများအသိပေးဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံခြားကနေ ပြည်သူကိုလိမ်မယ့် အဖွဲ့တွေ အများကြီး ပေါ်လာနိုင်တယ်” ဟု ငွေကြေးဈေးကွက်ကျွမ်းကျင်သူ ဦးငွေသိန်းက သုံးသပ်သည်။
မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေတွင်လည်း ကောင်တာဈေးကွက်နှင့် ထိုသို့စတော့အိတ်ချိန်းနှင့် အလားသဏ္ဌာန်တူသည့် လုပ်ငန်းများကို ခွင့်ပြုချက်မဲ့ လုပ်ကိုင်ခွင့်ပြုထားခြင်းမရှိဘဲ လုပ်ဆောင်ပါက ရဲအရေးပိုင်သည့် ပြစ်မှုအဖြစ် သတ်မှတ်ရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
တရားမဝင်သည့် အဆိုပါ Future Exchange ဈေးကွက်တွင် ဝင်ရောက်ကစားရန် ပွဲစားကုမ္ပဏီများတွင် ဒေါ်လာ ၃ဝဝဝ မှ ဒေါ်လာ ၁ဝဝဝဝ အနိမ့်ဆုံး ထည့်သွင်းကာ စာရင်းဖွင့်ထားရသဖြင့် ဆုံးရူံးမှုများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
 
 
 

Most Recent