လစာတိုးပေးတာ ဝမ်းမသာဘူး

လစာတိုးပေးတာ ဝမ်းမသာဘူး
Published 9 April 2015
ရဲခေါင်မဲမောင်

ကျွန်တော်က စာရေးဆရာ၊ ကာတွန်းဆရာ တစ်ယောက်ပါ။ မိသားစု စားဝတ်နေရေးကို စာမူခကလေး တစ်ခုတည်းနဲ့တင် ဖြေရှင်းနေရတာမို့ စားပွဲမှာ မထတမ်းထိုင်ပြီး ရေးနေရလေ့ ဆွဲနေရလေ့ ရှိပါတယ်။ ကျွန်တော်တို့လို “အထိုင်” သမားတွေအဖို့ လိပ်ခေါင်းနဲ့ ရောဂါဖြစ်နိုင်ခြေ ရှိတယ်မဟုတ်လား။ ဒါကြောင့် အဲဒီလို လိပ်ခေါင်းရောဂါ မဖြစ်ရအောင် ဝမ်းမှန်မှန် ပျော့ပျော့ သွားနိုင်ဖို့ ကြိုးစားရပါတယ်။ ကျွန်တော်က ဝမ်းချုပ်တတ်တာမို့ ဝမ်းမှန်မှန်နဲ့ ပျော့ပျော့သွားဖို့အတွက် ဆေးကူရပါတယ်။ ကျွန်တော်ညတိုင်း အိပ်ရာဝင်သောက်တဲ့ဆေးက ဆရာမိုး ဝမ်းပျော့ဆေးပါပဲ။ ကျွန်တော် မှတ်မိသလောက် အဲဒီ ဆရာမိုး ဝမ်းပျော့ဆေးကို သောက်လာတာ ငါးနှစ်ကျော်လောက်တော့ ရှိပါတော့မယ်။တစ်နေ့ညကတော့ အဲဒီဆရာမိုးဆေး ကုန်နေတာနဲ့ ဝယ်နေကျ ဆေးဆိုင်ကလေးမှာ သွားဝယ်ပါတယ်။ တစ်ဘူးမှ ကျပ် ၅၅ဝ ပဲဆိုတော့ ပိုက်ဆံ ကျပ် ၅၅ဝ အတိပဲ ယူသွားလိုက်တာပေါ့လေ။ ဒါပေမဲ့ ဆိုင်ရောက်တော့ ဆရာမိုးတစ်ဘူးကို ကျပ် ၆ဝဝ လို့ ရောင်းတဲ့သူက ပြောပါရော ဘာဖြစ်လို့ ဈေးတက်သွားရတာလဲလို့ မေးလိုက်တဲ့အခါ ကလေးမက ပြုံးစစနဲ့ “လစာတွေ တိုးသွားပြီလေ ဦးရဲ့” လို့ ပြောပါတယ်။ “ဪ” တစ်လုံးသာ ပြန်ပြောနိုင်ပြီး နောက်မှ ကျပ် ၅ဝ လာပေးမယ်နော်လို့ ပြောရပါတယ်။နောက်တစ်နေ့မှာတော့ ရေးပြီးသား ကာတွန်းကလေးတွေ ဆောင်းပါးကလေးတွေကို သတင်းစာတိုက် ဂျာနယ်တိုက်တွေကိုပေးဖို့ ကျွန်တော် မြို့ထဲထွက်လာပါတယ်။ မြို့ပတ်ရထားကလေးနဲ့ ပြန်လာ “တိုးကြောင်လေးဘူတာမှာဆင်း” ဆိုက္ကားကလေးစီးပြီး အိမ်ကိုပြန်လာခဲ့ပါတယ်။ အိမ်ရောက်တော့ ဆိုက္ကားပေါ်ကဆင်းပြီး နှစ်ရာတန်ကလေး နှစ်ရွက်ကို ဆိုက္ကားဆရာဆီ လှမ်းပေးလိုက်ပါတယ်။ မြို့ထဲကနေ ပြန်တိုင်း တိုးကြောင်လေးဘူတာကနေ အိမ်အထိ ဆိုက္ကားစီးနေကျဆိုတော့ ကျပ် ၄ဝဝ ပဲပေးရတာ ကျွန်တော်သိနေလို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအခါမှာတော့ ဆိုက္ကားဆရာက ကျွန်တော့်ကို “ဆရာ လေးရာမရတော့ဘူး ငါးရာပါ” လို့ ပြောပါတယ်။ ညတုန်းက ဆရာမိုးဝယ်တော့ ကျပ် ၅၅ဝ ကို ကျပ် ၆ဝဝ ပေးခဲ့ရတာက ရင်ထဲမှာ မကျေမလည် ဖြစ်နေရတာကြောင့်..“ဘာလဲ လစာတွေ တိုးသွားလို့လားကွ”“ဟုတ်ပါတယ် ဆရာ”“လစာတိုးတာနဲ့ မင်းဆိုက္ကားခနဲ့ ဘာဆိုင်သလဲ”“ကျွန်တော် ထမင်းစားတယ်လေ ဆရာရဲ့”သူ့ရဲ့အဖြေက ပြီးပြည့်စုံနေတဲ့အဖြေ ဖြစ်နေတာကြောင့် အိတ်ထဲက တစ်ရာတန်တစ်ရွက်ကို ထပ်ထုတ်ပြီး ပေးလိုက်ရပါတယ်။ ဟုတ်ပါတယ် နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာငွေတွေကို ယခုလ ဧပြီ ၁ ရက်က စပြီး ခံစားခွင့်ပြုဖို့ လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ အဲဒီလို တိုးမြှင့်လိုက်တဲ့ လစာငွေတွေအရ အရပ်ဘက် ဝန်ထမ်းတွေအတွက် အနိမ့်ဆုံးလစာ ကျပ် ၇၅ဝဝဝ ကနေ ကျပ် ၁၂ဝဝဝဝ ထိ အမြင့်ဆုံးလစာ ကျပ် ၂၅ဝဝဝဝ ကနေ ကျပ် ၅ဝဝဝဝဝ အထိ တိုးမြင့်သွားပြီး စစ်ဘက်ဝန်ထမ်းတွေ အတွက်ကတော့ အနိမ့်ဆုံးလစာငွေကျပ် (၇၅ဝဝဝ) ကနေ အမြင့်ဆုံးလစာ ကျပ် ၁၂ဝဝဝဝ အထိနဲ့ အမြင့်ဆုံး လစာငွေကျပ် ၁၂ဝဝဝဝဝ ကနေ အမြင့်ဆုံး လစာငွေကျပ် ၃ဝဝဝဝဝဝ အထိ တိုးမြင့်သွားပါတယ်။ အဲဒီလို လစာငွေတွေကို အောက်ခြေဝန်ထမ်းတွေအတွက် မဖြစ်စလောက် တိုးပေးတာနဲ့ ပတ်သက်လို့ ပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က...“အရင်က အပိုထောက်ပံ့ကြေး သုံးသောင်းဆိုရင် ပင်စင်တွက်တဲ့ အထဲမှာ မပါဘူး။ အခုတိုးပေးလိုက်တဲ့ ပမာဏက ပင်စင်တွက်တဲ့ အထဲမှာ ပါပါတယ်။ ဒါ့ကြောင့် ဒီလိုတိုးတာက သင့်လျော်တယ်လို့ပဲ ပြောချင်ပါတယ်။ မတရားတိုးရင်လည်း ကုန်ဈေးနှုန်းတွေ ရှိတယ်။ တိုင်းပြည်ရဲ့ ငွေကြေးအခြေအနေကလည်း ရှိသေးတယ်” လို့ ပြောပါတယ်။ ကျွန်တော့်အိမ်နားက ဝန်ထမ်းငယ်တစ်ယောက်က “ပင်စင်ယူမယ့် အသက် ၆ဝ အထိ ထမင်းမစားဘဲ နေရမယ်နဲ့ တူတယ်” လို့ ပြောပါတယ်။ကုန်ဈေးနှုန်းတိုးမှာကြောက်လို့ နည်းနည်းပဲ တိုးရတာဆိုရင် အခုကုန်ဈေးနှုန်းတွေက ဘာဖြစ်လို့ တက်နေရတာလဲလို့ မေးရမှာပဲ ဖြစ်ပါတယ်။ လစာတိုးတိုင်း ကုန်ဈေးနှုန်းတွေက အပြိုင်လိုက်ပြီး တက်နေမယ်ဆိုရင် ဝန်ထမ်းမဟုတ်တဲ့ သူတွေနဲ့ အရပ်ဘက် စက်ရုံအလုပ်ရုံတွေက ဝန်ထမ်းတွေအတွက် စားဝတ်နေရေးက အခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရဦးမှာ အမှန်ပဲ ဖြစ်ပါတယ်။ ကုန်ဈေးနှုန်းကြီးမြင့်လို့ လစာငွေ တိုးတိုးပေးနေတာ မှန်ကန်တဲ့ အဖြေလားဆိုတာ စဉ်းစားစရာပါပဲ။ကျွန်တော် ထိုင်းမှာ ငါးနှစ်နေဖူးပါတယ်။ ထိုင်းပြည်သူတွေဟာ ကျွန်တော်တို့လို ကုန်ဈေးနှုန်းဒဏ်ကို မခံစားကြရပါဘူး။ အနိမ့်ဆုံးဝင်ငွေသာ ရရှိတဲ့ ထိုင်းပြည်သူ တစ်ယောက်ဟာ ထမင်းကို သောကကင်းကင်း စားနိုင်ပါတယ်။ စုနိုင်ဆောင်းနိုင် လူကြီးမိဘကို ပေးကမ်းထောက်ပံ့နိုင်ပါတယ်။ ဝင်ငွေနဲ့ ကုန်ဈေးနှုန်း လိုက်လျောညီထွေ ရှိလှပါတယ်။ ထိုင်းမှာ ဘတ် ၂ဝ ဆိုရင် ထမင်းတစ်နပ် စားလို့ရပါပြီ။ အစားနည်းတဲ့သူဆိုရင် (၁ဝ-၁၅) ဘတ်လောက်နဲ့ ထမင်းစားလို့ ရပါတယ်။ ငါးဘတ်ဖိုးဆိုရင် ဟင်းနှစ်တုံး သုံးတုံး ရပါတယ်။ကျွန်တော် ရှိနေစဉ်က အလုပ်သမား တစ်ယောက်ကို တစ်နေ့ ဘတ် ၁၆ဝ ပေးရမယ်လို့ အစိုးရက သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ထိုင်းအလုပ်ရှင်တွေဟာ မြန်မာအလုပ်သမားတွေကို ဘယ်တော့မှ ဘတ် ၁၆ဝ အပြည့် မပေးပါဘူး။ အများဆုံး ဘတ် ၁ဝဝ နဲ့ ပုံမှန်ဘတ် ၈ဝ သာ ပေးကြပါတယ်။ ဘတ် ၈ဝ ဆိုတာ ဘယ်လောက်မှရှိတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာငွေနဲ့တွက်ရင် တစ်နေ့လုံး အလုပ်လုပ်မှ ကျပ် ၂၄ဝဝ ပဲရတာပါ။ မြန်မာပြည်မှာဆိုရင် ဘယ်လိုလုပ် သုံးစွဲလို့ ရမှာလဲ။ ဒါပေမယ့် ထိုင်းမှာတော့ ဒီဘတ် ၈ဝ က သုံးမကုန်ပါဘူး။ ချွေတာစုဆောင်းမယ်ဆိုရင် ဘတ် ၃ဝ လောက် စုနိုင်ပါသေးတယ်။ အဲဒီလောက်ကို ကုန်ဈေးနှုန်းကို သူတို့ ထိန်းထားနိုင်ပါတယ်။ ဒါ့ကြောင့် အလုပ်ရှင်တွေက ဘယ်လောက်ပဲ ခေါင်းပုံဖြတ်တယ်ပြောပြော အလုပ်ချိန်နဲ့ လုပ်အားခ မမျှတဘူးပဲဆိုဆို ထိုင်းရဲက ဘယ်လိုဖမ်းဖမ်း မြန်မာတွေ ထိုင်းဘက်ကိုကူးပြီး အလုပ်လုပ်နေကြတာ နည်းရော့လား။ပြီးတော့ ထိုင်းမှာက မြန်မာပြည်မှာလို တစ်နေရာတစ်မျိုး တစ်ယောက်တစ်မျိုး ဖြစ်နေတဲ့ ပါးစပ်ဈေးနှုန်းတွေ မရှိပါဘူး။ ကြိုက်တဲ့နေရာသွား တစ်ဈေးတည်းပါပဲ။ ကွာသွားတာမျိုး မရှိပါဘူး။ ကျွန်တော်ရှိနေတုန်း ၂ဝ၁ဝ ကလားပါပဲ။ ထိုင်းမှာ ရေကြီးပါတယ်။ ဘန်ကောက်မှာဆိုရင် စက်ရုံအလုပ်ရုံတွေနဲ့ လေယာဉ်ကွင်းတွေပါမကျန် အားလုံး ရေမြုပ်ကုန်ပါတယ်။ ဒီတော့ အစိုးရ သူ့ရဲ့ ပြည်သူလူထုကို ကြေညာပါတယ်။ စက်ရုံ အလုပ်ရုံတွေ ပိတ်လိုက်ရတဲ့အတွက် ကုန်ဈေးနှုန်း အနည်းငယ် မြှင့်မယ်ဆိုတဲ့ အကြောင်းပါ။ မြှင့်မယ့်ဈေးနှုန်းကိုလည်း တစ်ခါတည်း ကြေညာပေးပါတယ်။ ဥပမာ မာမားတစ်ထုပ်ကို ငါးဘတ်ကနေ အခုခုနစ်ဘတ် ရောင်းချမယ် ဆိုတာမျိုးပေါ့။ အဲဒီ ရက်ပိုင်းတွေမှာ တကယ်ပဲ မာမားတစ်ထုပ်ဟာ ဘယ်ဆိုင်မှာသွားဝယ်ဝယ် ခုနစ်ဘတ် ပေးရတော့တာပါပဲ။ဟော နောက်သိပ်မကြာဘူး ရေတွေကျသွားပြီး စက်ရုံအလုပ်ရုံတွေ ပြန်ဖွင့်နိုင်ပါတယ်။ ဒီတော့လည်း စက်ရုံ အလုပ်ရုံတွေ ပြန်ဖွင့်နိုင်ပြီ ဖြစ်တဲ့အတွက် ရေကြီးချိန်က တင်ထားခဲ့တဲ့ ဈေးနှုန်းတွေကို ရေမကြီးခင်ကအတိုင်း ပြန်ချတော့မယ်လို့ ပြောတာပါပဲ။ ပြောတဲ့အတိုင်းလည်း ရေကြီးချိန်မှာ ခုနစ်ဘတ်ပေးပြီး ဝယ်ရတဲ့ မာမားခေါက်ဆွဲ တစ်ထုပ်ဟာ ငါးဘတ်သာ ပြန်ပေးရပါတော့တယ်။ ဘယ်နေရာ ဘယ်ဆိုင်မဆို ရေကြီးချိန်က ရောင်းတဲ့အတိုင်း ခုနစ်ဘတ်နဲ့ ဘယ်သူကမှ မရောင်းချတော့ပါဘူး။ ကျွန်တော်တို့ မြန်မာပြည်မှာတော့ တက်ပြီးတဲ့ဈေး ပြန်ကျရိုးထုံးစံ မရှိဘူး မဟုတ်လား။ အဲဒီလောက်ကို ထိုင်းအစိုးရဟာ သူ့ပြည်သူတွေအပေါ် သူပေးထားတဲ့ လစာငွေနဲ့ လိုက်လျောညီထွေရှိမယ့် ကုန်ဈေးနှုန်းကို ထိန်းပေးထားနိုင်ပါတယ်။ကုန်ဈေးနှုန်းအကြောင်းပြောတော့ လွန်ခဲ့တဲ့ နှစ်လသုံးလလောက်က မော်တော်ကားတွေ တင်သွင်းတာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတစ်ယောက်ပြောတဲ့ စကားကို သွားသတိရပါတယ်။ သူက ဘာပြောသလဲဆိုတော့ မြန်မာပြည်က မော်တော်ကားဈေးတွေက အရှေ့တောင်အာရှမှာ မော်တော်ကားဈေး အပေါဆုံးဆိုတဲ့ ထိုင်းထက်တောင်ပိုပြီး ဈေးပေါပါတယ်တဲ့လေ။ထိုင်းမှာက စက်ရုံထွက် Brand New ကားအသစ်တစ်စီး ဥပမာ Hilux ကို ဘတ်ခုနစ်သိန်းပဲ ပေးရပါတယ်။ မြန်မာပြည်မှာ အခုကားဈေးက အသုံးပြုပြီးသား ကားတစ်စီး ဥပမာ Probox ကို သိန်း ၈ဝ လောက် ပေးရပါတယ်။ ထိုင်းဘတ် ခုနစ်သိန်းပေးရတဲ့ ကားကို မြန်မာငွေလဲနှုန်းနဲ့ တွက်လိုက်တော့ တစ်စီးကို သိန်း ၂၁ဝ ကျသွားပါတယ်။ ဒီတော့ သူက ထိုင်းမှာက ကားတစ်စီးကို သိန်း ၂၁ဝ ပေးရပြီး မြန်မာပြည်မှာကတော့ သိန်း ၈ဝ ပဲ ပေးရတယ်လို့ အတည်ပေါက် လုပ်တာပါပဲ။ ထိုင်းမှာက သူ့နိုင်ငံသုံးငွေနဲ့ ထိုင်းပြည်သူတစ်ယောက်ဟာ ဘတ်ခုနစ်သိန်းပေးရုံနဲ့ Brand New ကားတစ်စီး စီးနိုင်တယ်။ ကျွန်တော်တို့နိုင်ငံမှာကတော့ ကျွန်တော်တို့သုံးတဲ့ငွေ ကျပ်ခုနစ်သိန်းနဲ့ ကားတစ်စီး စီးနိုင်ပါသလား။ ဘာ့ကြောင့် အဲဒီလောက်အထိ ဈေးနှုန်းတွေ ကွာခြားသွားရတာပါလဲ။ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ ကျွန်တော်တို့နိုင်ငံဟာ ဒေသတွင်းနိုင်ငံတွေအနက် ဆင်းရဲမှု အမြင့်ဆုံးနိုင်ငံ ဖြစ်နေတယ်လို့ သိရပါတယ်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကလည်း မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ အချိန်တိုအတွင်းမှာပဲ အကျဘက်ကို ဦးတည်လာနိုင်တဲ့ အလားအလာတွေ မြင့်တက်နေတယ်လို့ ဆိုပြန်ပါတယ်။ ဒါ့အပြင် ပို့ကုန်တန်ဖိုး ကျဆင်းလာတဲ့အတွက် ကျွန်တော်တို့နိုင်ငံရဲ့ ကုန်သွယ်မှု လိုငွေဟာလည်း ငါးဘီလျံအထိ ရှိလာနေတယ်လို့ ကြားရပါတယ်။ ပို့ကုန်ဝင်ငွေ ကျလာရင် ပြည်တွင်းက ငွေကြေးတန်ဖိုးတွေ ကျလာမယ်၊ ကုန်ဈေးနှုန်းတွေ မြင့်တက်လာပြီး ဝင်ငွေနည်းတဲ့သူတွေ စားဝတ်နေရေး အကျပ်အတည်း ဖြစ်လာမယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်နေကြပါတယ်။ကျွန်တော် မှတ်မိသလောက် ဒီမိုကရေစီကို သွားနေပါတယ်လို့ ပြောတဲ့ အခုအစိုးရ လက်ထက်မှာ အပိုထောက်ပံ့ကြေး တိုးပေးတာတစ်ကြိမ် အပါအဝင် စုစုပေါင်း လစာတိုးပေးနေတာ လေးကြိမ်ရှိပါပြီ။ လစာငွေ တစ်နှစ်တစ်ကြိမ် တိုးပေးနေတာ ဘယ်နိုင်ငံမှာမှ မရှိဘူးလို့ ထင်ပါတယ်။ ဒီလို တိုးပေးနေတာတွေဟာ ဝင်ငွေကောင်းလာလို့တော့ ဟုတ်ဟန်မတူပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ပို့ကုန်တွေ ထင်သလောက် မရှိဘူး မဟုတ်လား။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီးပွားရေးကော်မတီ (ဗဟို) ကတော့ အစိုးရ သစ်သက်တမ်းတစ်လျှောက် ဘတ်ဂျက်လိုငွေ ဘီလျံ ၁ဝဝဝဝ ကျော်ရှိတာကို လိုငွေရဲ့ ရာခိုင်နှုန်း ၄ဝ လောက်ကို ငွေစက္ကူရိုက်ထုတ်ခြင်းနဲ့ ဖြေရှင်းနေတယ်လို့ ပြောပါတယ်။ကျွန်တော်တို့ ပြည်သူတွေကတော့ အဲဒီလို ပညာရှင်စကားတွေကို နားမလည်ကြပါဘူး။ လစာတိုးပေးတာကို နိုင်ငံ့ဝန်ထမ်းတွေ အနေနဲ့ ဝမ်းသာကောင်း ဝမ်းသာကြမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ပြည်သူတွေ အမှန်တကယ် မျှော်လင့်နေကြတာက လစာတိုးပေးတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ ရရှိနေတဲ့ ဝင်ငွေကလေးတွေကို နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ တန်ဖိုးရှိ ခိုင်မာစေချင်ကြတာပါ။ ပြီးတော့ ကျန်းမာရေး၊ ပညာရေးနဲ့ စားဝတ်နေရေးကို ရရှိတဲ့ ဝင်ငွေကလေးနဲ့ သောကကင်းကင်း ကျော်ဖြတ်ဖြေရှင်းသွားနိုင်ရေးပဲ ဖြစ်ပါတယ်။ လစာတိုးပေးလိုက်၊ ကုန်ဈေးနှုန်းက တက်သွားလိုက်၊ ကုန်ဈေးနှုန်းတက်သွားလိုက်၊ လစာတိုးပေးလိုက်နဲ့ ဂျာအေး သူ့အမေရိုက်ဖြစ်ပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်သွားကြရမယ့် အခြေအနေမျိုး မဖြစ်ချင် မရောက်ချင်ကြတာပါပဲ။