မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ၂၀၁၄-၂၁၅ ဘဏ္ဍာနှစ်က ဒေါ်လာ လေးဘီလျံ လျာထားသော်လည်း အမှန်ခွင့်ပြုခဲ့သည့် ပမာဏမှာ ရှစ်ဘီလျံအထိ ရှိခဲ့

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ၂၀၁၄-၂၁၅ ဘဏ္ဍာနှစ်က ဒေါ်လာ လေးဘီလျံ လျာထားသော်လည်း အမှန်ခွင့်ပြုခဲ့သည့် ပမာဏမှာ ရှစ်ဘီလျံအထိ ရှိခဲ့
Published 7 April 2015
နီလာ

မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွင်း ဒေါ်လာလေးဘီလျံ ရရှိရန် လျာထားခဲ့သော်လည်း အမှန်ခွင့်ပြုခဲ့သည့်ပမာဏမှာ ရှစ်ဘီလျံအထိ ရရှိခဲ့ကြောင်း  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ထုတ်ပြန်ချက်အရ သိရသည်။
 
၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွင်း ဒေါ်လာခြောက်ဘီလျံ ရရှိရန်လျာထားကြောင်းလည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)၏ ထုတ်ပြန်ချက်အရ သိရသည်။
 
မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်၌ လျာထားချက် ဒေါ်လာ တစ်ဘီလျံရှိခဲ့ရာ အမှန်ခွင့်ပြုပမာဏ ဒေါ်လာ ၃ ဒသမ ၄ ဘီလျံ ကျော်၊  ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ သုံးဘီလျံရရှိရန် လျာထားခဲ့ရာ အမှန်ခွင့်ပြုပမာဏ ၄ ဒသမ ၁ ဘီလျံကျော် ရရှိခဲ့ကြောင်း၊၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ လေးဘီလျံ လျာထားခဲ့ရာ အမှန်ခွင့်ပြုပမာဏမှာ ဒေါ်လာ ရှစ်ဘီလျံကျော် ရရှိခဲ့ကြောင်း  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။ 
 
အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ၏ အိမ်ရာအဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပြီး ယင်းသို့ ဝင်ရောက်ရာတွင် စင်ကာပူနှင့် ဟောင်ကောင်တို့မှ အများဆုံးဝင်ရောက်လာသော နိုင်ငံများဖြစ်နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရရှိသောသတင်းများအရ သိရသည်။
 
“အဓိကက ဟိုတယ်နဲ့ပတ်သက်တဲ့ Investment တွေ အများအပြား ဝင်လာတယ်။ နောက်တစ်ခုက Real Estate နဲ့ ပတ်သက်တဲ့  Investment  တွေ များများဝင်လာတယ်။ မြန်မာနိုင်ငံမှာ အခုနောက်ပိုင်း အိမ်ရာအဆောက်အအုံကဏ္ဍမှာ အဓိကဝင်လာတဲ့နိုင်ငံတွေကတော့ စင်ကာပူနဲ့ ဟောင်ကောင်တို့ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။
 
 သုံးနှစ်အတွင်း မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကို သုံးသပ်ကြည့်ပါက လျှပ်စစ်ဓာတ်အားပေးကဏ္ဍမှာ ထိပ်ဆုံးရပ်တည်နေကြောင်း၊ ဒုတိယအနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍဖြစ်ကြောင်း၊ တတိယအနေဖြင့် တယ်လီကွန်းကဏ္ဍဖြစ်ကြောင်း  သိရသည်။
 
“အရင်က ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေမှာ မရှိပါဘူး။ အခုတော့  လျှပ်စစ်ကဏ္ဍပြီးရင် ကုန်ထုတ်လုပ်မှုကဏ္ဍက နံပါတ်နှစ်နေရာမှာ ရှိလာတယ်။ အဓိကအားဖြင့် နိုင်ငံသားတွေ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မယ့် အထည်ချုပ်လို လုပ်ငန်းမျိုးတွေ  Electronic ပစ္စည်းတပ်ဆင်တဲ့လုပ်ငန်းတွေ ကျန်တဲ့ လုပ်သားအင်အား အများအပြားသုံးရတဲ့ Labour Intensive Industry ကို အများအပြား ဖိတ်ခေါ်နိုင်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။ တတိယက Telecom ပါ။ Infrastructures ဆောက်မယ့် တာဝါတိုင် ထောင်မယ့် ကုမ္ပဏီတွေ ဝင်လာတယ်။ တယ်လီကွန်းဆိုတာ ၂ဝ၁၁ မတိုင်ခင်က နောက်ဆုံးကပဲရှိနေပြီး နည်းနည်းလေးပဲရှိတာပါ”ဟု ၎င်းက ဆိုသည်။
 

Most Read

Most Recent