တိုးမြှင့်ဝန်ထမ်းလစာနှင့် ပြည်သူ့ဝန်ထမ်းကောင်းများ

တိုးမြှင့်ဝန်ထမ်းလစာနှင့် ပြည်သူ့ဝန်ထမ်းကောင်းများ
Published 2 April 2015
သစ်ထွဋ်

ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံဝန်ထမ်းများအတွက် တိုးမြှင့်မယ့် လစာနှုန်းထားများနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့ရဲ့ တင်ပြမှုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုမှတ်တမ်း တင်လိုက်ပြီဖြစ်ပါတယ်။
မတ် ၂၆ ရက်ကကျင်းပတဲ့ ပြည်ထောင် စုလွှတ်တော်မှာ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးဦးဝင်းရှိန်က တိုးမြှင့်မယ့် လစာနှုန်းထားများကို လာရောက်တင်ပြခဲ့ခြင်းဖြစ်ပြီး အတည်ပြုလိုက်တဲ့ နှုန်းထားများအရ အနိမ့်ဆုံးဝန်ထမ်းမှာ အသားတင်လစာ ကျပ် ၁၅ဝဝဝ တိုးပြီး တပ်မတော်ရဲ့အမြင့်ဆုံး ရာထူးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမှာ လက်ရှိ လစာ ကျပ် ၁၂ သိန်းမှ ကျပ်သိန်း ၃ဝ အထိ တိုးမြှင့်ရရှိမှာဖြစ်ပါတယ်။ ယခုတိုးမြှင့်လိုက် တဲ့နှုန်းထားများအရ အနိမ့်ဆုံးလစာနှုန်းထား ရှိသူဟာ အရပ်ဘက်ဝန်ထမ်းအတွက် ကျပ် ၄၅ဝဝဝ ကို တိုးမြှင့်ရရှိမှာဖြစ်ပေမယ့် ယခင် ရရှိနေတဲ့ အပိုထောက်ပံ့ကြေး ကျပ် ၃ဝဝဝဝ ကို ပယ်ဖျက်လိုက်တာကြောင့် လက်ရှိလစာ ထက် ကျပ် ၁၅ဝဝဝ သာတိုးမြှင့်ရရှိမှာဖြစ်ပါတယ်။ တိုးမြှင့်မယ့်နှုန်းထားများအရ အရပ်သားဝန်ထမ်းဖွဲ့စည်းပုံရဲ့ အမြင့်ဆုံးရာထူး ဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ်ရဲ့ တိုးမြှင့်ရရှိမယ့် လစာငါးသိန်းကျပ်ဟာ တပ်မတော်မှ ဗိုလ်မှူးကြီးအဆင့် လစာနဲ့တူညီသွားခဲ့တာ ဖြစ်ပါတယ်။ ယခုတိုးမြှင့်နှုန်းထားများအရ အခြားအရပ်ဘက်၊ တပ်ဘက်လစာများဟာလည်း အသီးသီးတိုးမြှင့်ခဲ့ပြီး လစာနှုန်းထားမြင့်သူ အဆင့်ဆင့်အလိုက် လစာတိုးနှုန်းများလည်း မြင့်တက်ခဲ့ကြရာမှာ အောက်ခြေဝန်ထမ်းများထက် အထက်အဆင့်ဝန်ထမ်းများက လစာတိုးမြှင့်မှုနှုန်းထား ပိုမြင့်သွားခဲ့တာ  တွေ့ရပါတယ်။ အငြိမ်းစားဝန်ထမ်းများရဲ့ ပင်စင်လစာနဲ့ပတ်သက်တဲ့ ခွင့်ပြုပေးနိုင်မယ့်နှုန်းထား သတ်မှတ်ချက်နဲ့ ဒေသစရိတ်ခံစား ခွင့်များနဲ့ပတ်သက်ပြီး စိစစ်သုံးသပ်မှုများပြုလုပ်ပြီး သီးခြားထုတ်ပြန် သွားမှာဖြစ်တယ်လို့ ဦးဝင်းရှိန်ရဲ့တင်ပြချက်မှာ ပါဝင်ခဲ့တာကြောင့် ပင်စင်လစာတိုးနှုန်းတွေကတော့ လက်ရှိမှာ ထွက်ရှိမလာသေးပါဘူး။
ရွေးကောက်ပွဲကျင်းပဖို့ လပိုင်းအလို
လာမယ့်ရွေးကောက်ပွဲများ ကျင်းပဖို့ လပိုင်းအလိုမှာ ယခုလိုနိုင်ငံ့ဝန်ထမ်းလစာ တိုးမြှင့်ပေးလိုက်ခြင်းဖြစ်ပြီး လက်ရှိအစိုးရလက်ထက် ပမာဏအများဆုံး တိုးမြှင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ခြင်းနဲ့ ပတ်သက်ပြီး ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က လစာတိုးမြှင့်ပေးရာမှာ လစာကွာခြားချက် ပမာဏ၊ ဝန်ထမ်းအင်အား၊ ဒေသစရိတ်၊ ပင်စင် စတဲ့ဆက်စပ်ကိစ္စများအတွက် ထည့်သွင်းစဉ်းစားပြီး တိုးမြှင့်ပေးခဲ့ခြင်းဖြစ်တယ်လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ အောက်ခြေဝန်ထမ်းများ လစာနှုန်းတိုးမြှင့်တဲ့ ပမာဏနည်းပါးရခြင်းမှာ နိုင်ငံတော်ရဲ့အနေအထားမှာ လိုငွေပြနေခြင်း၊ ငွေကြေးဖောင်းပွခြင်း၊ ကုန်ဈေးနှုန်းများ မတက်စေဖို့အတွက် ဘက်စုံမှစဉ်းစားတွက် ချက်ခဲ့ရခြင်းကြောင့်ဖြစ်တယ်လို့ ဦးဝင်းရှိန်က ဆိုခဲ့ပါတယ်။ အစိုးရအသုံးစရိတ် လျှော့ချကာ ဝင်ငွေရဖွေရခြင်းဟာ ခက်ခဲတဲ့ကိစ္စဖြစ်ပြီး ယခုတိုးမြှင့်ပေးခဲ့တဲ့ ပမာဏကိုလည်း  နောင်အစိုးရများတွင်ပါ ဆက်လက်ပေးနိုင်ဖို့ပါ ထည့်သွင်းတွက်ချက်ထားကြောင်း ဘဏ္ဍာရေးဝန်ကြီးက သတင်းထောက်များကို ပြောကြားခဲ့တယ်လို့ မီဒီယာတွေမှာ ပါရှိခဲ့ပါတယ်။ လက်ရှိစားဝတ်နေရေး ကုန်ကျစရိတ်များအရ နိုင်ငံ့ဝန်ထမ်းလစာများရဲ့ တိုးမြှင့်ပေးခြင်းမှာ ဖြစ်သင့်တဲ့ ကိစ္စရပ်ဖြစ်သော်လည်း ငွေကြေးဖောင်းပွခြင်းနဲ့အတူ ကုန်ဈေးနှုန်းတက်လာမှာကို အများပြည်သူတွေက စိုးရိမ်မှုတွေ ရှိနေခဲ့တာဖြစ်ပါတယ်။ အမှန်တကယ်လည်း ဝန်ထမ်းအများစုရဲ့ လက်ရှိရနေကြတဲ့ လစာနှုန်းထားတွေဟာ ယနေ့ စားဝတ်နေရေးစရိတ်နဲ့ ပြန်တွက်ကြည့်ရင် ဘယ်လိုမှ လောက်ငမှုမရှိနိုင်ဘဲ လစာတွေကိုတိုးပေးဖို့ လိုအပ်နေတယ်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရား တစ်ခုဖြစ်ပေမယ့် တစ်ဖက်မှာလည်း အရင်တုန်းက လစာတိုးခဲ့တဲ့ အခြေအနေတွေကိုပြန်ကြည့်ရင် ကုန်ဈးနှုန်းတွေ မတက်ခဲ့ပါဘူးလို့ ယတိပြတ် ငြင်းလို့မရတဲ့ အခြေအနေ ဖြစ်ပါတယ်။
အလွဲသုံးသူများ
တကယ်တော့ ဝန်ထမ်းတွေရဲ့လစာကို တိုးပေးတယ်ဆိုတာ လက်ရှိအခြေအနေအရ လုပ်ကိုလုပ်ပေးသင့်တဲ့ ကိစ္စရပ်ပဲဖြစ်ပါတယ်။ အဓိက အရေးကြီးတာက လစာတွေတိုးလာသလို ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်များဟာလည်း တိုးတက်လာဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် လစာနှုန်းထားတွေ အများကြီး တိုးမြှင့်ရရှိလာကြမယ့် အဆင့်မြင့်အရာရှိတွေဟာ ရရှိလာမယ့် လစာခံစားခွင့်နဲ့လျော်ညီတဲ့ ပြည်သူ့ဝန်ကို တကယ်ထမ်းရွက်တဲ့ ပြည်သူ့ဝန်ထမ်းတွေဖြစ်ဖို့ လိုအပ်ပါတယ်။ လစာတိုးတဲ့ ပမာဏနည်းပါးခဲ့တဲ့ အောက်ခြေဝန်ထမ်းတွေထက် အထက်အဆင့် အရာရှိတွေဟာ တာဝန်ယူတဲ့၊ တာဝန်ခံတဲ့ စိတ်ထားတွေ မွေးဖို့လိုပါတယ်။ တကယ်တော့  အောက်ခြေ ဝန်ထမ်းတွေနဲ့ အရာရှိကြီးတွေဟာ ခံစားခွင့် ကွာဟသလို လုပ်ပိုင်ခွင့်ရထားတဲ့ အနေအထားကွာဟပါတယ်။ ဒီလို ကွာခြားချက်နဲ့စပ်လျဉ်းပြီး လွှတ်တော်ကို တင်သွင်းခဲ့တဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ပေးပို့တဲ့ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ် နိုင်ငံတော်၏ အရအသုံး စာရင်းများအပေါ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း လွှတ်တော်မှာ ဆွေးနွေးကြတဲ့အခါ နိုင်ငံဝန်ထမ်းတွေရဲ့ အလွဲသုံးစားပြုလုပ်သူတွေမှာ အောက်ခြေဝန်ထမ်း အနည်းငယ်သာ တွေ့ရပြီး ရာထူးအဆင့်မြင့်တွေ အများကြီး ပါဝင်နေတယ်လို့ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဝင် ဒေါ်တင်နွယ်ဦးက ဆွေးနွေးခဲ့ပါတယ်။ ဌာနအချို့မှာဆိုရင် ညွှန်ကြားရေးမှူး များသာမက ညွှန်ကြားရေးမှူးချုပ်များ အဆင့်အထိ ပါဝင်နေတယ်လို့ ဒေါ်တင်နွယ်ဦးက ဆွေးနွေးခဲ့ပြီး အစိုးရရဲ့ဘတ်ဂျက်များကို စာရင်းစစ်က စစ်ဆေးတဲ့အခါမှာလည်း အဓိကကျသော မှားယွင်းမှုများကို တွေ့ရှိရပြီး မှားယွင်းမှုများဟာ လူကြောင့် မှားယွင်းမှုများသာဖြစ်ကြောင်း တွေ့ရှိခဲ့ရ တယ်လို့ သူ့ရဲ့ဆွေးနွေးချက်မှာ ပါဝင်ခဲ့ပါ တယ်။
မိုးကျရွှေကိုယ်
တကယ်တော့လည်း ဝန်ထမ်းတွေမှာ လုပ်ကိုင်ခွင့်ကို ကိုင်ထားနိုင်သူများနဲ့ လုပ်ပိုင်ခွင့် အနည်းငယ်သာရှိပြီး တစ်နေ့တစ်နေ့ လက်ဖက်ရည်ဖိုးလောက်သာ အောက်ဆိုဒ်ရဖို့ မျှော်နေရသူများကြားမှာတော့ အလွဲသုံးစားမှု ပြုခဲ့ကြဦးတော့ ပမာဏက ကွာခြားမယ်ဆိုတာ အလွယ်တကူသိနိုင်တဲ့ အရာဖြစ်ပါတယ်။ အခုလို လစာနှုန်းထားတွေ တိုးမြှင့်လိုက်ချိန်မှာတော့ အရည်အသွေးပြည့်မီတဲ့ ဝန်ထမ်းတွေ မဟုတ်ဘဲ လုပ်ငန်းမကျွမ်းကျင်တဲ့ မိုးကျရွှေကိုယ်တွေ၊ ရေသာခိုဝန်ထမ်းတွေသာ များနေမယ်ဆိုရင်တော့ လစာတွေဘယ်လောက် တိုးပေးပေး ပြည်သူတွေ အကျိုးအတွက် ဆောင်ရွက်ပေးနိုင်မယ့် ပြည်သူ့ဝန်ထမ်း စစ်စစ်တွေကို ပြည်သူတွေ မရနိုင်ပါဘူး။ ဝန်ထမ်းတွေကို လစာတိုးပေးခြင်းအပြင် အခြားလုပ်ပေးသင့်တာက ရာထူးတိုးမြှင့်ပေးရာမှာလည်း တကယ်သင့်တော် ထိုက်သင့်တဲ့သူတွေကို ရာထူးပေးနိုင်ဖို့ လိုအပ်ပါတယ်။ အခုလို အောက်ခြေနဲ့ အထက်အဆင့် လစာနှုန်းထားတွေ ကွာခြားသွားချိန်မှာ ရာထူးတိုးပေးခြင်းကိစ္စရပ်တွေ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးဖို့ အရေးကြီးလှပါတယ်။ တကယ်လုပ်ငန်းကျွမ်းကျင်ပြီး လုပ်ငန်းဆောင်တာတွေကို နိုင်နိုင်နင်းနင်း လုပ်ကိုင်သူတွေကို နေရာပေးဖို့ လိုပါတယ်။ ရာထူးတိုးမြှင့်ပေးရာမှာ ကိုယ်နဲ့ လက်သင့်ရာ စားတော်ခေါ်တဲ့ အမူအကျင့်တွေနဲ့ အလွဲသုံးစားမှုတွေ မရှိအောင်လုပ်ဖို့ အစီအမံတွေ လိုသလို လုပ်ပိုင်ခွင့်ကို အလွဲသုံးစား လုပ်တဲ့သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူဖို့ လိုပါတယ်။
တကယ်တော့ နိုင်ငံတော်က ပေးအပ်ထားတဲ့ လစာခံစားခွင့်ဆိုတာ နိုင်ငံတော်ရဲ့ဘဏ္ဍာ တစ်နည်းအားဖြင့် ပြည်သူလူထုရဲ့ ဘဏ္ဍာတွေနဲ့ ပေးအပ်ထားရတာ ဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ မျက်နှာမပျက်ရအောင် အထက်ကစပြီး အောက်ခြေဝန်ထမ်းများအထိ ပြည်သူ့ဝန်ထမ်းစစ်စစ် ဖြစ်အောင် ဆောင်ရွက်ပေးကြဖို့ လိုအပ်ပါတယ်။ ဒါမှသာ ပြည်သူ့အပေါ် တာဝန်ခံတဲ့၊ ပြည်သူအပေါ် တာဝန်ယူတဲ့ ပြည်သူ့ဝန်ထမ်းကောင်းများ ဖြစ်လာမှာ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။