အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးက အမျိုးသားလွှတ်တော်၌ ဆက်လက်ဆွေးနွေး

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးက အမျိုးသားလွှတ်တော်၌ ဆက်လက်ဆွေးနွေး
Published 25 March 2015
စိုးမင်းထိုက်

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် မတ် ၂၅ ရက်က အမျိုးသားလွှတ်တော် အစည်းအဝေး၌ တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အင်န်ဒီအက်ဖ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးတို့ ဆွေးနွေးခဲ့ကြသည်။တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးအောင်ကျော်ဇောက “နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေးအားနည်းခြင်းဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို နောက်ကျကျန်စေတဲ့အတွက် နိုင်ငံတိုင်းဟာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေကြပါတယ်။ ကျွန်တော်တို့နိုင်ငံ အနေနဲ့လည်း ပညာရေးမြှင့်တင်မှု လုပ်ငန်းတွေနဲ့ အမျိုးသားပညာရေး ဥပဒေကို ကျောင်းသူကျောင်းသားတွေနဲ့ ပြည်သူတွေက စိတ်ဝင်တစား ဆွေးနွေးကြတာ အားရစရာ ကောင်းပါတယ်” ဟု ဆွေးနွေးသည်။ထို့ပြင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးရန်အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါကြောင်း၊ ပညာရေးအသုံးစရိတ်ကို နှစ်စဉ်တိုးမြှင့် သုံးစွဲသင့်ကြောင်း၊ တစ်နိုင်ငံလုံး အသုံးစရိတ်၏ ရာခိုင်နှုန်း မည်မျှဖြစ်ရမည်ဟု အမျိုးသားပညာရေး ဥပဒေတွင် ပုံသေထည့်သွင်းပါက လက်တွေ့အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်၏ လိုအပ်ချက်အရ ဘဏ္ဍာငွေကို လိုတိုးပိုလျှော့ ဆောင်ရွက်ရန်အတွက် အခက်အခဲ အကန့်အသတ် ဖြစ်နိုင်ကြောင်း၊ ထို့အတွက် တစ်နိုင်ငံလုံး အသုံးစရိတ်၏ သင့်လျော်သည့် ရာခိုင်နှုန်းအထိ နှစ်စဉ်တိုးမြှင့် သုံးစွဲရန်ဟု ထည့်သွင်းပြဋ္ဌာန်းသင့်ကြောင်း တပ်မတော်သား ကိုယ်စားလှယ်က ဆွေးနွေးသည်။    ဦးဖုန်းမြင့်အောင်က “ဒီဥပဒေက ကိုလိုနီခေတ်က ဥပဒေကို ဆွေးနွေးနေတာ မဟုတ်ပါဘူး။ လွှတ်တော်မှာ အတည်ပြုပြီးသား ဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ ဆွေးနွေးနေတာပါ။ ဒီဥပဒေပြင်ဆင်ဖို့ အကြံပြုတဲ့သူကလည်း ပြင်ပအဖွဲ့အစည်းဖြစ်တဲ့ ကျောင်းသားသမဂ္ဂ ဖြစ်ပါတယ်။ ဒါကို အစိုးရအဖွဲ့က တင်သွင်းတဲ့ အခါမှာလည်း ဘာမှဖြည့်စွက်ခြင်း မရှိဘဲ တင်သွင်းလာတာ တွေ့ရပါတယ်။ အရင်တုန်းက ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုဟာ အစိုးရကို ဆန့်ကျင်ဖို့ လှုပ်ရှားခဲ့ကြတာပါ။ ခေတ်အဆက်ဆက် ဖွဲ့စည်းခဲ့တဲ့ ကျောင်းသားသမဂ္ဂတွေဟာ ဖွဲ့စည်းပုံ သတ်သတ်မှတ်မှတ် မရှိခဲ့ပါဘူး။ အခု ၂၀၁၄ ခုနှစ်မှာ ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုတွေ တွေ့လာရပါတယ်။ ဒီအဖွဲ့ရဲ့ ရည်ရွယ်ချက်က ကျန်တဲ့အဖွဲ့အစည်းတွေနဲ့ ကွာသွားပါပြီ။ အရင်က ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုတွေက အစိုးရ ပြုတ်ကျရေးကို ဦးတည်တာပါ။ လက်ရှိ ပေါ်နေတဲ့ ကျောင်းသားသမဂ္ဂကတော့ ပညာရေးလောကရဲ့ ဦးဆောင်မှုအပိုင်း၊ ဘတ်ဂျက်အပိုင်းတွေမှာ ပါဝင်ဖို့ ဖြစ်ပါတယ်။ တော်လှန်ရေး ကာလတုန်းကတော့ ဖွဲ့စည်းပုံမလိုပါဘူး။ ဘတ်ဂျက်အပိုင်းတွေ၊ စီမံခန့်ခွဲမှု အပိုင်းတွေ ပါလာပြီဆိုတော့ သမဂ္ဂတွေရဲ့ ဖွဲ့စည်းပုံတွေက မရှိမဖြစ် လိုအပ်လာပါပြီ။ လက်ရှိအချိန်မှာတော့ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပုံက မရှိသေးပါဘူး။ အခုပြင်ဆင်တဲ့ ဥပဒေကြမ်းမှာလည်း ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ တက္ကသိုလ်ရဲ့ ပဋိညာဉ်နဲ့ ဖွဲ့စည်းရမယ်လို့ ပါပါတယ်။ ဒီပဋိညာဉ်ကို ဘယ်သူက ဆွဲမှာလဲ။ ဆွဲတဲ့အခါမှာ ကျောင်းသားတွေ ပါမှာလား။ ဆွဲတာကို ကျောင်းသားတွေက လက်ခံမှာလား။ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ လွတ်လပ်ရေးအတွက် လှုပ်ရှားရာမှာ ကျောင်းသားသမဂ္ဂက တပ်မတော်ထက် စောပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ တပ်မတော်ကို ပစ်ပယ်လို့ မရဘူးဆိုရင် ကျောင်းသားသမဂ္ဂကိုလည်း ပစ်ပယ်လို့ မရပါဘူး။ ကျောင်းသားသမဂ္ဂမှာ လှုပ်ရှားမှသာ  အတွေ့အကြုံတွေရရှိမှာ ဖြစ်ပါတယ်။ ကျောင်းသားနဲ့ ပတ်သက်တာတွေ လုပ်ကိုင်ရမှာပါ။ ဒါပေမဲ့ အစိုးရနဲ့ ပတ်သက်တဲ့ အုပ်ချုပ်ရေးတို့၊ ဆရာခန့်ထားရေး ကိစ္စတွေကတော့ မိဘများသမဂ္ဂက လုပ်ကိုင်ရမှာပါ။ ဆရာများသမဂ္ဂကတော့ မလိုအပ်ပါဘူး။ ကျောင်းသားသမဂ္ဂရဲ့ ဖွဲ့စည်းပုံက လိုပါတယ်။ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပုံ မရှိဘဲနဲ့ ဒီဥပဒေပြင်ဆင်ချက်က လုပ်လို့မရပါဘူး။ လက်ရှိ ဥပဒေကလည်း အတည်ပြုပြဋ္ဌာန်းတာ မကြာသေးပါဘူး။ လိုအပ်တဲ့ ဖွဲ့စည်းပုံစည်းမျဉ်းတွေ ရေးဆွဲပြဋ္ဌာန်းပြီးမှသာ ဒီဥပဒေကို လိုအပ်သလို ရေးဆွဲရမှာ ဖြစ်ပါတယ်။ ကျောင်းသားသမဂ္ဂ မရှိဘဲနဲ့ ဒီဥပဒေမှာ ထည့်မယ်ဆိုရင် ကျောင်းသားသမဂ္ဂတော့ မရှိဘူး။ ဥပဒေတော့ ရှိနေတယ်ဆိုရင် ဖအေထက်သား တစ်လကြီးသလို ဖြစ်နေပါလိမ့်မယ်။ ကျောင်းသားသမဂ္ဂအတွက် လိုအပ်တဲ့ ဥပဒေ စောင့်ရမှာ ဖြစ်တဲ့အတွက် ဒီဥပဒေကြမ်းကြီး တစ်ခုလုံးကို လွှတ်တော်က ပယ်ဖျက်ပေးဖို့ အဆိုတင်သွင်း အပ်ပါတယ်” ဟု ဆွေးနွေးသည်။ရခိုင်အမျိုးသားပါတီမှ ဦးအုန်းတင်က “မြန်မာဘာသာစကားကို တစ်ပြည်လုံးတွင် သင်ကြားရေး ဘာသာအဖြစ် အသုံးပြုရမည်။ အင်္ဂလိပ် ဘာသာစကားကို မူလတန်းကျောင်း သူငယ်တန်းမှစကာ သင်ကြားရမည်။ မိခင်တိုင်းရင်းသား ဘာသာစကားကို ကျောင်းချိန်ပြင်ပတွင် သင်ကြားပို့ချရန် သက်ဆိုင်ရာ အစိုးရက စီစဉ်ဆောင်ရွက်ရမည်” ဟု ပြင်ဆင်လိုကြောင်း ဆွေးနွေးသည်။ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက “ဒီဥပဒေကြမ်းကို ဆွေးနွေးသူ ၁၅ ယောက်မှာ ၁၄ ယောက် ဆွေးနွေးခဲ့တယ်။ မဲခွဲဆုံးဖြတ်တာတွေလည်း ပါကောင်းပါလာနိုင်တယ်။ ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက်နဲ့ တူချင်မှ တူနိုင်မယ်။ မတူချင်လည်း မတူဘူး။ လွှတ်တော်ကိုယ်စားလှယ် အချင်းချင်းမှာ တစ်ဦးချင်း ဆွေးနွေးတာလည်း မတူဘူး။ မနက်ဖြန် မဲခွဲတဲ့ပုံစံကို လွှတ်တော်သမိုင်းမှာ ထူးထူးခြားခြားလေး ဖြစ်နိုင်တယ်။ ဖြစ်နိုင်တယ်ဆိုတာက ပထမတစ်ယောက်နဲ့ ဒုတိယတစ်ယောက်နဲ့ အရင်မဲခွဲပြီးတော့မှ ဘယ်သူ အဆိုနိုင်မလဲပေါ့။ အဲဒီ အဆိုတွေကမှ ဘယ်အဆိုက နိုင်မလဲ။ အဲဒီအဆိုနဲ့ နောက်ထပ်တစ်ယောက်နဲ့ ထပ်ပြီးတော့ခွဲ အဲဒီလို သဘောတရားမျိုးတွေလည်း ဖြစ်နိုင်တယ်။ ဘာကိုပြောချင်တာလည်း ဆိုတာက တော်တော့ကို ဒီမိုကရေစီကျစွာ ဆောင်ရွက်ထားတာ၊ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ကိုယ့်အမြင်နဲ့ကိုယ် တပ်မတော်သား ကိုယ်စားလှယ်တွေကလည်း ကိုယ်အမြင်နဲ့ကိုယ် တင်ပြတယ်။ ဥပဒေကြမ်းကော်မတီရဲ့ ပြင်ဆင်ချက်တွေနဲ့ တူညီတာလည်း ရှိတယ်။ မတူတာလည်း ရှိတယ်၊ မတူညီရင်တော့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူရမှာပဲ” ဟု ပြောကြားသည်။

Most Read

Most Recent