စံပြတပ်ရင်း အစည်းအဝေးပွဲနှင့် ဖက်ဆစ်တော်လှန်ရေး

စံပြတပ်ရင်း အစည်းအဝေးပွဲနှင့် ဖက်ဆစ်တော်လှန်ရေး
Published 25 March 2015
ဒေါက်တာ ရန်မျိုးသိမ်း

မြန်မာ့သမိုင်းတွင် ဖက်ဆစ်ဆန့်ကျင် ရေးတိုက်ပွဲကို တပ်လှန့်နှိုးဆော်ခဲ့သည့် ဖက်ဆစ်ဂျပန် လူရိုင်းများကို မောင်းထုတ်ကြလော့ စာတမ်းနှင့် စံပြတပ်ရင်း အစည်းအဝေးပွဲတို့သည် ဖက်ဆစ်တော်လှန်ရေး၏ နိဒါန်းအစ ဖြစ်သည်။ ပဲခူးမြို့ စံပြတပ်ရင်းသည်လည်း ဖက်ဆစ်တော်လှန်ရေး၏ ဘူမိနက်သန် နေရာမှန်ဖြစ်သည်။ စံပြတပ်ရင်း အစည်းအဝေးပွဲအလွန် ကာလတွင် လွတ်လပ်ရေးတိုက်ပွဲ၏ အရေးပါသော အချိုးအကွေ့ တစ်ခုဖြစ်သည့် ဖက်ဆစ်တော်လှန်ရေးကို ဗမာ့တပ်မတော်၊ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံ ပါတီတို့သည် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးအား ဦးဆောင်လျက် ဆင်နွှဲခဲ့သည်။
လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို အလှည့်အပြောင်း ဖြစ်စေခဲ့သည့် ဖက်ဆစ်တော်လှန်ရေးတွင် စံပြတပ်ရင်း အစည်းအဝေးပွဲသည် သော့ချက်အခင်းအကျင်းပင် ဖြစ်သည်။ သခင်စိုး၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်သန်းထွန်းတို့သည် ၁၉၄၄ ခုနှစ် ဩဂုတ်လ ၄ ရက်မှ ၇ ရက်အထိ၊ ပဲခူးမြို့၊ ဗမာ့ကာကွယ်ရေးတပ်မတော်၊ စံပြတပ်ရင်း၊ တပ်ရင်းမှူး ဗိုလ်ကျော်ဇော၏ အိမ်တွင် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ လျှို့ဝှက်တွေ့ဆုံဆွေးနွေးပြီး၊ ဖက်ဆစ်တော်လှန်ရေး စတင်ရန် သဘောတူ၊ ဆုံးဖြတ်ခဲ့ကြသည်။ သမိုင်းအထောက်အထားများအရ အဆိုပါအစည်းအဝေးတွင် သခင်စိုး၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်သန်းထွန်းတို့မှလွဲ၍ သခင်ဗဟိန်း၊ ဗမာ့တပ်မတော် ခေါင်းဆောင်အချို့နှင့် ဗမာပြည်ကွန် မြူနစ်ပါတီ ခေါင်းဆောင်အချို့ တက်ရောက်ခဲ့ခြင်းမရှိပေ။ ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် ဗိုလ်ချုပ်အောင်ဆန်းသည် သခင်စိုး၊ သခင်သန်းထွန်းတို့နှင့်အတူ ဗမာပြည်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည့်အလျောက် ပဲခူးစံပြတပ်ရင်း အစည်းအဝေးပွဲသည် ဗမာပြည် ကွန်မြူနစ်ပါတီခေါင်းဆောင် သုံးဦး၏ ဖက်ဆစ်တော်လှန်ရေး အစည်းအဝေးဟုလည်း သတ်မှတ်နိုင်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့ကာကွယ်ရေး တပ်မတော်အကြီးအကဲအဖြစ် တက်ရောက်ခဲ့ပါက ဖက်ဆစ်တော်လှန်ရေးကို စတင်ရန် ဗမာ့တပ်မတော်နှင့် ဗမာပြည်ကွန်မြူနစ်ပါတီတို့၏ အစည်းအဝေးပွဲဟု ကောက်ချက်ပြုနိုင်သည်။ 
ဗိုလ်ချုပ်အောင်ဆန်းသည် ပဲခူးမြို့ စံပြတပ်ရင်းသို့ သခင်စိုးကို ခေါ်ယူရန် ဗိုလ်ကျော်ဇောကို တာဝန်ပေးခဲ့သည်။ သခင်သန်းထွန်းနှင့် ဆက်သွယ်ဆောင်ရွက်ရန် ပြောကြားခဲ့သည်။ ဗိုလ်ကျော်ဇောသည် ပဲခူးကို ကြီးမြင့်၊ ဒလဗိုလ်ထွန်းစိန်၊ ကိုဖေညွန့်၊ ကိုသောင်းအေး (ခေါ်)ကိုသန်းမြင့်တို့နှင့်အတူ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေးဒရဲမြို့သို့ သွားရောက်ခဲ့သည်။ ဗမာ့ကာကွယ်ရေး တပ်မတော် ဗိုလ်မှူးဖြစ်သူ ဗိုလ်ကျော်ဇောနှင့်အတူ ပဲခူးကိုကြီးမြင့်၊ ဒလဗိုလ်ထွန်းစိန်၊ ကိုဖေညွန့်နှင့် ကိုသောင်းအေး(ခေါ်) ကိုသန်းမြင့်တို့သည် ဗမာ့ကာကွယ်ရေး တပ်မတော် တပ်သားများအဖြစ် အသွင်ယူကာ ရန်ကုန်မြို့ ဗားကရာဆိပ်ကမ်းမှ မော်တော်ဖြင့် ခရီးထွက်ခဲ့ကြသည်။ မော်တော်မထွက်မီ ဗားကရာဆိပ်ကမ်းသို့ သခင်သန်းထွန်း ရောက်လာပြီး ဗိုလ်ကျော်ဇောနှင့် စကားပြောဆိုခဲ့သည်။ သခင်မြသွင်၏ စီစဉ်ပေးမှုဖြင့် ဒေးဒရဲမြို့မှ သခင်စိုး အခြေချရာ ဂွကလေးရွာသို့ မော်တော်ဖြင့် ခရီးဆက်ခဲ့ကြသည်။
ရန်ကုန်မြို့သို့ ရောက်ရှိသောအခါ သခင်စိုးသည် အလုံ ဧရာဝတီဝင်းထဲရှိ ဗိုလ်အောင်မင်း၏အိမ်တွင် ခေတ္တတည်းခိုခဲ့ပြီး၊ ရန်ကုန်မြို့မှ ပဲခူးမြို့သို့ မော်တော်ကားဖြင့် ခရီးဆက်ခဲ့သည်။ သခင်စိုးနှင့်အတူ ဗိုလ်အောင်မင်း၊ ပဲခူးကိုကြီးမြင့်တို့ လိုက်ပါခဲ့ပြီး ကိုကြီးမြင့်၏ညီ ကိုကျော်ဇင်က ကားမောင်းခဲ့သည်။ သခင်စိုးက ဗမာ့ကာကွယ်ရေး တပ်မတော်အရာခံဗိုလ်၊ ဗိုလ်အောင်မင်းက ဗိုလ်ကြီး၊ ပဲခူးကိုကြီးမြင့်က တပ်သားအဖြစ် အသွင်ယူ ဝတ်ဆင်ခဲ့သည်။ အစည်းအဝေးပွဲအပြီး၊ ပဲခူးမြို့မှ ဂွကလေးရွာ၊ ဒေးဒရဲမြို့သို့ အပြန်ခရီးတွင် သခင်စိုးသည် ကမ္ဘာအေးစေတီလမ်း (ယခုဆီဒိုးနားဟိုတယ်နေရာ) ရှိ သခင်နုအိမ်နှင့် ကန်ဘဲ့ရှိ ဗိုလ်မှူးလရောင်အိမ်တို့တွင် ခေတ္တတည်းခိုခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ပဲခူးမြို့သို့ ဇနီးသည် ဒေါ်ခင်ကြည်နှင့်အတူ စိတ်ပြေလက်ပျောက် အလည်အပတ် လာရောက်သည့် အသွင်ယူ လာရောက်ခဲ့ပြီး ရွှေမော်ဓောဘုရားလမ်းရှိ ခေတ်ဆန်းစားတော်ဆက်တွင် တည်းခိုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ဇနီးမောင်နှံတည်းခိုရေးကို ကိုထွန်းစိန်က စီစဉ်ပေးခဲ့သည်။ စံပြတပ်ရင်း အစည်းအဝေးရက်များတွင် သခင်စိုးသည် ဗိုလ်ကျော်ဇောအိမ်၌ တည်းခိုခဲ့ပြီး၊ ဗိုလ်ချုပ်အောင်ဆန်းသည် ပဲခူးမြို့ပေါ် ခေတ်ဆန်းစားတော်ဆက်တွင် တည်းခိုခဲ့သည်။ သခင်သန်းထွန်း တည်းခိုခဲ့သည့်နေရာကိုမူ မသိရှိကြပေ။ သခင်သန်းထွန်းသည် အစည်းအဝေးလုပ်မည့် ဗိုလ်ကျော်ဇောအိမ် အပေါ်ထပ်ကို နောက်ဖေးလှေကားမှ တစ်ယောက်တည်း တက်လာလေ့ ရှိသည်ဟု ကိုယ်တွေ့ပြောကြားချက် မှတ်တမ်းများအရ သိရှိရသည်။ ခေါင်းဆောင်ကြီး သုံးဦးအစည်းအဝေး ပြုလုပ်ခဲ့သည့် ဗိုလ်ကျော်ဇောအိမ်သည် ပဲခူး-သနပ်ပင် ကားလမ်း၏ တောင်ဘက်၊ ရွှေနံ့သာကျောင်းလမ်း (ပူစီဆေးလိပ်ရုံလမ်း)၊ ပူစီဆေးလိပ်ရုံ၏ မျက်နှာချင်းဆိုင်အိမ် ဖြစ်သည်။ စစ်ဝန်ကြီးရုံးသည် ၁၉၄၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် ပဲခူးမြို့ ဟင်္သာကုန်းရပ်၌ စံပြလေ့ကျင့်ရေးကျောင်းကို ဖွင့်လှစ်ခဲ့သည်။ ပဲခူးစံပြတပ်ရင်း၏ တပ်ရင်းမှူးမှာ ဗိုလ်ကျော်ဇောဖြစ်ပြီး၊ ဗိုလ်ဘသစ်မှာ ဒုတိယတပ်ရင်းမှူးဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် ဖက်ဆစ်ဂျပန်လူရိုင်းများကို မောင်းထုတ်ကြလော့ဟူသည့် စာတမ်းကို ဗိုလ်ချုပ်အောင်ဆန်းက မူကြမ်းပြုစုပြီး ခေါင်းဆောင်သုံးဦး ဆွေးနွေးအတည်ပြုခဲ့သည်။ ပဲခူးမြို့မှ သုံးမိုင်အကွာတွင် တည်ရှိသော ဘုရားသုံးဆူရွာတွင် ကိုအောင်ပု (ဗမာပြည်ကွန်မြူနစ်ပါတီတွင် ကျဆုံး) က သွားရိုက်ခဲ့ပြီး၊ အစည်းအဝေးအပြီးတွင် စာတမ်းကို သခင်သန်းထွန်းလက်သို့ ပေးအပ်ခဲ့သည်။ ယင်းစာတမ်းကို သခင်သန်းထွန်းက တာဝန်ယူလျက် ရန်ကုန်မြို့သို့ သယ်ဆောင်ဖြန့်ချိခဲ့သည်ဟု ကိုယ်တွေ့ပြောကြားချက် မှတ်တမ်းများအရ သိရှိရသည်။ ဖက်ဆစ်ဂျပန်လူရိုင်းများကို မောင်းထုတ်ကြလော့စာတမ်းသည် ဖက်ဆစ်တော်လှန်ရေးကို ပထမဆုံးအချက်ပေး ဆော်ဩလိုက်သည့် နိုင်ငံရေး ကြေညာချက်ပင်ဖြစ်သည်။
စံပြတပ်ရင်း ဗိုလ်ကျော်ဇောအိမ် အစည်းအဝေးတွင် လုံခြုံရေးအရ လွဲချော်မှုတစ်ခုခု ဖြစ်ခဲ့ပါက ခေါင်းဆောင်ကြီးသုံးဦးကို ခေါ်ထုတ်မည့် အစီအစဉ်များကိုလည်း တစ်ပါတည်း ချမှတ်ခဲ့သည်။ အကယ်၍ ဂျပန်တပ်များက သတင်းအရ ဝင်ရောက်လာလျှင် မွတ်တား (ခေါ်) ဒလကိုထွန်းစိန်က သခင်စိုးကိုလည်းကောင်း ကိုကြီးမြင့်က သခင်သန်းထွန်းကို လည်းကောင်း၊ ဗိုလ်ကျော်ဇောက ဗိုလ်ချုပ်အောင်ဆန်းကိုလည်းကောင်း၊ ဘေးကင်းရာသို့ ကယ်ထုတ်ရန် အသေးစိတ် ပြင်ဆင်ခဲ့ကြသည်။ ဗိုလ်လှမောင်၏ ကင်းတပ်စိတ်သည် အပြင်စည်းလုံခြုံရေးကို ရယူထားသည်။ ခေါင်းဆောင်ကြီးသုံးဦး လွတ်မြောက်ရေးအတွက် လိုအပ်ပါက ဗိုလ်ဘသစ်၊ ဗိုလ်လှမောင်နှင့် ရဲဘော်များအနေဖြင့် အသေခံတိုက်ပွဲဝင်ရန် အစီအစဉ်ချမှတ်ခဲ့သည်။    
အချုပ်အားဖြင့်ဆိုသော် ဖက်ဆစ်တော်လှန်ရေးသည် နှစ် ၇ဝ ပြည့်ပြီဖြစ်သည်။ ဗမာ့တပ်မတော်၊ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီတို့၏ သွေးစည်းညီညွတ်မှုဖြင့် ဖက်ဆစ်ဂျပန်ကို တော်လှန်မောင်းထုတ်နိုင်ခဲ့သည့် သမိုင်းစာမျက်နှာများကို ပြန်သုံးသပ်လျက် လက်ရှိမြန်မာ့နိုင်ငံရေး အပြောင်းအလဲ၏ ကောင်းရာကောင်းကျိုးအတွက် သင်ခန်းစာယူကြရမည် ဖြစ်သည်။ လွတ်လပ်ရေး တိုက်ပွဲကာလ ပဲခူးမြို့၊ စံပြတပ်ရင်းတွင် ကြီးသုံးကြီး တွေ့ဆုံဆွေးနွေးမှုသည် ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး အလံကို အမြင့်ဆုံးလွှင့်တင်နိုင်မည့် ပထမဆုံး ခြေလှမ်းဖြစ်ခဲ့သည်။ တိုင်းရင်းသားပြည်သူလူထု၏ ထောက်ခံမှုနှင့်အတူ၊ ဖက်ဆစ်တော်လှန်ရေးကို အပြီးသတ်ဆင်နွှဲရာတွင် ဗမာ့တပ်မတော်၊ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီတို့၏ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ခဲ့မှုကို စံနမူနာပြုလျက် မျက်မှောက်နိုင်ငံရေး အကျပ်အတည်းများနှင့် စိန်ခေါ်မှုများကို ဖြတ်ကျော်သင့်ပါကြောင်း မီးမောင်းထိုး တိုက်တွန်းဆော်ဩ လိုက်ရပါသည်။
 
ကိုးကား။         ။ကိုကြီးမြင့်၊ ဗိုလ်ဗသစ်တို့၏ ကိုယ်တွေ့ပြောကြားချက်များ၊ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောအတ္ထုပ္ပတ္တိ၊ အပိုင်း(၂)။
 

Most Read

Most Recent