အမုန်းတရားနှင့် အရှုံးသမား

အမုန်းတရားနှင့် အရှုံးသမား
Published 25 March 2015
ကိုသိန်း (ကျောက်ကြီး)

“ကျွန်မတို့က လူကိုတိုက်နေတာ မဟုတ်ဘူး။ မူကို တိုက်နေတာ။ သူတို့နဲ့ ရန်သူလည်း မဟုတ်ဘူး။ သူတို့ကို ချစ်လည်း မချစ်ဘူး။ မုန်းလည်း မမုန်းဘူး။ ဒါပေမဲ့ အဲဒီလို လုပ်မယ်လို့ မထင်ထားဘူး။ သူတို့က လူနာမည်တွေနဲ့ ရုပ်တွေကိုမှတ်ပြီး တိုက်တာ။ မူကိုတင် မဟုတ်ဘူး။ လူကိုပါ တိုက်တာလို့ မြင်မိပါတယ်” လို့ လက်ပံတန်း ပင်မကျောင်းသားသပိတ်ကို မတ်လ ၁ဝ ရက်က အင်အားသုံးဖြိုခွင်းခံရပြီး ရိုက်နှက်ဖမ်းဆီးခံရကာ မတ်လ ၁၂ ရက်မှာ ပြန်လည်လွတ်မြောက် လာခဲ့တဲ့ အရှေ့ပိုင်းတက္ကသိုလ် တတိယနှစ်ကျောင်းသူ မရည်မွန်အောင်က အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့တာ ဖတ်လိုက်ရပါတယ်။
ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးရဲ့ “လူကို တိုက်နေတာ မဟုတ်ဘူး။ မူကို တိုက်နေတာ” ဆိုတဲ့ စကားလုံးဟာ အလေးအနက်ထားဖို့ ကောင်းပါတယ်။ ဘယ်နယ်ပယ်တွေမှာပဲဖြစ်ဖြစ် လူတွေ ဘယ်လောက်ကောင်းကောင်း၊ မူဝါဒတွေ မကောင်းရင် နောက်ဆုံး လူတွေပါ စိတ်ဓာတ်တွေရော လုပ်ရပ်တွေပါ ပျက်သွားပြီး အများပြည်သူ အကျိုးစီးပွား ဆိုတာထက် မူဝါဒချမှတ်သူတွေလောက်သာ ကြီးပွားချမ်းသာနိုင်တဲ့ အခွင့်ထူးခံ လူတန်းစားအလွှာ တစ်ရပ်လောက်ကိုသာ အကျိုးပြုနိုင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေကိုကြည့်ရင် ထင်ထင်ရှားရှား မြင်တွေ့သုံးသပ်နိုင်ကြမှာ ဖြစ်ပါတယ်။ တပ်မတော်နဲ့ ပြည်သူဟာ တစ်ချိန်က တစ်သားတည်းဖြစ်ခဲ့ပေမယ့် တပ်မတော်ကို အခွင့်ထူးခံပေးထားတဲ့ ၂ဝဝ၈  ခုနှစ် အခြေခံဥပဒေကြောင့် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ အစိုးရနဲ့ ပြည်သူတွေ၊ အစိုးရနဲ့ နိုင်ငံရေးပါတီတွေအပြင် တပ်မတော်နဲ့ ပြည်သူတွေဟာ ယုံကြည်မှုတွေ ပျောက်ဆုံးပြီး နီးလျက်နဲ့ ဝေးနေကြရခြင်းပဲ ဖြစ်ပါတယ်။
ဒီနေ့ ဒီအချိန်အခါမှာ အရေးတကြီး လိုအပ်နေတဲ့ အမျိုးသားပြန်လည် ပေါင်းစည်းရေးရဲ့ အဓိကအချက်ဟာ တိုင်းရင်းသားပြည်သူ အများစုရဲ့ အကျိုးစီးပွားကို ရှေးရှုနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမျိုး ဖြစ်တည်လာမှသာ အကောင်အထည်ပေါ်မှာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ရင်ဆိုင်ခဲ့ကြရတဲ့ ဖွဲ့စည်းပုံ အကျပ်အတည်းတစ်ရပ်ကို မဖြေရှင်းနိုင်သေးသရွေ့ အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေဟာ နိုင်ငံတကာအမြင်မှာ နိုင်ငံရေးဂုဏ်သိက္ခာဆယ်တဲ့ သဘောမျိုးထက် မပိုနိုင်သေးဘဲ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် လမ်းကြောင်းမှန်ပေါ် ရောက်ရှိဖို့ လွယ်မယောင်နဲ့ ခက်နေကြဦးမှာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ခေတ်အဆက်ဆက် မှားယွင်းခဲ့တဲ့ နိုင်ငံရေးသဘောတရားတွေ၊ အုပ်ချုပ်စီမံခန့်ခွဲမှုတွေကြောင့် အစိုးရနဲ့ တိုင်းရင်းသားပြည်သူတွေအကြား ယုံကြည်မှုတွေ ပျောက်ဆုံးပြီး သံသယတွေ၊ အာဃာတတွေ၊ အမုန်းတရားတွေ၊ ရန်ငြိုးရန်စတွေ ဖြစ်ပွားခဲ့တာပါ။ နှစ်ပေါင်း ၆ဝ ကျော်သည့်တိုင် အဲဒီအမုန်းတရားတွေ၊ အာဃာတတွေ၊ ရန်ငြိုးရန်စတွေ၊ သံသယတွေအပေါ် အခြေခံထားတဲ့ အနေအထား တစ်ရပ်အပေါ်မှာ နိုင်ငံရေး အမြတ်ထုတ်လိုတဲ့ သဘောနဲ့ နေ့ချင်း၊ ညချင်း အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ယုံကြည်မှုပြန်လည် တည်ဆောက်ဖို့ ဆိုတာကတော့ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့နက် ဆိုသလိုမျိုး ဖြစ်နေဦးမှာပါ။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား၊ အစိုးရနဲ့ တိုင်းရင်းသားပြည်သူတွေအကြား တစ်ဦးနဲ့တစ်ဦး ဘယ်လောက် နားလည်ခွင့်လွှတ် လိုက်လျောပေးနိုင်မလဲဆိုတဲ့ အပေါ်မှာ မူတည်နေပါတယ်။ ဒါ့အပြင် ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေကို အသေကိုင်စွဲမထားဘဲ ပြည်တွင်းစစ်တွေ ငြိမ်းချမ်းအောင် ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပဋိပက္ခတွေကို ပြေလည်အောင် စစ်ဖက်-အရပ်ဘက် ဆက်ဆံရေး ပုံမှန်အနေအထားမျိုး ပြန်လည်ရောက်ရှိအောင် ဆောင်ကြဉ်းပေးနိုင်မှသာ အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းကြောင်းအမှန်ပေါ် ရောက်ရှိနိုင်မှာဖြစ်ပါတယ်။
မျက်မှောက်နိုင်ငံရေး အနေအထားတစ်ရပ်အရ ပြုပြင်ပြောင်းလဲရေးလုပ်ရန် လိုအပ်ကြောင်း လိုက်လျောခဲ့ကြရပေမယ့် ပြုပြင်ပြောင်းလဲလိုစိတ် နည်းပါးစွာ အကောင်အထည်ဖော်နေကြတဲ့ အာဏာပိုင် အဖွဲ့အစည်းများဟာ တစ်ချိန်က အတိုက်အခံသဖွယ်၊ ရန်သူသဖွယ် သတ်မှတ်ဆက်ဆံခဲ့တဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေအပေါ် အမုန်းတရားတွေ၊ သံသယတွေ၊ အာဃာတတွေ မဖျောက်ဖျက်နိုင်မှု၊ ပကတိဖြစ်ရပ်တွေအပေါ် အရှိအတိုင်း မမြင်ဘဲ မသိကျိုးကျွန်ပြုနေမှု၊ မိမိတို့ဘက်မှ လူကြီးလူကောင်းပီသစွာ အလျှော့မပေးလိုမှုတွေဟာ အပြောင်းအလဲဖြစ်စဉ်တစ်ရပ်ရဲ့ အဟန့်အတားများအဖြစ် ထင်ထင်ရှားရှား မြင်တွေ့နေရဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် တရားမျှတမှုမရှိဘဲ တစ်ဖက်သတ် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို အကာအကွယ်ယူပြီး သူတို့လုပ်သမျှ မှန်ကန်ကြောင်း အနေအထားတွေအဖြစ် ပြုမူဆောင်ရွက်နေခြင်း တွေဟာလည်း တိုင်းရင်းသား ပြည်သူတွေနဲ့ အစိုးရအကြားနားလည်မှု၊ ယုံကြည်မှုပျောက်ဆုံးပြီး အမုန်းတရားတွေ တိုးပွားစေတဲ့ လုပ်ရပ်တွေအဖြစ် ပြည်သူတွေက ရှုမြင်နေဆဲဖြစ်ပါတယ်။
အမှန်တကယ်တော့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းအမှန်ကို လျှောက်လှမ်းချင်တယ်ဆိုရင် တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မာန်မာနတွေ၊ အာဃာတတွေ၊ သံသယတွေ၊ ရန်ငြိုးရန်စတွေ၊ အမုန်းတရားတွေကို ပြေပျောက်နိုင်မှသာ လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းနိုင်ကြမှာ ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မာန်မာန၊ အာဃာတတွေ၊ သံသယတွေ၊ အမုန်းတရားတွေ ဆက်လက်ကိုင်စွဲထားပြီး အလျှော့အတင်း အပေးအယူ မလုပ်နိုင်သေးသမျှ ပြည်တွင်းပဋိပက္ခမျိုးစုံ အပါအဝင် မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ပြဋ္ဌာန်းပေးနိုင်မယ့် အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ အခြေခံဥပဒေ အကျပ်အတည်းကျော်လွှားရေး လုပ်ငန်းစဉ်တွေဟာ ပီပီပြင်ပြင် အကောင်အထည် ပေါ်လာဖို့ဆိုတာ အလှမ်းကွာဝေး နေဦးမှာဖြစ်သလို စည်းလုံးညီညွတ်ရေး စိတ်ဓာတ်တွေဟာလည်း အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲကာ နိုင်ငံနဲ့ ပြည်သူတွေဟာလည်း ကမ္ဘာ့အလယ်မှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့ ကျန်းမာရေးကအစ အဘက်ဘက်က ကျရှုံးပြီး အရှုံးသမားတွေအဖြစ် ကျင်လည်နေကြရဦးမှာ ဖြစ်ပါတယ်။
သို့ဖြစ်၍လည်း “ယခုဆို ၂၇ နှစ်ရှိလာပြီဖြစ်တဲ့ ဒီမိုကရေစီရုန်းကန်မှု ကာလအတွင်းမှာ ကျွန်မတို့တွေဟာ အာဏာပိုင်တွေရဲ့ ဖိနှိပ်မှုများစွာကို ခံခဲ့ရပါတယ်။ ယုံကြည်ချက်အပေါ် ရပ်တည်ပြီး မတရားတဲ့ ကိစ္စများကို မတရားကြောင်း ပြတ်ပြတ်သားသား ပြောဆိုရှုတ်ချခဲ့ပါတယ်။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု ဘာမှမလုပ်ခဲ့ပါဘူး။ လုပ်ဆောင်ချက်များကိုသာ အဓိကထားပြီး ပြောဆိုခဲ့ပါတယ်။ မတရားဖိနှိပ်ထိုးနှက် သူတွေကို မုန်းမိသွားရင် ကျွန်မတို့ ရှုံးပါပြီ။ အမုန်းစိတ်ဝင်တာနဲ့ အမှန်အမှား ခွဲခြားနိုင်ဖို့ ခက်သွားပါပြီ။ ဒေါသလွှမ်းမိုးသွားတဲ့ သဘောပါ။ မိမိ မနှစ်သက်၊ မလိုလားတဲ့ ပုဂ္ဂိုလ်၊ အရာတို့ကို အရှိအတိုင်း မမြင်နိုင်တော့ပါဘူး။ အရှိကို အရှိအတိုင်း မမြင်နိုင်တော့တဲ့ သူတွေဟာ ဘယ်လိုလုပ်ဆောင်နိုင်မှုအစစ် ရရှိနိုင်မှာလဲ” လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၉-၂-၂ဝ၁၅ ဒီလှိုင်းစာစောင်ပါ “ဒီစကား” ကို သတိရနေမိပါတယ်။
 

Most Read

Most Recent