ငြိမ်းချမ်းသာယာသော ကမ္ဘာကြီးကို မျှော်ကြည့်ခြင်း

ငြိမ်းချမ်းသာယာသော ကမ္ဘာကြီးကို မျှော်ကြည့်ခြင်း
Published 23 March 2015
သန်းထိုက် (သာကေတ)

လူသားများနေထိုင်ရာ ကမ္ဘာလောကသည် သုဂတိဘုံ ဖြစ်သည်။ သို့သော် ဒုက္ခလည်း ရှိသည်။ လူသားသည် မိမိနှစ်သက်ရာကို ရွေးချယ်ခံစားနိုင်သည်။ သုခဆိုသော ကောင်းကျိုးချမ်းသာ၊ ဒုက္ခဆိုသော ဆိုးကျိုးဆင်းရဲကို ရယူနိုင်ခွင့် ရှိသည်။ လူသားများ၏ အခြေခံစိတ်သည် ကြမ်းတမ်းသည်ဟု ဆိုရမည်။ လူသည် အတ္တကြီးသည်။ လူ့လောကကို ရောက်ရှိလာခြင်းသည် လောကီစည်းစိမ်ချမ်းသာကို အစွမ်းကုန် ရယူခံစားနိုင်ဖို့ဆိုသည့် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာသူက များသည်။ မပြောပလောက်သော အရေအတွက်ကသာ လောကကောင်းကျိုး၊ သံသရာကောင်းကျိုးကို မျှော်မှန်းကြသည်။လူသည် အတ္တကြီးသည်။ လိုချင်တပ်မက်မှုများသည်။ ထို့ကြောင့် လောဘကြီးသည်။ ထိုအတ္တနှင့် လောဘကြီးစိုးမှုကြောင့် ဒေါသနှင့် မောဟဆိုသော စိတ်များ ဖြစ်ပေါ်လာသည်။ ထိုလောဘ၊ ဒေါသနှင့် မောဟစိတ်ကြောင့် မကောင်းမှုများ ရက်စက်ယုတ်မာမှုများ ဖြစ်ပေါ်လာကြသည်။ မိမိရယူလိုသောအရာ၊ ဖြစ်ချင်သောအရာ၊ မြင်ချင်သောအရာသည် တရားသည်၊ မတရားသည်၊ မှန်ကန်သင့်မြတ်သည်၊ မမှန်ကန် မသင့်မြတ်ဆိုသည်ကို ခွဲခြားသိမြင်နိုင်စွမ်းမှာတော့ အားနည်းသူသာ များကြသည်။ထို့ကြောင့်လည်း ယနေ့လူ့ လောကတွင် မမှန်တရားများ ပျံ့နှံ့နေခြင်း၊ အားကောင်းနေခြင်း ဖြစ်သည်။လူတို့တွင်ရှိသော လောဘ(ရယူပိုင်ဆိုင်လိုစိတ်) ဒေါသ (အလိုမကျစိတ်၊ မခံချင်စိတ်၊ မနာလိုစိတ်) တို့ ထိတွေ့ဆက်ဆံမိသည့်အခါ ထိပ်တိုက်ရင်ဆိုင်မိသည့်အခါ အငြင်းပွားမှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ မုန်းတီးမှုတို့ ပေါ်ပေါက်လာကြသည်။ ထိုဖြစ်လာသော ပဋိပက္ခများသည် မိမိ၏ အမှားကြောင့်၊ အတ္တကြောင့်၊ အမှန်တရားကို သိမြင်နိုင်စွမ်း နိမ့်ကျမှုကြောင့်ဟု ကိုယ့် ကိုယ်ကိုယ် ပြန်လှန်ဆန်းစစ် ဝေဖန်နိုင်သူသည် လွန်စွာမှ ရှားလှသည်။     ယနေ့ ကမ္ဘာ့လူ့လောကကို လေ့လာကြည့်ရာတွင် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးအရ လွန်စွာဆူပွက်နေကြသည်ကို တွေ့ရသည်။ တစ်ယောက်ချင်း၊ တစ်ဖွဲ့ချင်း၊ လူမျိုးချင်း၊ ဘာသာချင်း၊ နိုင်ငံအချင်းချင်း အယူအဆရေးရာ၊ ဝါဒရေးရာ၊ အရှုံးအမြတ်ရေးရာတို့အတွက် ပြောဆိုရေးသား ထိတွေ့တိုက်ခိုက်နေကြသည်။ တည့်တည့်ရှင်းအောင် ပြောရလျှင် ရန်ထောင်၊ ရန်စောင်၊ ရန်ဖြစ်နေကြသည်။ အယူအဆဝါဒတူသူ၊ လူမျိုးတူသူ၊ ဘာသာတူသူ၊ ယဉ်ကျေးမှု နှင့် ပထဝီအနေအထားတူသူတို့က တစ်ဖက်၊ မတူသူတို့ကတစ်ဖက် ပဋိပက္ခဖြစ်နေကြသည်။ ပြိုင်ဆိုင် ရင်ဆိုင်နေကြသည်။ယနေ့ကမ္ဘာလူသားများ၊ လူမျိုးများ၊ နိုင်ငံများကြားတွင် ဖြစ်ပေါ်နေသော အငြင်းပွားမှု၊ ရက်စက်ကြမ်းကြုတ်မှုများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ပြီး ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများဖြစ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးနှင့် အခြားခေါင်းစဉ်အမျိုးမျိုး ဖွဲ့စည်းပြီး ဥပဒေများ၊ ပဋိညာဉ်စာတမ်းများ၊ သဘောထားများ၊ စံနှုန်းများဖြင့် ထိန်းညှိပေးရန် လုပ်နေကြသည်။ တိုက်ခိုက်နှိမ်နင်းနေကြသည်။ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်း၊ အုပ်စုများက ဥပဒေများ၊ ကျင့်ဝတ်များ ထုတ်ပြန်၍ ပြောဆိုလုပ်ကိုင်နေကြသော်လည်း ယနေ့ကမ္ဘာကြီးတွင် ပြဿနာများစွာ ဖြစ်နေကြသည်။ တစ်နေ့တခြား ပိုမိုများပြားလာသည်ကိုသာ တွေ့ရသည်။ယနေ့ ကမ္ဘာ့လူသားများ ရင်ဆိုင်နေရသော ခြိမ်းခြောက်ခံနေရသော အခြေအနေမှ လွတ်ကင်းအောင် ရေတိုနည်းဖြစ်သည့် တန်ပြန်တိုက်ခိုက်ခြင်း၊ ပိတ်ဆို့အရေးယူခြင်း၊ သတိပေးတားမြစ်ခြင်းသာ လုပ်နိုင်သည်ကို တွေ့ရသည်။ ရေရှည်အာမခံချက်ရှိသော နည်းလမ်းများကို ရှာမတွေ့ကြ၊ မလုပ်နိုင်ကြဟု ထင်မြင်မိသည်။ ယနေ့ လူ့အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခုကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ အုပ်ချုပ်ရန်အတွက် ဥပဒေဖြင့် ဆောင်ရွက်ကြသည်။ တရားဥပဒေစိုးမိုးရေး၊ တရားဥပဒေ သိရှိနိုင်ရေး၊ လူ့အခွင့်အရေး ထွန်းကားရေးတို့ကို လုပ်နေကြသည်။ တရားဥပဒေနှင့် တားဆီးကာကွယ်ရေးသည်သာ အထိရောက်ဆုံး အကောင်းဆုံးဟု ယူဆ၍ လုပ်နေကြခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် တရားဥပဒေဖြင့် ကမ္ဘာလောကကြီး သာယာအေးချမ်းအောင် လုပ်ဆောင်ခြင်းဖြစ်သည်။ကမ္ဘာလုံးဆိုင်ရာ ဥပဒေ၊ နိုင်ငံချင်းဆိုင်ရာဥပဒေ၊ လူသားချင်းဆိုင်ရာ ဥပဒေ၊ စံနှုန်းများထုတ်ပြန်၍ သဘောတူ၍ လူသားလောက အေးချမ်းသာယာအောင် ထိန်းသိမ်းကြ၊ တားဆီးကြ၊ အုပ်ချုပ်နေကြသော်လည်း တကယ့်လက်တွေ့ပြ ဿနာများ၊ အကြမ်းဖက်မှုများ၊ ရာဇဝတ်မှုများ၊ ရက်စက်ကြမ်းကြုတ်မှုများကား လျော့နည်း၍ မသွားကြပဲ ပိုများလာသည်ကို ယနေ့ခေါင်းဆောင်များကိုယ်တိုင် ထုတ်ဖော်ဝန်ခံလာရသည်။ ထို့ကြောင့် ယနေ့ ကမ္ဘာ့လူသားများ၏ လုပ်ရပ်များ၊ ကိုယ်ကျင့်သိက္ခာတရားများ၊ ခံယူချက်များ ကောင်းမွန်မှန်ကန်ပြီး မကောင်းမှုများ ရက်စက်ကြမ်းကြုတ်မှုများ လျော့နည်းပပျောက်စေရန် ဥပဒေစံနှုန်းများနှင့် ဆောင်ရွက်မှု၊ ကြိုးပမ်းမှု၏ ထိရောက်ခြင်း အခန်းကဏ္ဍကို ဆန်းစစ်ဝေဖန်ဖို့ လိုအပ်လာပြီဟု ယူဆမိသည်။ အခြားထိရောက်အကျိုးရှိနိုင်သည့် နည်းလမ်းများကို ရှာကြံသင့်သည်။ဥပဒေဆိုသည်မှာ လူသားတို့၏ ကျင့်ဝတ်များ၊ လုပ်ရပ်များ တရားမျှတမှန်ကန်အောင် ထိန်းညှိဆာင်ရွက်ပေးသည့်အရာ ဖြစ်သည်။ မကောင်းမှု၊ မတရားမှုတစ်ခု ပြုလုပ်ပါက ဘယ်လိုအပြစ်များခံစားရမည်ကို သတိပေးထားခြင်း ဖြစ်သည်။ သူများပစ္စည်းခိုးလျှင်၊ ရိုက်နှက်သတ်ဖြတ်လျှင်၊ ထိခိုက်နစ်နာစေလျှင် ဥပဒေအရ မည်သို့သော ပြစ်မှုပြစ်ဒဏ်ခံစားရမည်ကို ဖော်ထုတ်သတိပေးခြင်းဖြင့် လူ့လောက၊ လူ့အဖွဲ့အစည်းကို ထိန်းညှိစောင့်ရှောက်ခြင်း ဖြစ်သည်။ သို့သော် လူတို့သည် ထိုဥပဒေသတ်မှတ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်ခံရမည်ကို မသိကြ၍ မဟုတ်ဘဲ သိသိကြီးနှင့် မကောင်းမှုများကို လုပ်နေကြသည်။ ထိုသို့ဖြစ်ရခြင်းမှာ မိမိတို့၏ စိတ်ခံစားမှုများ လိုအင်ဆန္ဒများကို မလွန်ဆန်နိုင်၍ ဦးစားပေး၍ ဖြစ်ရသည်။ ဥပဒေထက် မိမိတို့၏ လောဘ၊ ဒေါသ၊ မောဟ စိတ်များ၏ လွှမ်းမိုးခြင်း၊ စေ့ဆော်တွန်းပို့ခြင်းကို ခံရခြင်းဖြစ်သည်။ ထို့ကြောင့် လူသားတို့၏ မကောင်းသောပြုမူမှုများ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် လူတို့၏ စိတ်ဓာတ်ခံယူချက်က ပို၍အရေးကြီးသည်၊ ပဓာနကျသည်ဟု ယူဆမိသည်။လူသားတို့၏ မကောင်းမှုလုပ်ရပ်များကို ကြိုတင်တားဆီး ကာကွယ်ရန်အတွက် ဥပဒေစံနှုန်းများ၏ ထိရောက်အတိုင်းအတာသည် မကောင်းမှုကို မလုပ်မိရန် လှုံ့ဆော်သော စိတ်ဓာတ်စွမ်းရည်၊ အသိဉာဏ်ပညာ၊ ကျင့်ဝတ်နီတိများလောက် ထိရောက်မှု ရှိ၊ မရှိကို သံသယပွားမိသည်။ သူတစ်ယောက်သည် ဘဝတစ်လျှောက်တွင် အကြောင်းတစ်ခုခုကြောင့် လောဘ၊ ဒေါသကြောင့် မကောင်းမှုတစ်ခုခုကို ကျူးလွန်ချင်စိတ်ဖြစ်ခဲ့ကြမည်သာ ဖြစ်သည်။ လူတိုင်းတွေ့ကြုံခံစားဖူးကြမည်သာ ဖြစ်သည်။ ယနေ့ အချိန်အခါအထိ ဥပဒေနှင့် ဆန့်ကျင်သော၊ လူ့အဖွဲ့အစည်းကို ထိခိုက်နစ်နာစေသော မကောင်းမှုကို မပြုဖူးသူများကို လေ့လာကြည့်သည်။ သူတို့အနေဖြင့် မည်ကဲ့သို့ ထိန်းသိမ်းစောင့်စည်းခဲ့သည်ကို စူးစမ်းခဲ့သည်။ သူတို့သည် ဘာသာတရား၊ ယဉ်ကျေးမှုနှင့် လောကနီတိများကြောင့် မကောင်းမှုကို ပြုလုပ်ရန် ရှက်ခြင်း၊ ကြောက်ခြင်းဆိုသော ဟီရိဩတ္တပ္ပကို လေးစားလိုက်နာခြင်းကြောင့်ဟု ဆိုကြသည်။သူတို့၏ ကိုယ်ကျင့်သိက္ခာတရားများသည် လူ့အဖွဲ့အစည်းအတွက် အရေးကြီးကြောင်း၊ လိုအပ်ကြောင်းကို ဂျေ-ဒဗလျူရှက်ပါ့ဒ်က ရေးသားခဲ့သည်။ စရဏတရားပွားများ ရှင်သန်စေရန် လေ့ကျင့်ပညာပေးရေးသည် လူ့အဖွဲ့အစည်းတိုင်းမှာ လက်တွေ့ပြဿနာတစ်ရပ်ဖြစ်သည်။ တစ်ဦးသောသူ၏ ဆန္ဒပြည့်ဝရေးတွင် အခြားသူများ၏ ကိုယ်စိတ်နှစ်ဖြာချမ်းသာရေးအား မထိခိုက်စေရန် ထိန်းသိမ်းရေးအတွက် လူမှုရေးဆိုင်ရာဥပဒေအချို့ကို လိုက်နာကြရမည် ဖြစ်သည်။ ထို့ပြင် ဒေါက်တာဆစ်ဒနီနယူတန်ဘရီးမားကလည်း ကိုယ်ကျင့်သိက္ခာ ချွတ်ခြုံကျခြင်းသည် ယနေ့ကမ္ဘာတွင် အဆိုးရွားဆုံးသော ဆင်းရဲမွဲတေမှုတစ်ခုပင် ဖြစ်သည်ဟု ရေးသားထားသည်။ ကမ္ဘာကြီးသည် မူနှင့် စည်းမျဉ်းရှိသော အမျိုးသား၊ အမျိုးသမီးများကို ငတ်မွတ်လျက်ရှိသည်ဟု ဆိုသည်။ယနေ့ကမ္ဘာကြီးမှာ ရှိနေသော လူသား၊ တိရစ္ဆာန်၊ သဘာဝတရားတို့သည် တည်ငြိမ်စွာ ရပ်တည်ရှင်သန်ရေးအတွက် အကြီးအကျယ်ခြိမ်းခြောက်ခံနေရသည်။ ထိုသို့ဖြစ်လာစေရန် ဖန်တီးသူမှာ လူသားတို့သာ ဖြစ်သည်။ လူသားတို့တွင်ရှိသော ပြင်းထန်သည့် လိုချင်တပ်မက်မှုလောဘမှ အခြေခံထားခြင်းဖြစ်သည်။ ထိုလိုချင်ရမ္မက်များကို စရဏတရားများနှင့် အချိန်မီထိန်းချုပ်နိုင်မှုမရှိ၍ ပေါက်ကွဲပြင်းထန်လာရာမှ ဒေါသ၊ မောဟတို့ကြီးစိုးပြီး ကမ္ဘာကြီး၏ ပျော်ရွှင်မှုနှင့် ငြိမ်းချမ်းမှုတို့ ပျက်စီးစေခြင်းဖြစ်သည်။ ထို့ကြောင့် စိတ်ခံစားမှုများကို ထိန်းချုပ်နိုင်ရန် လေ့ကျင့်ရမည်။ လေ့ကျင့်ပေးရမည်ဖြစ်သည်။ ရှိတ်စပီးယားက ပြောခဲ့သည်။ လူသားတို့၏ ဦးနှောက်က ဥပဒေများကို ပြုပေးနိုင်သည်။ သို့သော် ပြင်းထန်သော လူ့စိတ်တို့က အေးစက်သော ဥပဒေကို ခုန်ကျော်စမြဲဖြစ်သည်။ ကျွန်ုပ်တို့၏ နေ့စဉ်ဘဝမှာ စိတ်ကို အချိန်တိုင်း ချွန်းအုပ်ထားနိုင်ဖို့ အရည်အချင်း မရှိမဖြစ် လိုအပ်လာပါသည်။ယနေ့ကမ္ဘာလူသားများကို စောင့်ရှောက်မည့် တရားနှစ်ပါးရှိသည်။ ထိုကမ္ဘာစောင့်တရားနှစ်ပါးမှာ ဟီရိဩတ္တပ္ပဆိုသော မကောင်းမှုကို ပြုလုပ်ရမှာရှက်ခြင်း၊ မကောင်းမှုကို ပြုရမှာကြောက်ရွံ့ခြင်း တို့ဖြစ်သည်။ ထိုတရားနှစ်ပါး လူသားတိုင်းတွင်ရှိနေ၊ ကိန်းအောင်းနေလျှင် လူ့အဖွဲ့အစည်းအတွင်း၌ ရက်စက်ကြမ်းကြုတ်ခြင်း၊ အကြမ်းဖက်ခြင်း၊ အစွန်းရောက်ခြင်းများ လျော့နည်း ပျောက်ကွယ်သွားမည်ဖြစ်သည်။ ယနေ့ကမ္ဘာကြီးတွင် ဦးစားပေးလုပ် သင့်သည်မှာ လူသားတို့ဆိုင်ရာ ကျင့် ဝတ်နီတိများ၊ တန်ဖိုးထားတတ်မှုများ၊ သိရှိလိုက်နာကျင့်သုံးနိုင်ရေး ထွန်းကားအောင် လုပ်ခြင်းဖြစ်သည်။ တိုက်ခိုက်ချေမှုန်းခြင်း၊ တုံ့ပြန်အရေးယူခြင်း၊ ဥပဒေစံနှုန်းများ ပြဋ္ဌာန်းရုံမျှနှင့် ထာဝရငြိမ်းချမ်းသာယာသော ကမ္ဘာကြီးဖြစ်လာနိုင်မည် မဟုတ်ပါ။ ယနေ့ ပစ္စက္ခအခြေအနေများက သက်သေခံနေပါသည်။ယနေ့ကမ္ဘာကြီးတွင် လွန်ကဲပြင်းထန်သော လောဘ၊ ဒေါသ၊ မောဟတရားများကင်းစင်သည့် လူသားအရင်းအမြစ်များ ထူထောင်ဖို့ လိုအပ်နေပြီဖြစ်သည်။ မေတ္တာ၊ စေတနာ၊ ကရုဏာ၊ ကိုယ်ချင်းစာတရားနှင့် ဟီရိဩတ္တပ္ပဆိုသည့် လူသားဆိုင်ရာနီတိများ၊ စရဏတရားများကို ကိန်းအောင်းရန်လေ့ကျင့် ပျိုးထောင်ပေးဖို့ ကမ္ဘာကြီးကတောင်းဆို နေပြီဖြစ်သည်။ကမ္ဘာလောကကို ဦးဆောင်နေသူ၊ ပြုပြင်ဖန်တီးနေသူမှာ လူသားတို့ဖြစ်သည်။ လူသားတို့ကို ရှေ့ဆောင်လမ်းပြ ခေါ်ဆောင်နေသည်မှာ လူသား၏ စိတ်ခံစားမှုများဖြစ်သည်။ ကောင်းမွန်မြင့်မြတ်သော လူ့ကျင့်ဝတ်သိက္ခာတရားများ၊ စရဏကျင့်စဉ်များနှင့် ပြည့်စုံသော လူသား၏ စိတ်ဓာတ်စွမ်းရည်သည်သာ ကမ္ဘာကြီးကို အလုံးစုံငြိမ်းချမ်းသာယာ စေလိမ့်မည်ဖြစ်သည်ဟု ယုံကြည်မိသည်။ 

Most Read

Most Recent